ရန်ကုန်-ပြည်

November 12, 2017

ရန်ကုန်-ပြည် ကားလမ်းတွင် ယာဉ်မတော်ဆမှုဖြစ်၊ ၃ ဦးသေ

တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ အုန်းကုန်းကျေးရွာ အနီးရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် (၆၈/၃) မှာ နိုဝင်ဘာ ၁၂ ရက် မနက်ပိုင်းက ရပ်ထားတဲ့ ၂၂ ဘီးတွဲယာဉ်ကို CANTER ယာဉ်က အနောက်ကဝင်တိုက်မိလို့ ယာဉ်မောင်းအပါအဝင် ၃ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဥက္ကံနယ်မြေရဲစခန်းက သိရပါတယ်။ “ကျနော်တို့ ယာဉ်တိုက်မူဖြစ်တယ်လို့ သတင်းရလို့ သက်သေတွေနဲ့ အတူသွားစစ်ဆေးတော့ စက်ပျက်လို့ရပ်ထားတဲ့ ၂၂ ဘီးတွဲယာဉ်ကို CANTER ၆ ဘီးယာဉ်က အနောက်ကဝင်တိုက်ထားလို့ ကားခေါင်းပိုင်းတခုလုံး ချိုင့်ဝင်နေပြီး လူတွေပါညပ်နေတာကို တွေ့တယ်။ စစ်ဆေးကြည့်တော့ သေနေပြီး နောက်ကလူတွေလည်း ဒဏ်ရာရထားလို့ မနည်းဆွဲထုက်ရတယ်။ ဥက္ကံဆေးရုံကိုတော့ မေတ္တာရေစင်အဖွဲ့က ကားတွေနဲ့ပိုဆောင် ပေးခဲ့ပါတယ်။ အခင်းဖြစ်တဲ့နေရာကို စစ်ဆေးကြည့်တော့ တွဲကားကပျက်လို့ ကားလမ်းပေါ်မှာ ရပ်ထားတာ တခြားကားတွေကတော့ ရှောင်မောင်းသွားပေမယ့် ဒီကားက ဘရိတ်အုပ်ထားတဲ့ အရာလည်းမတွေ့ဘူး။ ဘေးကိုဆွဲချထားတဲ့ အရာလည်းမတွေ့ဘူး။ တည့်တည့်ဝင်တိုက်ထား တာဖြစ်မယ်” လို့ အမူစစ်ဒုရဲအုပ် မင်းသူက ပြောပါတယ်။ ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်း မြင့်ဇော်ဦးနဲ့ ယာဉ်မောင်းဘေးလိုက်ပါလာတဲ့ အမည်မသိအမျိုးသားတဦး၊ ယာဉ်နောက်ခန်းမှာလိုက်ပါလာတဲ့ ကိုသန်းစိုး တို့ သုံးဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး မသန္တာအေး၊ မစန်းစန်းအေး၊ ကိုကျော်စန်းနဲ့ ကိုအောင်ဝင်သိန်း တို့ ၄ ဦးကတော့ ဥက္ကံဆေးရုံမှာ ဆေးကုသမူခံယူနေရတယ်လို့ သိရပါတယ်။ ဥက္ကံနယ်မြေရဲစခန်းက ယာဉ်မောင်း မြင့်ဇော်ဦးကို ယာဉ်မဆင်မခြင် မောင်းနှင်ပြီး လူသေဆုံးစေမှု ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၄-က/၃၃၈ တို့နဲ့ အမူဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း-မေသွယ်
4 years Ago

October 21, 2017

ရန်ကုန်-ပြည် ကားလမ်းဘေးတွင် လက်ပစ်ဗုံးနှင့်ကျည်ဆန်များ တွေ့ရှိ

သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် ရန်ကုန်-ပြည်ကားလမ်းဘေး သင်တောရိုးကျေးရွာအုပ်စုမှာ ဒီနေ့မနက် ၁၀ နာရီက လက်ပစ်ဗုံးနဲ့ ကျည်ဆန်တွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ “ကားလမ်းဘေး ချုံထဲမှာ ကြွပ်ကြွပ်အိတ်နဲ့ထုပ်ထားတဲ့ အထုပ်တထုပ်တွေ့လို့ အမှိုက်ကောက်တဲ့ အမျိုးသမီးတဦးက သက်ဆိုင်ရာကို သတင်းပေးလို့ ကျနော်တို့ နဲ့ မြို့နယ်ရဲတပ်ဖွဲ့ရယ်တွေ သွားရောက်စစ်ဆေးတော့ ခြုံထဲမှာ အနက်ရောင်ကြွပ်ကြွပ်အိပ်တလုံး တွေ့တယ်။ ဖွင့်ပြီးစစ်ဆေးတော့ လက်ပစ်ဗုံးနဲ့ ကျည်ဆန်တွေကို တွေ့တယ်။ အမျိုးအစားတော့ ကျနော်တို့ မသိဘူး။ လက်ပစ်ဗုံးကတလုံး၊ ကျည်ဆန်က ခန့်မှန်းခြေ အတောင့် ၁၅၀ လောက်ရှိမယ်။ အကုန်လုံးကိုတော့ သာယာဝတီမြို့မရဲစခန်းက သိမ်းဆည်းသွားပါတယ်။ ကြည့်ရတာတော့ လာပြီးပစ်သွားတာဖြစ်နိုင်ပါတယ်” လို့ သင်တောရိုးကျေးရွာ အုပ်ချူပ်ရေးမှူး ဦးမင်ဇော်ဦး ပြောပါတယ်။ သာယာဝတီမြို့မရဲစခန်းကို ဒီဗွီဘီသတင်းဌာနက ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်လို့ မရခဲ့ပါဘူး။ သတင်း-မေသွယ်
4 years Ago
Up