ရန်ကုန်-မန္တလေး လမ်းဟောင်းတွင်

August 30, 2018

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ပေ ၂၀ တံတားတစင်း ကျိုးကျ

ရန်ကုန်-မန္တလေး လမ်းအဟောင်း မိုင်တိုင် ၁၉၉ အနီးရှိ ပေ ၂၀ တံတားဟာ ရေတိုက်စားပြီး  ဒီနေ့မနက်ပိုင်းက ကျိုးကျသွားတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ မန္တလေးဘက်ခြမ်း ပေ ၃၀ လောက် လမ်းသား ကျိုးကျသွားတာဖြစ်ပြီး ဒီနေ့လယ်ပိုင်းမှာ မော်တော်ကားတွေ ပြန်လည်ဖြတ်သန်းနိုင်ဖို့ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့လည်း ဆောက်လုပ်ရေးသတင်းမှာ ဖော်ပြထားပါတယ်။ Oriental Highway ကုမ္ပဏီ က BOT စနစ်နဲ့ တာဝန်ယူဆောင်ရွက်နေတဲ့အပိုင်းမှာ တံတားကျိုးကျသွားတာဖြစ်လို့  ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြီးကြပ်ပြီး သက်ဆိုင်ရာ BOT ကုမ္ပဏီက ဝန်ထမ်းတွေ၊ တာဝန်ရှိသူတွေ၊ တပ်မတော်သားတွေ  ဒေသအာဏာပိုင်တွေ ပူးပေါင်းပြီး အမြန်ပြန်လည်ဆောင်ရွက်နေကြပါတယ်။ ဒီနေ့ညပိုင်းမှာ ကားကြီးတွေ ပြန်လည်ဖြတ်သန်းမောင်းနှင်နိုင်ဖို့ ကြိုးပမ်း လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ Photo : Ministry of Construction
3 years Ago

November 23, 2017

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ကင်တာကားနောက်ပိုင်း ၁၂ ဘီးကား ဝင်တိုက်၊ ၁ ဦး သေဆုံး

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၆၉/၃ နဲ့ ၄ အကြား နိုဝင်ဘာလ ၂၃ ရက်မနက်မှာ ကင်တာကားနောက်ပိုင်းကို ၁၂ ဘီးကားမှဝင်တိုက်မိရာ ၁ ဦးသေဆုံးတယ်လို့ ရွှေတောင်ရွာရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။ ဖြစ်စဉ်မှာ ကျောက်ပန်းတောင်မြို့ အောင်မင်္ဂရပ်ကွက်နေ ဦးအောင်ရှင်း မောင်းတဲ့ကင်တာ ကား နောက်ပိုင်းဝဲဘက်ခြမ်းကို ဓနုဖြူမြို့နယ် ရုံးချောင်းရွာနေ ကိုကျော်သူမောင်းတဲ့ ၁၂ ဘီးကားက ကျော်တက်စဉ် ၀င်ရောက်တိုက်မိတာကြောင့် ကိုကျော်သူနေရာတင်သေဆုံးခဲ့တာပါ။ ရွှေတောင်ရွာရဲစခန်းစခန်းမှူးက “ကားနှစ်စီးလုံး မန္တလေးဘက်ကို မောင်းနေကြတယ်။ လားရာတူ မောင်းနေကြတယ်။ အရှိန်ပြင်းလွန်းတယ်။ အတိုက်ခံရတဲ့ကားက လမ်းဘယ်ဘက်ထဲ ကျတယ်။ တိုက်တဲ့ကားက ညာဘက်အတော်ဝေးဝေး ရောက်သွားတယ်။ ၁၂ဘီးယာဉ်မောင်း ကိုကျော်သူ နဖူးပေါက်၊ ဝှေးစေ့ကွဲ၊ မေးစေ့၊ ယာဒူး၊ ခြေသလုံးတို့ ပွန်းပဲ့တယ်။ အခင်းဖြစ်နေရာ မှာပဲ သေဆုံးတယ်။ ဝမ်းတွင်းဆေးရုံ ပို့ပေးရတယ်”လို့ပြောပါတယ်။ ဒေသခံကိုထွန်းထွန်းက “ရန်မန်းလမ်းဟောင်းမှာ ကုန်ကားတွေက စလွန်းကားထက် ပိုမြန်အောင် မောင်းနေကြတယ်။ အခုလည်း ကင်တာကားနောက်ပိုင်းတိုက်ပြီး ခပ်ဝေးဝေးက တမာပင်ကို ထပ်တိုက်တယ်။ စပယ်ယာက ခေါင်းခန်းက အိပ်စင်မှာ အိပ်ပျော်နေလို့ ဘာမှ မဖြစ်လိုက်ဖူး ကီလိုသတ်မှတ်ချက်တွေ ရှိပါရက်နဲ့ ကားတွေက ကောင်းတော့ တအားမောင်းကြတယ်” လို့ပြောပါတယ်။ ရွှေတောင်ရွာရဲစခန်းက ၁၂ ဘီးယာဉ်မောင်း ကိုကျော်သူကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ရာဇသတ်ကြီးပုဒ်မ ၃၀၄-က၊ အမှုအမှတ်ယာဉ်(ပ)၃၂/၂၀၁၇ နဲ့ အရေးယူထားတယ် လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
3 years Ago
Up