ရန်ကုန်-မန္တလေး

December 31, 2017

ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တွင် ဘုရားဖူးယာဉ်တစီး မီးလောင်

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်-၉၉/၃ အနီးမှာ ဒီနေ့မနက်ပိုင်းက ခရီးသည်တင် ယာဉ်တစီး မီးလောင်ကျွမ်းတယ်လို့ မြို့ချောင်းအမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။ “ကားက ရန်ကုန်ဘက်ကလာတာ။ အပူချိန်များပြီးလောင်တဲ့ သဘောပဲ။ နားနားပြီးမောင်းလာတာလို့ ပြောတယ်။ ယာဉ်ပေါ်မှာတော့ ခရီးသည် ၄၀ နီးပါးပါတယ်။ အသေအပျောက်နဲ့ ဒဏ်ရာရတာတော့ မရှိပါဘူး။ ယာဉ်မောင်းကိုတော့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေပါတယ်” လို့ မြို့ချောင်းအမြန်လမ်းမကြီး ရဲတပ်ဖွဲစခန်း ဝန်ရှိသူတဦး ပြောပါတယ်။ ဖြစ်စဉ်မှာ ရန်ကုန်မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၉/၃ နဲ့ ၉၉/၄ အကြားမှာ ရန်ကုန်ကနေ ပုဂံဘက်ကို ယာဉ်မောင်းမင်းမင်း မောင်းနှင်လာတဲ့ ဘုရားဖူးယာဉ်မှာ အင်ဂျင်ခန်းက ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရတာ ဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုကြောင့် ယာဉ်ပေါ်မှာ ပါလာတဲ့ သံဃာ ၄ ပါး၊ ကျား ၁၇ ဦး၊ မ ၁၉ ဦး စုစုပေါင်း ၄၀ ဦးမှာ ထိခိုက်မှုမရှိခဲ့ပေမယ့် ယာဉ်တစီးလုံး မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုး ကျပ်သိန်း ၂၀၀ ဖိုးလောက် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ မြို့ချောင်းအမြန်လမ်းမကြီး ရဲစခန်းက ယာဉ်မောင်းကို ယာဉ်ကြံ့ခိုင်မှုကို စစ်ဆေးခြင်းမရှိဘဲ မောင်းနှင်ခဲ့လို့ ယာဉ်မဆင်မခြင်မောင်းနှင်မှု/မီးပေါ့ဆမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၇၉/၂၅၈ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။ သတင်း ကျော်အောင်(ကညွတ်ကွင်း)
5 years Ago

September 7, 2017

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ဆိုင်ကယ်မှောက်၊ ဆည်မြောင်းဒုဦးစီး သေဆုံး

မန္တလေးတိုင်းဒေသကြီး ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် ၂၉၆/၀ နှင့် ၁ အကြား ဒီနေ့ နေ့လယ် ၁၂ နာရီလောက်က ဆိုင်ကယ် တိမ်းမှောက်လို့ ဆည်မြောင်းဒုဦးစီး သေဆုံးပြီး ရဲဒုတပ်ကြပ် ဒဏ်ရာရခဲ့ပါတယ်။ မလှိုင်ဆည်မြောင်းဌာနက ဒုဦးစီး ဦးမြမင်း မောင်းနှင်ပြီး ရဲဒုတပ်ကြပ် သက်နောင်ထွန်း လိုက်ပါလာတဲ့ဆိုင်ကယ်ဟာ လမ်းချော် စလစ်ဖြစ် တိမ်းမှောက်ခဲ့တာဖြစ်ပြီး ဦးမြမင်း နေရာတင် သေဆုံးကာ ရဲဒုတပ်ကြပ် သက်နောင်ထွန်း ဒဏ်ရာရခဲ့တာလို့ သီးကုန်းအမြန်လမ်း ရဲစခန်းက ပြောပါတယ်။ ရဲအုပ်ဇော်လိုင်မြင့်က “သီးကုန်းအမြန်လမ်း စခန်းမှူးနဲ့တပ်ဖွဲ့ဝင်တွေ မီးသတ်နဲ့ ကျန်းမာရေးအဖွဲ့တွေ သွားခဲ့တယ်၊ ဒုဦးစီး ဦးမြမင်း ခေါင်းနောက်စေ့ပေါက်တယ်၊ နှာခေါင်းသွေးထွက်တယ်၊ နေရာတင် သေဆုံးပါတယ်၊ ရဲဒုတပ်ကြပ် သက်နောင်ထွန်း ဒဏ်ရာပြင်းတယ် စိုးရိမ်ရတယ်၊ မိတ္ထီလာဆေးရုံ ပို့ပေးရတယ် ဆိုင်ကယ်က အရှိန်ပြင်းပြင်း မောင်းလာတာ ဖြစ်မယ်ဗျ” လို့ ပြောပါတယ်။ သီးကုန်းအမြန်လမ်း ရဲစခန်းက ဒုဦးစီး ဦးမြမင်းကို ယာဉ်မဆင်မခြင်မောင်းလို့ လူသေဆုံးမှု ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ-၃၀၄-က/၃၃၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)
6 years Ago
More News
Up