ရန်ကုန်မြို့ ရေကြီး (ဓာတ်ပုံ)

June 28, 2015

ရေကြီးရေလျှံမှုကြောင့် သံတွဲမြို့ စာသင်ကျောင်းများပိတ်၊ လျှပ်စစ်မီးပြတ်တောက်

ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ မိုးဆက်တိုက်ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် လျှပ်စစ်ဓာတ်အားပြတ်တောက်ကာ အဝေးပြေးကားလိုင်းတွေ၊ ရုံးတွေနဲ့ စာသင်ကျောင်းတွေလည်း ပိတ်ထားခဲ့ရပါတယ်။ သံတွဲဒေသခံ ဦးသိန်းဇံက “မီးပြတ်နေတာက ရေမကြီးခင် ၁ ရက်လောက်ကတည်းက ပျက်နေတာပါ။ သံတွဲမှာက ရေကြီးရင် ရေကြီးပြီးတာနဲ့ ရွှံ့တွေ၊ နုန်းတွေတင်ကျန်နေခဲ့တော့ ဈေးတွေ၊ ကျောင်းတွေရုံးတွေ အကုန်ပိတ် ထားရတယ်” လို့ ပြောပါတယ်။ ရေကြီးရေလျှံဖြစ်မှုကြောင့် လျှပ်စစ်ဓာတ်အားလိုင်းတွေ ၃ ရက်ဆက်တိုက် ပြတ်တောက်ခဲ့သလို သံတွဲ-ရန်ကုန် အဝေးပြေးကားလိုင်း ခရီးစဉ်တွေလည်း ဖျက်သိမ်းထားပါတယ်။ သံတွဲမြို့၊ အောင်သစ္စာ အဝေးပြေးကားဂိတ်မှ ဦးမောင်မောင်က “ရေကြီးရေလျှံမှု တွေ ဖြစ်တဲ့အတွက် ကျနော်တို့ သံတွဲ-ရန်ကုန် အဝေးပြေးခရီးစဉ်တွေ ဖျက်ထားတာ သုံးရက်လောက်ရှိပြီ။ သံတွဲကနေ ၂၇ မိုင်အကွာ ပုစွန်ဖြေရွာနဲ့ ကြေးပင်ရွာကြားမှာ တံတားနှစ်စင်းပျက်နေတော့ သွားလို့မရဘူး။ မီးကလည်း ခုထိတမြို့လုံး ပျက်နေတုန်းပဲ” လို့ ပြောပါတယ်။ ရေကြီးရေလျှံဖြစ်မှုကြောင့် အသေအပျောက်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ပေမယ့် သံတွဲမြို့နယ်၊ ရဲတပ်ဖွဲ့ ရဲအုပ် ဦးအောင်နိုင်ကတော့ အခုချိန်ထိ အသေအပျောက်သတင်း မရသေးဘူးလို့ ပြောပါတယ်။ “သံတွဲမြို့နယ်အနေနဲ့ အသေအပျောက်တော့ ကျနော်တို့ ခုထိသတင်းမရသေးပါဘူး။ ပြီးခဲ့တဲ့ရက်တွေက ရေကြီးတဲ့အတွက် ကယ်ဆယ်ရေးစခန်းတွေအနေနဲ့ အမှတ် ၄ ရပ်ကွက်အ တွက် ဆံတော်တောင်ခြေစခန်း၊ အမှတ် ၆ ရပ်ကွက်အတွက် မဟာဗောဓိဘုန်းကြီးကျောင်းစခန်း၊ အမှတ် ၇ ရပ်ကွက်အတွက် မြို့တော်ဦး ဘုန်းကြီးကျောင်းစခန်းနဲ့ မြို့သစ်ရပ်ကွက်အတွက် အံ တော်ဘုန်းကြီးကျောင်းစခန်းတွေမှာ ယာယီရွှေ့ပြောင်းထားခဲ့ရတယ်။ ဒီနေ့ကတော့ ရေကျသွား ပါပြီ” လို့ပြောပါတယ်။ မိုးသည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းမှုကြောင့် ရခိုင်ရိုးမတောင်ကျချောင်းရေတွေ က မြို့ထဲကို စီးဝင်လို့ သံတွဲမြို့ဟာ နှစ်စဉ်နှစ်တိုင်း ရေကြီးရေလျှံလေ့ရှိပါတယ်။ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၂၄ ရက် မိုးကြီးမယ့်သတိပေးချက် ထုတ်ပြန်ပြီးနောက် မိုးဆက်တိုက်ရွာသွန်းခဲ့ပြီး ခုလို ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့တာပါ။ ဓာတ်ပုံ - ရခိုင်လူမှုကွန်ရက် သံတွဲကမ်းခြေ  
6 years Ago

June 27, 2015

ရခိုင်တွင် မိုးသည်းထန် မြေပြို၊ သတိထားသွားကြရန် အစိုးရနှိုးဆော်

ရခိုင်ပြည်နယ်အတွင်း မိုးကြီးပြီး မြေပြိုတာကြောင့် လမ်းပိတ်ဆို့မှုတွေ ရှိနေပြီး အခုရက်ပိုင်း သတိထားသွားလာကြဖို့ ပြည်နယ်အစိုးရက သတိပေးနှိုးဆော်ထားပါတယ်။ ပြည်နယ်အတွင်း ၂ နေရာလောက်မှာ မိုးကြီးလို့ မြေပြိုပြီး လမ်းပိတ်ဆို့နေတာ ရှိနေတယ်လို့ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။ “ကျနော် မနက်က နောက်ဆုံးအချိန်အထိ ဆက်သွယ်ထားရသလောက်တော့ ကယ်ဆယ်ရေးစခန်းဖွင့်ပြီး လုပ်ရတဲ့ပုံစံတော့ မရှိဘူး၊ မင်းဘူးဘက်က ရခိုင်ဘက်လာတဲ့လမ်းမှာ လမ်းပြိုပြီး လမ်းပိတ်နေတာ ရှိပါတယ်။ လမ်း ၄ နေရာလောက်ပိတ်နေလို့ အဲ့ဒီနေရာတွေမှာ ဘေလီတံတားထိုးပြီး ပြင်ရမယ့်အပိုင်း ရှိပါတယ်။ နောက်တခါ ကျောက်တော်နဲ့ မြောက်ဦးဘက်လာတဲ့ လမ်းဘက်မှာလည်း မြေပြိုတာတွေ ရှိတယ်။” မိုးများပြီး ချောင်းမြောင်းတွေ ရေမြင့်တက်လာလို့ ကားလမ်းထိပ်ထိ ရေထိုးလာတာမျိုးတွေ ဖြစ်ပေါ်နေတယ်လို့လည်း ပြောပါတယ်။ ပြည်နယ်အတွင်း ကျောက်တော်၊ သံတွဲ၊ တောင်ကုတ် စတဲ့ မြို့တွေရဲ့ အနိမ့်ပိုင်းရပ်ကွက်တွေမှာ  ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ မိုးလေ၀သဌာနက ပြီးခဲ့တဲ့ ၃ ရက်လောက်ကစပြီး ရခိုင်နဲ့ တနင်္သာရီ အပါအ၀င် ပြည်နယ်တိုင်းတချို့မှာ မိုးကြီးပြီး ရေကြီးနိုင်တယ်၊ မြေပြိုမှုတွေ ဖြစ်ပွားနိုင်တယ်လို့ အသိပေးကြေညာခဲ့ပါတယ်။ အဲ့ဒီလို အသိပေးကြေညာခဲ့ပြီးတဲ့နောက် နိုင်ငံအနှံ့ မိုးရွာသွန်းခဲ့ပြီး ဒေသအလိုက် မိုးကြီးခဲ့ပါတယ်။ အဲ့ဒီနောက် ရခိုင်နဲ့ တနင်္သာရီ၊ ထားဝယ်ဘက်တို့မှာ ရေကြီး ရေဖုံးလွှမ်းတာနဲ့ မြေပြိုမှု ဖြစ်ပွားတဲ့သတင်းတွေ ဆက်တိုက် ထွက်ပေါ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ မိုးလေ၀သဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ရခိုင်မှာ နောက် ၃ ရက်၊ တနင်္သာရီမှာ နောက် ၅ ရက်လောက်ထိ မိုးကြီးနိုင်သေးတယ်လို့ ခန့်မှန်းပြောပါတယ်။ “မုတ်သုံက ခုချိန်ထိကို အားအလွန်ကောင်းနေသေးတယ်။ ရခိုင်ရော၊ တနင်္သာရီရော အားအလွန်ကောင်းနေသေးတယ်။ နောက် နှစ်ရက်သုံးရက်လောက်နေမှ ရခိုင်ဘက်က နည်းနည်းလေး ကျသွားမယ်၊ ဒါပေမယ့် တနင်္သာရီဘက်မှာတော့ နောက်ထပ် ငါးရက်ခြောက်ရက်လောက်ထိ အားကောင်းနိုင်တဲ့ အနေအထား ရှိပါသေးတယ်ဗျ။” သံတွဲမြို့ ရေကြီးနေစဉ်  
6 years Ago
More News
Up