ရန်ကုန်မြို့တော်ဝန်

March 1, 2019

ပလတ်စတစ်သုံးစွဲမှု လျှော့ချရန် ရန်ကုန်တွင် အမှိုက်ပုံးများအရောင်ခွဲချထားမည်

ပလတ်စတစ်သုံးစွဲမှု လျှော့ချဖို့အတွက် ရန်ကုန်မြို့က ကုန်တိုက်တွေနဲ့ လူသွားလာများတဲ့ နေရာတွေမှာ ပလတ်စတစ်၊ သံတ္တု၊ စားကြွင်းစားကျန်တွေကို အမှိုက်ပုံးတွေ အရောင်တွေနဲ့ခွဲပြီး ချထားပေးမယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဖေဖော်ဝါရီ ၂၈ ရက်က ပလတ်စတစ် သုံးစွဲမှု လျော့ပါးစေရေး အဆိုနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေအပေါ် ပြန်လည်ဆွေးနွေးရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။ မြို့တော်ဝန် ဦးမောင်မောင်စိုးက “ကုန်တိုက်တွေ၊ ဈေးတွေ၊ စတဲ့ လူသွားလူလာများတဲ့ နေရာတွေမှာ ပလတ်စတစ်၊ ဖန်ပုလင်း၊ ဖော့ဘူး စတာတွေကို အရောင်တွေခွဲပြီး အမှိုက်ပုံးတွေချဖို့ စီမံချက်ထား ဆောင်ရွက်နေပါတယ်။ ဒါပလတ်စတစ်ကို ခွဲခြားဖို့ပါ။ ပြည်သူလူထုကို အသိပညာပေးဖို့လည်း ဆက်လက်ဆောင်ရွက်နေပါတယ်။ ရန်ပုံငွေ လိုအပ်ချက်ရှိရင်လည်း တိုင်းအစိုးရကို တင်ပြတောင်းခံသွားမှာပါ” လို့ ပြောပါတယ်။ ဒါ့အပြင် ပလတ်စတစ်ကနေ စွမ်းအင်ပြန်ထုတ်နိုင်ဖို့ လှိုင်သာယာမြို့နယ်က ထိန်ပင်အမှိုက်ပုံမှာ စတင် ဆောင်ရွက်နေတယ်လို့လည်း မြို့တော်ဝန်က ပြောပါတယ်။  
3 years Ago

August 15, 2016

နေရာဦးပြီး အငှားပြန်ချသည့် လမ်းဘေးဈေးသည်များကို အရေးယူတော့မည်

နေရာဦးပြီး အငှားပြန်ချတဲ့  လမ်းဘေးဈေးသည်တွေနဲ့ ဆိုင်ကြီးတွေအနေနဲ့ ရောင်းချတဲ့ လမ်းဘေးဈေးသည်တွေကို  အရေးယူတာတွေ လုပ်တော့မယ်လို့  ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။ ရန်ကုန်မြို့တွင်းက  လမ်းဘေးဈေးသည်တွေထဲမှာ နေရာဦးပြီး အငှားပြန်ချသူတွေနဲ့ ဆိုင်ကြီးတွေအနေနဲ့ ရောင်းချတဲ့ လမ်းဘေးဈေးသည်တွေ များပြားနေတဲ့အတွက် အခုလိုအရေးယူဖို့ စီစဉ်တာပါ။ ဒါပေမယ့်ခေါင်းရွက်ဗျက်ထိုး အနေနဲ့ရောင်းချတဲ့ ဈေးသည်လေးတွေအတွက်ကိုတော့  သီးခြားနေရာစီစဉ်နေတယ်လို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက ပြောပါတယ်။ ဒါ့အပြင် ဆိုင်ကြီးတွေနဲ့ရောင်းတဲ့သူတွေကိုအရေးမယူဘဲ  ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေကို အရေးယူတဲ့  စည်ပင်ဝန်ထမ်းတွေကိုလည်း အရေးယူသွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် လမ်းဘေးဈေးသည်အားလုံးကို ဖယ်ရှားအရေးယူတာထက် သီးခြားနေရာစီစဉ်ပေးရင် ပိုမိုသင့်တော်မယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တဦးက သုံးသပ်ပါတယ်။ ဒီလိုအရေးယူဆောင်ရွက်တာတွေကို သြဂုတ်လ ၁၄ ရက်နေ့ကစပြီး ဆောင်ရွက်နေပြီလို့ ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။
5 years Ago
Up