ရန်ကုန်လေဆိပ်တွင် မလေးရှားသို့ပို့မည့် စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းမိ

August 16, 2018

ရန်ကုန်လေဆိပ်တွင် မလေးရှားသို့ပို့မည့် စိတ်ကြွမူးယစ်ဆေးဝါးများ ဖမ်းမိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မလေးရှားကိုသွားမယ့် ခရီးသည်ထံကနေ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဌာန သတင်းအရ သိရပါတယ်။ သြဂုတ် ၁၄ ရက် ည ၁၀နာရီခွဲက ရန်ကုန်လေဆိပ်မှ မူးယစ်တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ပြည်ပထွက်ခွာဆောင် Terminal -1 မှာ မလေးရှားလေကြောင်းလိုင်းနဲ့  မလေးရှားနိုင်ငံကို လိုက်ပါမယ့် ခရီးသည်အောင်မျိုးမင်း(ခ) ငမင်းရဲ့ ပါဆယ်ထုပ်ကို X-Ray စက်ဖြတ်သန်းစဉ် မသင်္ကာလို့ စစ်ဆေးရာက တွေ့ရှိခဲ့တာပါ။ အောင်မျိုးမင်း(ခ)ငမင်းနဲ့ ပါဆယ်ထုပ်ထည့်ပေးသူ မမြမြဝင်းတို့ကို ခေါ်ဆောင် ဖွင့်ဖောက်စစ်ဆေးရာမှာ အိတ်ထဲမှာ မိန်းမစီးကတ္တီပါဖိနပ် အရံ ၄၀ နဲ့ ပါတိတ်အထည် ၂၀ တွေ့ရှိရပြီး ဖိနပ် ၁၁ ရံရဲ့ အံဝှက်ပြုလုပ်ထားတဲ့ ဖိနပ်ခွာတွေထဲကနေ ပလတ်စတစ် ကပ်ခွာအိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၂၀၀ ပြား သိမ်းဆည်းရမိခဲ့ပါတယ်။ မမြမြဝင်းဟာ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ခင်မာလာ(ခ)မော်လီမှတစ်ဆင့် ဆက်သွယ်ပြီး ခရီးသည် အောင်မျိုးမင်း(ခ)ငမင်းနဲ့ အတူ မလေးရှားနိုင်ငံကို ထည့်ပေးတာလို့ ဆိုပါတယ်။ ဖမ်းဆီးရမိတဲ့ မမြမြဝင်း(၅၂)နှစ်၊ ခင်မာလာ (ခ)မော်လီ(၄၁)နှစ်နဲ့ အောင်မျိုးမင်း (၃၀) နှစ်တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ-MOI
3 years Ago
Up