ရန်ကုန်ယူနိုက်တက်

September 20, 2018

ရန်ကုန်ယူနိုက်တက် ချန်ပီယံဆုဖလား ၂ လုံးရယူရန် မျှော်မှန်း

ရန်ကုန်ယူနိုက်တက်အသင်းဟာ အခုနှစ် ဘောလုံးရာသီမှာ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဖလားရော ရှုံးထွက်ဖလား ချန်ပီယံဆုပါ ၂ ခုစလုံး ရယူဖို့ ပစ်မှတ်ထားနေတယ်လို့ အသင်းနည်းပြချုပ် ဦးမျိုးမင်းထွန်းက ပြောပါတယ်။ အခုနှစ်ဘောလုံးရာသီမှာ ရန်ကုန်ယူနိုက်တက်အသင်းက လိဂ်ပြိုင်ပွဲမှာရော ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားမှာပါ ချန်ပီယံဖြစ်ဖို့ အခွင့်အရေး ရှိနေတာပါ။ လိဂ်ပြိုင်ပွဲမှာ လက်ကျန်တပွဲနိုင်ရင် ချန်ပီယံဆုဖလား ရယူနိုင်မှာဖြစ်ပြီး ရှုံးထွက်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာလည်း မကွေးအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းအနေနဲ့ ဖလားလက်လွတ်ဖြစ်ပြီး ချန်ပီယံမဖြစ်တာ ၂ နှစ်ရှိနေပြီဖြစ်လို့ ဒီနှစ်မှာ ချန်ပီယံဖြစ်ဖို့ ယုံကြည်တယ်လို့ ကစားသမားတဦးဖြစ်တဲ့ ငြိမ်းချမ်းအောင်က ပြောပါတယ်။ မြန်မာနေရှင်နယ်လိဂ်ပွဲပြီးဖို့ တပွဲအလိုမှာ ရန်ကုန်ယူနိုက်တက်က ဒုတိယနေရာက ရှမ်းယူနိုက်တက်အသင်းကို တမှတ် ဖြတ်ထားပါတယ်။ လိဂ်ပွဲစဉ်ရဲ့ နောက်ဆုံးပွဲစဉ်ကို လာမယ့် စက်တင်ဘာ ၂၃ ရက်မှာ ကျင်းပမှာဖြစ်ပြီး ရန်ကုန်က ဆောက်သမ်းမြန်မာ၊ ရှမ်းယူနိုက်တက်က မြဝတီအသင်းတွေနဲ့ အိမ်ကွင်းတွေမှာပဲ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ မနေ့ညနေက ကန်သွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ပထမအကျော့ ပွဲစဉ်မှာတော့ ရှမ်းယူနိုက်တက်အသင်းနဲ့ ဟံသာဝတီယူနိုက်တက်တို့ ဂိုးမရှိ သရေကျထားပါတယ်။ ဓာတ်ပုံ - Yangon United
3 years Ago
Up