ရန်ကုန်ဘူတာကြီး

August 25, 2018

ရန်ကုန်ဘူတာကြီးတွင် လက်တွန်းလှည်းများ အခမဲ့သုံးနိုင်ပြီ

ရန်ကုန်ဘူတာကြီးမှာ ကုန်ပစ္စည်းသယ်ပေးသူတွေက ခရီးသည်တယောက်ကို ပစ္စည်းသယ်ပေးပြီး ငွေကြေးမတန်တဆတောင်းတဲ့ ဖြစ်ရပ်အပြီး သြဂုတ် ၂၄ ရက်နေ့ကစလို့ လက်တွန်းလှည်း ၂၅ စီးကို အခမဲ့သုံးနိုင်ပြီလို့ မြန်မာ့မီးရထား တိုင်း ၇ သွားလာရေးဌာနက အထွေထွေ မန်နေဂျာ ဦးဇော်လွင်က သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ အမှတ် ၅ အဆန် အမြန်ရထားကစပြီး ခရီးသည်တွေရဲ့ တပိုင်တနိုင်ပစ္စည်းတွေ သယ်ယူရာမှာ လွယ်ကူစေဖို့ လက်တွန်းလှည်း ၂၅ စီးကို အခမဲ့အသုံးပြုနိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ပုံမှန်ဆိုရင်တော့ တွန်းလှည်းတွေကို အလုပ်သမားတွေက ယူသယ်ပေးတာ ဖြစ်ပြီး တစီးအတွက် အလုပ်သမားခ နှုန်းထားတွေဟာ အနည်းဆုံး ၇၀၀ ကျပ်ကနေ ၁၅၀၀ ကျပ် အထိ ဖြစ်ပါတယ်။ သြဂုတ် ၁၈ ရက် ညပိုင်းက ခရီးသည် အမျိုးသမီးတယောက်ရဲ့ ခရီးဆောင်အိတ် ၃ လုံးကို အပြာဝတ်ထားသူ ၆ ယောက်က သယ်ဆောင်ခအဖြစ် ၁၇၀၀၀ ကျပ် တောင်းခံပြီး ခြိမ်းခြောက်တာတွေလည်း လုပ်ခဲ့တာပါ။ အဲဒီအမျိုးသမီးက ဒီအကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာ ရေးသားလိုက်ပြီးနောက် အဲဒီ ၆ ယောက်ကို မီးရထားရဲတပ်ဖွဲ့က  ဖမ်းဆီးခဲ့ပါတယ်။ လက်ရှိမှာတော့ ၃ ယောက်ကို ထောင်ဒဏ် ၂ လ ချမှတ်ထားပြီး ကျန်၃ ယောက်ကို ပုဒ်မ ၈၈(က)၊ ၈၇(က) အပြင် ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ နဲ့ပါ တရားစွဲဆိုထားတယ်လို့ မြန်မာ့မီးရထား ရဲတပ်ဖွဲ့က ပြောပါတယ်။ ကျူးလွန်ခဲ့တဲ့ အမျိုးသား ၆ ယောက်ထဲမှာ မြန်မာ့မီးရထား ဝန်ထမ်းတယောက်လည်း ပါဝင်တယ်လို့ မီးရထားဌာနက ပြောပါတယ်။
3 years Ago

August 22, 2018

ရန်ကုန်ဘူတာကြီးတွင် အဆမတန် ငွေတောင်းသူ ၃ ဦးကို ထောင်ဒဏ် ၂ လစီ ချမှတ်

ရန်ကုန်ဘူတာကြီးမှာ ခွင့်ပြုချက်မရှိဘဲ ကုန်ထမ်းပြီး အခကြေးငွေ အဆမတန် တောင်းယူခဲ့တဲ့ အမျိုးသားခြောက်ဦးအနက် သုံးဦးကို ထောင်ဒဏ်နှစ်လစီ ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။ သြဂုတ် ၁၈ ရက် ညပိုင်းက ရထားစီးခရီးသည် အမျိုးသမီးတဦးက ပါလာတဲ့ ပစ္စည်းတွေကို အလုပ်သမားငှား သယ်ဆောင်ခဲ့ရာမှာ အလုပ်သမား ခြောက်ဦးက လူမိုက်ဆန်ဆန် အခကြေးငွေတွေ ပိုမိုတောင်းခံခဲ့တဲ့အကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ရေးသားခဲ့ရာက ပျံ့နှံ့သွားခဲ့ပါတယ်။ အဲဒီ အလုပ်သမားခြောက်ဦးက ခရီးသည်အမျိုးသမီးထံကနေ ငွေကျပ် ၁၇၀၀၀ ကျပ် တောင်းခံခဲ့ရာမှာ ခရီးသည်က ၆၀၀၀ ကျပ်သာ ပေးခဲ့ပြီး အလုပ်သမားတဦးကို ကျပ် ၁၀၀၀ စီ ခွဲယူခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို ငွေကြေး အဆမတန် တောင်းခံခဲ့သူ ခြောက်ဦးထဲက မောင်နီ၊ ဇော်ဇော်နဲ့ ကျော်ဦးတို့ သုံးဦးကို ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၈(က) နဲ့ ထောင်ဒဏ် ၂ လ ချမှတ်ထားပြီး ကျန်သုံးဦးကို ပုဒ်မ ၈၈(က)၊ ၈၇(က) အပြင် ရာဇသတ်ကြီးပုဒ်မ ၃၈၆/၁၁၄ နဲ့ပါ တရားစွဲဆိုထားတယ်လို့ မြန်မာ့မီးရထားရဲတပ်ဖွဲ့က ပြောပါတယ်။ ကျူးလွန်ခဲ့တဲ့ အမျိုးသားခြောက်ဦးထဲမှာ မြန်မာ့မီးရထားဝန်ထမ်းတဦး ပါဝင်တယ်လို့ မီးရထားဌာနက ပြောပါတယ်။
3 years Ago
Up