ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီး

January 13, 2017

ရန်ကုန်ဆေးရုံကြီးတွင် မွေးဖွားသည့် ကလေးငယ် ၁၅ ရာခိုင်နှုန်း ကိုယ်အလေးချိန် မပြည့်

ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးမှာ တက်ရောက်မွေးဖွားတဲ့ ကလေးငယ် ၁၅ ရာခိုင်နှုန်းခန့်ဟာ ကိုယ်အလေးချိန်မပြည့်တဲ့ ကလေးငယ်တွေ မွေးဖွားတယ်လို့ မွေးကင်းစကလေး အထူးကုဋ္ဌာနပါမောက္ခ ဒေါက်တာနမ့်စန်းစန်းအေးက မြန်မာနိုင်ငံဆေးသုတေသနဌာနရဲ့ ၄၅ နှစ်မြောက်နှစ်ပတ်လည်ညီလာခံမှာ ပြောပါတယ်။ ကမ္ဘာပေါ်မှာ မွေးကင်းစ ကလေးငယ် ၄၃ ရာခိုင်နှုန်းကနေ ၇၃ ရာခိုင်နှုန်းဟာ အဟာရချို့တဲ့ကလေးငယ်တွေ ဖြစ်နေပါတယ်။ မွေးကင်းစကလေးငယ်တွေဟာ ၅ ပေါင်နဲ့ ၈ အောင်စအောက် ကျဆင်းရင် ကိုယ်အလေးချိန်မပြည့်တဲ့ ကလေးငယ်အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ ကိုယ်အလေးချိန်ပြည့်မီတဲ့ ကလေးငယ်တွေကို မိခင်နို့တမျိုးတည်းသာ တိုက်ကျွေးဖို့လိုပြီး ကိုယ်အလေးချိန်မပြည့်မီတဲ့ ကလေးငယ်တွေကိုတော့ ဖြည့်စွက်အစာအာဟာရ တိုက်ကျွေးဖို့ လိုတယ်လို့ ပါမောက္ခ ဒေါက်တာ နမ့်စန်းစန်းအေးက ပြောပါတယ်။ “လမစေ့ရင်လည်း ကိုယ်အလေးချိန် နည်းတယ်ပေါ့နော်။ ဆရာမတို့မှာ ကြည့်လိုက်တဲ့အခါကျတော့ မွေးတဲ့အကုန်လုံးရဲ့ ၁၄ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းလောက်က ၅ ပေါင် ၈ အောင်စအောက် ကလေးမွေးပါတယ်။ ဆေးရုံဆင်းတဲ့အချိန်မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်အလေးချိန် မရှိတဲ့နှုန်းက ကမ္ဘာမှာဆိုရင် တော်တော်များတယ်။ ၄၃ ကနေ ၇၉ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ပြောကြတယ်ပေါ့နော်။ ချမ်းသာတဲ့နိုင်ငံမှာ အကုန်လုံးဖြည့်ဆည်းတဲ့နိုင်ငံမှာ ရာခိုင်နှုန်းနည်းပြီးတော့ ကျမတို့လို ဆင်းရဲတဲ့နိုင်ငံမှာတော့ ပိုများတာပေါ့နော်။” ကိုယ်အလေးချိန်မပြည့်မီတဲ့ ကလေးငယ်တွေ မွေးဖွားတာဟာ မိခင်အာဟာရနည်းပါးတာ၊ ကျန်းမာရေးချို့တဲ့တာကြောင့် ဖြစ်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကျန်းမာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
5 years Ago
Up