ရန်ကုန်တိုင်းအစိုးရ

May 30, 2018

ရန်ကုန်တိုင်းအစိုးရက ဘတ်ဂျက်ထပ်မံတောင်းခံနေမှု လွှတ်တော်အမတ်များ မေးခွန်းထုတ်

ရှိပြီးသားပစ္စည်းတွေကို ဘယ်နှကြိမ်ထိ ဘတ်ဂျက် ထပ်မံတောင်းခံနေမှာလဲလို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ  လွှတ်တော်ကိုယ်စားလှယ်တွေက ရန်ကုန်တိုင်း အစိုးရကို မေးခွန်းထုတ်လိုက်ပါတယ်။ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ သုံးစွဲဖို့ ငွေကျပ် ၆၄၈ ဒသမ ၈၈ ဘီလီယံ လျာထားတာဖြစ်ပါတယ် အဲဒီဘတ်ဂျက်ငွေတွေထဲမှာ ပြီးခဲ့တဲ့နှစ်တွေတုန်းက တောင်းခံသုံးစွဲခဲ့တဲ့ ပစ္စည်းစာရင်းတွေဟာ အခုနှစ် ဘတ်ဂျက် ဘဏ္ဍာနှစ်မှာလည်း ထပ်မံတောင်းခံလာတာကြောင့် ကိုယ်စားလှယ်တွေက  မေးခွန်းထုတ်လိုက်တာပါ။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ ပေးပို့ထားတဲ့ ၂ဝ၁၈-၁၉ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းရဲ့ ရသုံးခန့်မှန်းခြေ ငွေစာရင်း လျာထားချက် နဲ့ပတ်သက်ပြီး ဒီကနေ့ မေလ ၃၀ ရက်က တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးခဲ့ပါတယ်။ ဘတ်ဂျက်ငွေ ထပ်မံတောင်းခံတဲ့ ပစ္စည်းတွေအနက် ဂေါက်ကွင်းတွေမှာ အသုံးပြုတဲ့ ဘက်ဂီကားတွေကိစ္စနဲ့ ပတ်သက်ပြီးလည်း ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ဒီဘတ်ဂျက် ၆၄၈ ဒသမ ၈၈ ဘီလီယံကို ရန်ကုန်တိုင်း အတွင်းက ၄၅ မြို့အတွက် စီမံကိန်း ၈၀၀ ကျော်မှာ သုံးစွဲဖို့ ရည်မှန်းထားတာပါ။ မူလက ဌာန ၂၇ ခုကနေ ကျပ်ငွေ ၁၁၈၈ ဘီလီယံကို တောင်းခံခဲ့ပေမယ့် အစိုးရအဖွဲ့က ကျပ် ၄၄၉ ဘီလီယံကို ပြန်လည် ဖြတ်တောက်ခဲ့ပါတယ်။ ဒီဘတ်ဂျတ်ငွေတွေကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၃၉၁ ဘီလီယံနဲ့ အများဆုံးသုံးစွဲမှာဖြစ်ပြီး အစိုးရအဖွဲ့ကတော့ ၁၃၈ ဒသမ ၆ ဘီလီယံနဲ့ ဒုတိယအများဆုံး သုံးစွဲမှာပါ။
3 years Ago

May 18, 2018

ရန်ကုန်တိုင်းအစိုးရ ဝယ်ထားသည့် ကျောင်းကားများ ကျောင်း ၃ ကျောင်းတွင် ပြေးဆွဲမည်

ရန်ကုန်တိုင်းအစိုးရက ပြည်ပကနေ ဝယ်ထားတဲ့ ကျောင်းကြိုပို့ကားတွေကို အစိုးရစာသင်ကျောင်း သုံးကျောင်းမှာ ပြေးဆွဲမှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အခြေခံပညာဦးစီးဌာနက တိုင်းပညာရေးမှူး ဒေါ်ခင်မာဆွေက ပြောပါတယ်။ ၂၀၁၇ ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေ ကိုရီးယားနိုင်ငံထုတ် ဟွန်ဒိုင်းအမျိုးအစား မီနီဘတ်စ်အစီး ၂၀၀ ကို ကျောင်းကားအဖြစ် ပြေးဆွဲဖို့ ဝယ်ယူထားတာပါ။ အဲဒီကားတွေကို Golden Hand ကုမ္ပဏီက ပြေးဆွဲဖို့ သဘောတူထားပေမယ့် ကုမ္ပဏီက ပြန်အပ်လိုက်တာကြောင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကနေ တာဝန်ယူပြေးဆွဲဖို့ လုပ်ဆောင်နေပါတယ်။ ကားသစ်တွေကို ရန်ကင်းတီတီစီကျောင်း၊ ကမာရွတ် တီတီစီကျောင်းနဲ့ ကမာရွတ် အ.ထ.က (၂) မှာ ပြေးဆွဲဖို့ ဆောင်ရွက်နေပြီး စပါယ်ယာနဲ့ ဒရိုင်ဘာတွေ ပါဝင်မှာဖြစ်တဲ့အပြင် ဝန်ဆောင်မှုအတွက် သင်တန်းပေးတာတွေ လုပ်ထားတယ်လို့ တိုင်းပညာရေးမှူး ဒေါ်ခင်မာဆွေက ပြောပါတယ်။ ယာဉ်စီးခကို လမ်းကြောင်းပေါ်မှာကြည့်ပြီး သတ်မှတ်သွားမယ်လို့လည်း ဆိုပါတယ်။ လက်ရှိပြေးဆွဲမယ့် ကျောင်းကားတွေကို မီနီဘတ်စ်ယာဉ်တွေကိုသာ ခွင့်ပြုမှာဖြစ်ပြီး လိုက်ထရပ်ယာဉ်တွေကိုတော့ လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ တိုင်းပညာရေးမှူးက ပြောပါတယ်။ ရန်ကုန်မြို့မှာ ကျောင်းကြိုပို့ရာမှာ အသုံးပြုတဲ့ လိုက်ထရပ်ယာဉ်တွေဟာ တိမ်းမှောက်မှုတွေ ဖြစ်တဲ့အပြင် ကျောင်းသားတွေ အသက်အန္တရာယ်ရှိတဲ့အတွက် အရင်နှစ်ကစပြီး မီနီဘတ်စ်တွေနဲ့ အစားထိုးခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ကျောင်းကားပြေးဆွဲမယ့်ယာဉ်တွေကို ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာနက အချက် ၁၂ ချက်နဲ့ ကိုက်ညီမှ ပြေးဆွဲဖို့ ညွှန်ကြားထားပါတယ်။
3 years Ago
More News
Up