ရနောင်း

November 29, 2021

ထိုင်းတွင်ဖမ်းဆီးခံထားရသည့် မြန်မာ ၁၄၀ ကျော်ကို နေရပ်ပြန်ပို့

ထိုင်းနိုင်ငံထဲမှာ ဥပဒေအမျိုးမျိုးချိုးဖောက်လို့ ဖမ်းဆီးခံထားရသူတွေထဲက လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၄၁ ယောက်ကို နိုဝင်ဘာ ၂၈  ရက်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ရနောင်းခရိုင်ကနေ  ပြန်လွှတ်ပေးလိုက်ပါတယ်။

ရနောင်းမြို့ အကောက်ခွန် ဆိပ်ကမ်းကနေ လှေနဲ့ပြန်ပို့လိုက်တာဖြစ်ပြီး တချို့ကတော့ မပြန်ချင်လို့ ဆက်နေချင်ပေမဲ့ အတင်းဆွဲခေါ်တာကြောင့် ပါသွားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

လတ်တလော ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်မှုတွေခပ်စိပ်စိပ်ရှိနေပြီး နောက်ထပ်လည်း ဝင်လာဦးမယ့်အခြေအနေရှိတာကြောင့် နယ်စပ်တလျှောက် ၊ တောလမ်းတွေမှာ စစ်သည်အင်အားတွေဖြည့်တင်းပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့  ထိုင်း တာဝန်ရှိသူတဦးက  သတင်းထောက်တွေကို  ပြောပါတယ်။ 

ဒါ့အပြင် နယ်စပ်ကနေ တရားမဝင် ရော်ဘာ၊ မော်တော်ဆိုင်ကယ်နဲ့ ကားတွေကို အခွန်ရှောင်ပြီး  မှောင်ခိုတင်ပို့/တင်သွင်းတာတွေရှိနေတာကြောင့်  ရနောင်းခရိုင် ကဘွန်း၊ ကဘေးနဲ့ ဆုခ်ဆမ်ရမ်းမြို့နယ်ဘက်မှာ တင်းကျပ်စစ်ဆေးနေတယ်လို့  ထိုင်းတာဝန်ရှိသူက ပြောပါတယ်။ 

ကိုးကား - ရနောင်းဒေသတွင်းသတင်း 

2 months Ago

October 23, 2021

ရနောင်းတွင် ပွဲစားခ ဘတ် ၂၀၀၀၀ စီပေး၍ ဝင်လာသော မြန်မာ ၈ ဦး ဖမ်းဆီးခံရ (ရုပ်သံ)

ထိုင်း-မြန်မာနယ်စပ်၊ ရနောင်းခရိုင်၊ ကရပူရီမြို့နယ်ထဲမှာ ပွဲစားခ တစ်ဦးကို ဘတ် ၂၀၀၀၀ စီပေးပြီး တရားမဝင် ဝင်လာတဲ့ မြန်မာ ၈ ဦး ဖမ်းဆီးခံရတယ်လို့ ရနောင်းဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်နေ့က ကရပူရီမြို့နယ် ကျောပေါရောအုပ်စု ဘန့်ဟင်ယိုင်ရွာနားမှာ မြန်မာဘက်ခြမ်းကလူတွေ စက်လှေနဲ့တရားမဝင် ဝင်ရောက်လာပြီး ဆီအုန်းခြံထဲရှိ ကားတစ်စီးက လာကြိုသွားကြောင်း ဒေသခံတွေက သတင်းပေးတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့အတူ နယ်မြေထဲမှာ ပိုက်စိပ်တိုက်လိုက်ရှာခဲ့တယ်လို့ နယ်စပ်လုံခြုံရေးယူနေတဲ့ အမှတ် ၂၅ ခြေလျင်တပ်ရင်းတာဝန်ရှိသူမှ သတင်းထောက်ကို ပြောပါတယ်။

အဲဒီအချိန် ချွန်းဖွန်းခရိုင် ထာ့ရှဲ့မြို့နယ် ဘန့်ဆိုင်းအွန်ဘက်ဦးတည်သွားနေတဲ့ အဖြူရောင် အီဇူးစူးကားတစ်စီးကို တားဆီးစစ်ဆေးရာမှာ ကားမောင်းသူဟာ အသက် ၃၆ နှစ်ရွယ် မွန်အမျိုးသားတစ်ဦးဖြစ်ပြီး သူက အလုပ်လက်မဲ့ဖြစ်နေတဲ့ လုပ်သားတွေကို ချွန်းဖွန်းကို သွားပို့ ပေးမလို့ဆိုပြီး ပြောပါတယ်။

ကားပေါ်မှာ မြန်မာအမျိုးသား ၇ ဦး၊ အမျိုးသမီး ၁ ဦး စုစုပေါင်း ၈ ဦးပါလာပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်နေထိုင်ခွင့် အထောက်အထားတစုံတရာမရှိတဲ့အတွက် အားလုံး ဖမ်းဆီးခံလိုက်ရတာပါ။

စစ်ဆေးချက်အရ သူတို့တွေဟာ  မော်လမြိုင်ဘက်ကနေ ထိုင်းမှာ အလုပ်လာလုပ်ဖို့ ရနောင်းမှာ ၃ ရက်လာစောင့်ပြီး ပွဲစား နဲ့အဆက်အသွယ်ရတဲ့အခါ တစ်ဦးကို ဘတ် ၂၀၀၀၀ စီပေးပြီး ၂၀ ရက်နေ့ညက စက်လှေနဲ့ဝင်လာကြာင်း၊ စက်လှေထဲမှာ လူရှိမှန်းမသိရအောင် အားလုံး လဲလျောင်းပြီး အပေါ်က မိုးကာတွေအုပ်ပြီး လိုက်လာခဲ့ရတယ်လို့ ဆိုပါတယ်။

ကားမောင်းသမားကလည်း သူဟာ ထာ့ရှဲ့အုပ်စုထဲမှာ ရာဘာစေးခြစ်တဲ့ အလုပ်သမားဖြစ်ပြီး ချွန်းဖွန်းမှာရှိတဲ့ မြန်မာ ၁ ဦးက လူ ၈ ယောက်ကိုလာပို့ပေးဖို့ ဘတ် ၅၀၀၀ ပေးပြီး စေခိုင်းတာကြောင့် လိုက်ပို့ပေးရတာလို့ ဖွင့်ဟဝန်ခံပါတယ်။ 

သူတို့အားလုံးကို ကိုဗစ်-၁၉ ကူးစက်ရောဂါတားဆီးရေးဥပဒေနဲ့ရော တရားမဝင် ဝင်ရောက်မှု လဝက ဥပဒေနဲ့ပါ အရေးယူဖို့ ရဲစခန်းကို ဆက်လက်ပို့ဆောင်ထားတယ်လို့ ထိုင်းစစ်တပ်တာဝန်ရှိသူက ပြောပါတယ်။

3 months Ago
More News
Up