ရထား ဖျက်ဆီးသူများကို ဖမ်းမည့် အဆင့်မြင့် ထောင်ချောက်

July 5, 2015

လေအားသုံး လျှပ်စစ်ထုတ်စက် စပိန်ပညာရှင် တီထွင်

၁၉၄၀ ခုနှစ်က အမေရိကန်နိုင်ငံမှာ လေပြင်းတိုက်တဲ့အတွက် ကြိုးဆိုင်းတံတားတစင်း ပျက်ကျခဲ့တဲ့ ဖြစ်ရပ်ကိုအခြေခံပြီး လေထဲမှာ ယိမ်းနွဲ့ပြီး အမြင်ဆန်းသလောက် အသံဆူညံမူမရှိတဲ့ လေအားသုံး လျှပ်စစ်ထုတ်စက်ကို စပိန်နိုင်ငံမှာ တီထွင်လိုက်ပါတယ်။ လေဒလက်မပါတဲ့ ဒီတာဘိုင်ဟာ လုံးချွန် သဏ္ဌာန်ရှိပြီး လေထဲမှာယိမ်းနွဲ့ရင်းနဲ့ လျှပ်စစ်ထုတ်ပေးနိုင်ပါတယ်။ အော်ပရာအဆိုတော်တယောက် အမြင့်ဆုံးအသံထိတင်ဆိုချိန်မှာ ဖန်ခွက်ကွဲသွားတဲ့ အဖြစ်မျိုးနဲ့တူတယ်လို့ တီထွင်သူက ပြောပါတယ်။ ဒေးဗစ်ယန်နဲ့ဇ် ဟာ စပိန်က ကုမ္ပဏီသစ်ဖြစ်တဲ့ Vortex Bladeless ကို တွဲဖက်တည်ထောင်သူ ဖြစ်ပါတယ်။ "ခုနှစ်သံချီ ဟစ်နိုင်တဲ့ အဆိုရှင်တယောက်က ဖန်ခွက်နားကပ်ပြီးသီချင်းဆိုမယ်။ ဖန်ခွက်မှာ တုန်ခါနေတဲ့အသံနဲ့အပြိုင် ဆိုတဲ့အခါ ဒီအသံက ဖန်ခွက်ကို ခွဲပစ်နိုင်တာကို ကျနော်အားလုံး မြင်ဖူး ကြပြီးသားပါ။ ဒီလိုဟိန်းသံမျိုးဟာ စွမ်းအင်ထုတ်ဖို့ အကောင်းဆုံးနည်းပဲ။ အသံလှိုင်းကို သုံးမယ့်အစား ကျနော်တို့က လေ၀ဲကတော့ကို သုံးတာပါ။ ဒီတိုင်ကို လေတိုက်လိုက်တဲ့အခါ ဖြစ်လာတဲ့ လေ၀ဲပါ" လို့ ဒေးဗစ်ယန်နဲ့ဇ်က ပြောပါတယ်။ ဒီလေအားလျှပ်စစ်ထုတ်စက်ကို ၆ မီတာမြင့်ပြီး ဖိုင်ဘာမှန်တွေ၊ ကာဗွန်ဖိုင်ဘာတွေနဲ့ တည်ဆောက်ထားတာပါ။ ဒီတိုင်က လေ၀ဲကတော့တွေကိုသုံးပြီး စွမ်းအင်အဖြစ်ပြောင်းနိုင်တဲ့ လှုပ်ရှားမှုပုံစံ အမျိုးမျိုး ဖြစ်လာပါတယ်။ ထုလုံးချွန်သဏ္ဌာန်လေဒလက်ရဲ့အောက်ခြေက သံလိုက်တွေဟာ လေတိုက်နှုန်းအလိုက် ဒလက်ရဲ့လှုပ်ရှားမှုကို ချိန်ညှိပေးပါတယ်။ "ဒါကတော့ တိုင်ပေါ့။ သူ့မှာပါတဲ့ ထိပ်ပိုင်းတစ်ခုက ဒလက်အဖြစ်အလုပ်လုပ်ပေးတယ်။ သာမန် ဂျင်နရေတာတစ်လုံးမှာပါတဲ့ ပစ္စည်းမျိုးတွေနဲ့ပဲ တည်ဆောက်ထားတယ်။ သူက တုန်ခါမယ်။ ပြီးရင် အဲဒီတုန်ခါမှုကို သမားရိုးကျပြန်လှန်လျှပ်ထုတ်စက်ဆီကိုပို့လွှတ်တယ်။ သူကိုယ်တိုင်တုန်ခါမှုကနေမှ လေစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲပေးတာပါ" လို့ ဒေးဗစ်ယန်နဲ့ဇ် ဆိုပါတယ်။ Vortex ကုမ္ပဏီကတော့ ဒီတာဘိုင်ဟာ ဒလက် ၃ ခုပါ သမားရိုးကျ လေအားလျှပ်စစ်ထုတ်စက်တွေရဲ့ ကုန်ကျစရိတ်ထက် ၄၀ ရာနှုန်းလောက်ပဲ ကုန်ကျမှာဖြစ်ပြီး ကာဗွန်ထုတ်လွှတ်မှုနည်းသလို ပြုပြင် ထိန်းသိမ်းမှုစရိတ်လည်းကျဉ်းတယ်လို့ ဆိုပါတယ်။ သူ့နားက ဖြတ်ပျံတဲ့ငှက်တွေအတွက်လည်း အန္တရာယ် ပိုကင်းမှာဖြစ်ပါတယ်။ လက်ရှိရလဒ်တွေက အားရစရာမို့ Vortex က ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အိမ်တွင်းသုံးနိုင်မယ့် ရှေ့ပြေးပုံစံငယ်တခုကို စမ်းသပ်နေပါပြီ။ "အခုကျနော်တို့လုပ်နေတာက ၃ မီတာအမြင့်ထက်နိမ့်ပြီး အိမ်အမိုးတွေပေါ်မှာ တပ်ဆင်နိုင်သလို စွမ်းအင်နည်းနည်းပဲထုတ်ပေးနိုင်တဲ့ နမူနာပုံစံတစ်ခုကို တိုးတက်တီထွင်နေတာပါ" လို့ ဒေးဗစ်ယန်နဲ့ဇ်က  ပြောပါတယ်။ Vortex ကုမ္ပဏီထုတ် တာဘိုင်အသစ်ဟာ စပိန်နိုင်ငံရဲ့ ငွေကြေးအကျပ်အတည်းပြီးတဲ့နောက် ပြည့်မြဲ စွမ်းအင်အသုံးချမှုကို မြှင့်တင်နိုင်တဲ့ ကိရိယာဖြစ်လာခဲ့ပါတယ်။ ရင်းနှီးမတည်ငွေပြည့်စုံပြီမို့ လေကနေ စွမ်းအင်ကို အလွယ်တကူ ထုတ်နိုင်တော့မယ်လို့ မျှော်လင့်ထားပါတယ်။  
6 years Ago

July 4, 2015

ကော်ဖီပန်းချီကြောင့် နာမည်ကြီးလာသည့် အီတလီ အနုပညာရှင်

ကော်ဖီစက်တွေကို အသုံးပြုပြီးဆွဲတဲ့ ပန်းချီကြောင့် အီတလီ အနုပညာရှင် ဂျူလီယာ ဘာနယ်ဒယ်လီဟာ အင်တာနက်မှာ နာမည်ကြီးလာပါတယ်။ ကော်ဖီစက်နဲ့ ရေးဆွဲထားတဲ့ အိမ်မက်ဆန်တဲ့သူရဲ့ လက်ရာတွေကို လူမှုရေးကွန်ရက် အင်စတာဂရမ်မှာ တင်ခဲ့ပြီးနောက် နောက်လိုက် ၁၉၀၀၀ ကျော်အထိ ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ကော်ဖီစက်တွေကို အသုံးပြုပြီး ရေးဆွဲထားတဲ့ ပန်းချီတွေမှာတော့ သစ်ပင်ကနေ ချစ်ကျွမ်းဝင်နေတဲ့ စုံတွဲရဲ့ ပုံတွေလည်း ပါဝင်နေပါတယ်။ အီတလီက ဘိုလော့နာမြို့က တက္ကသိုလ်ကနေ အနုပညာ အထူးပြုနဲ့ ဘာနယ်ဒယ်လီက ဘွဲ့ရရှိခဲ့ပြီး လက်ရှိ ပြတိုက်တခုမှာ အလုပ်လုပ်နေတယ်လို့ ဟူဖင်တန် ပိုစ်က ရေးပါတယ်။ အစားအသောက်နဲ့ သဘာဝ ပစ္စည်းတွေကို ပန်းချီဆွဲတဲ့ စုတ်အဖြစ် အသုံးပြုတယ်လို့ ဆိုပါတယ်။ "စုတ်ကို သဘာဝက ပေးထားတဲ့ သစ်ရွက်၊ အစားအသောက်တွေနဲ့ အစားထိုးသုံးတယ်”လို့ အသက် ၂၇ နှစ် ဘာနယ်ဒယ်လီက ပြောပါတယ်။ ဒီအနုပညာဟာ တရုတ်လူမှုရေး ကွန်ရက် ဝေဘိုမှာလည်း ပျံ့နှံနေပြီး သူရဲ့ အရည်အချင်းကို လူအများစုက တန်ဖိုးထားနေပါတယ်။ ဓာတ်ပုံ -be-street.com  
6 years Ago

ရထား ဖျက်ဆီးသူများကို ဖမ်းမည့် အဆင့်မြင့် ထောင်ချောက်

ဆစ်ဒနီမြို့ရဲ့ ရထားလမ်းကွန်ရက်တလျှောက်မှာ ဖျက်လိုဖျက်ဆီး လုပ်ရပ်တွေကို ထောက်လှမ်းမယ့် အဆင့်မြင့်နည်းပညာသုံး စနစ်တခုကို တပ်ဆပ်သွားတော့မှာပါ။ ဆစ်ဒနီ ရထားပို့ဆောင်ရေးဌာန စီအီးအို ဟောင်းဝပ်ကောလင်းစ် ကတော့ ဒီစနစ်သစ်ကို ကြွက်ထောင်ချောက်လို့ အမည်မှည့်ထားပါတယ်။ "ဒါကတော့ ကြွက်ထောင်ချောက်ဆိုတဲ့ စစ်ဆင်ရေးအသစ်ပေါ့။ ဒီစနစ်က ကျနော်တို့ ရထားတွေကို ဖျက်ဆီးနေသူတွေကို သိုသိုသိပ်သိပ်နဲ့ ထောက်လှမ်းပေးမှာပါ။" ရထားနံရံတွေပေါ်မှာ ပုံတွေ၊ စာတွေ လက်ဆော့ပြီး ရေးလိုက်ခြစ်လိုက်တာနဲ့ တွဲထဲက ဆင်ဆာက လျှပ်စစ်နှာခေါင်းလို အလုပ်လုပ်ပြီး မှုတ်ဆေးကို ခြေရာခံမှာ ဖြစ်ပါတယ်။ ပြီးရင် ရထားလမ်း လုံခြုံရေးဌာနကို အချက်လှမ်းပေးပြီး လက်သရမ်းသူရဲ့ ဗီဒီယိုကို တိုက်ရိုက် ထုတ်လွှင့်ပေးမှာပါ။ ဒီအချက်ပေးစနစ်မှာ မာကာကို သုံးတာလား၊ သင်္ဘောဆေးလား ဆိုတာကိုပါ ဖော်ပြပေးပါတယ်။ အဲဒီအချိန်မှာပဲ ရထားလမ်း ထိန်းချုပ်ရေး အခန်းကနေ ဒီရထားရဲ့ တည်နေရာကို ခြေရာခံမှာ ဖြစ်ပါတယ်။ ပြီးမှ ရုပ်ဖျက်ထားတဲ့ ရဲအရာရှိတွေက လက်သရမ်းဖျက်ဆီးသူ အမျိုးသား ၂ ဦးကို ၀င်ရောက်ဖမ်းဆီးလိုက်ပါတော့တယ်။ "ဒီစနစ်က စမ်းသပ်ဆဲအဆင့်ပဲ ရှိပါသေးတယ်။ မနှစ်ကတည်းက စပြီး စမ်းသပ်နေတာပါ။ တကယ်လည်း အောင်မြင်မှု ရထားပါတယ်။ ဒီကြွက်ထောင်ချောက်နဲ့ အမှုပေါင်း ၇၀ လောက် ဖော်ထုတ်ပြီးပါပြီ။ လူ ၅၀ ကို တရားစွဲဆိုနိုင်ခဲ့ပါတယ်။ အခု အခြားရထားတွေကို ဖြန့်ချိပြီးပြီဖြစ်သလို အောင်မြင်မှုတွေ ပိုပြီးရရှိနေပါပြီ။" ဒီပစ္စည်းက ရထားတွဲနံရံရဲ့နောက်မှာ ၀ှက်ထည့်ထားတဲ့ ဆင်ဆာလေးပါ။ သူ့နားမှာ မာကာပန် ဒါမှမဟုတ် မှုတ်ဆေးသုံးလိုက်တာနဲ့ ဒီဂျစ်တယ်ပရော်ဆက်ဆာဆီကို အချက်ပြတခု ပေးပို့လိုက်ပါတယ်။ ပရော်ဆက်ဆာကမှ ဓာတုဖွဲ့စည်းပုံကို သရုပ်ခွဲပါတယ်။ အငွေ့ပျံနှုန်းက စက်ကသိပြီးသား ပန် (pen) ဒါမှမဟုတ် သုတ်ဆေး (paint) နဲ့ တိုက်ကြည့်ပြီးတာနဲ့ အချက်ပေးသံ မြည်လာပါတော့တယ်။ မာ့ခ်ဘိုင်ရာရဲ့ Technique Risk ကနေ ဒီကြွက်ထောင်ချောက်ကို တီထွင်ခဲ့တာပါ။ "ဒီစနစ်ရဲ့ အားသာချက်ကတော့ လုံခြုံရေးဝန်ထမ်း ဒါမှမဟုတ် ရဲဝန်ထမ်းအနေနဲ့ လုပ်ငန်းခွင်ထဲမှာ မိုဘိုင်ဖုန်းကတဆင့် ဒီစနစ်ကို စောင့်ကြည့်နေဖို့ပဲ လိုပါတယ်။ ရထား ဒါမှမဟုတ် တွဲအမှတ်နဲ့ အခင်းဖြစ်နေရာအပြင် ရထားဦးတည်ခုတ်မောင်းမယ့်နေရာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ သိရမှာပါ။" လက်သရမ်းတဲ့သူကလည်း ဒီတွဲမှာ သူတယောက်တည်း ရှိတယ်လို့ ထင်နေပြီး သူ့မာကာပန်က ကြွက်ထောင်ချောက်ကို သွားဖွင့်လိုက်ပြီဆိုတာ သတိမထားမိပါဘူး။ စက္ကန့်ပိုင်းအတွင်းမှာပဲ ဖုန်းတွေမှာ အချက်ပြတွေ ပေါ်လာတာနဲ့ ရဲတွေက တွဲကို စီးနင်းရှာဖွေကြမှာပါ။ လက်သရမ်းသူကို ကြမ်းပြင်ပေါ် လှဲသိပ်ပြီး လက်ထိပ်ခတ် ဖမ်းလိုက်မှာပါ။ "ဒီထောင်ချောက် မတပ်ခင်တုန်းကဆိုရင် ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေထဲက တခုက ရထားကို တွဲပြင်ရုံပို့ပြီး မွမ်းမံမှုတွေ လုပ်မယ့်အချိန်ကျမှ ဒီလို လက်သရမ်းတာ၊ တောင်ရေးမြောက်ရေးလုပ်တာတွေကို တွေ့ရတတ်ပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ရပ်တွေဟာ ဘယ်နေရာ ဘယ်အချိန်မှာ ဖြစ်တတ်တယ်ဆိုတဲ့ မှတ်တမ်းတခု ပြုစုနေပါပြီ။ ဒီတော့ ရဲဝန်ထမ်းတွေအဖို့ တနေ့တာရဲ့ ဘယ်အချိန်၊ ဘယ်နေရာတွေမှာ ဖြစ်တတ်လဲဆိုတာ ကြိုသိနေနိုင်တာပေါ့။" ဆစ်ဒနီမှာ ကြွက်ထောင်ချောက် စသုံးချိန်ကတည်းက ဖမ်းမိတဲ့ ကျူးလွန်သူ အရေအတွက်ဟာ အာဏာပိုင်တွေ မျှော်လင့်ထားတာထက် ပိုမိုကျော်လွန်သွားခဲ့ပါတယ်။ လက်သရမ်းသူတွေကို လုပ်နေဆဲမှာပဲ ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် ခုဆိုရင် မြို့တော်ရဲ့ ရထားအများစုဟာ အစွန်းအထင်းကင်းသွားပြီ ဖြစ်ပါတယ်။  
6 years Ago
Up