ရထားကြိတ်

May 23, 2018

ရထားကြိတ်ခံရပြီး သေဆုံးခဲ့သည့် သမီးအတွက် ဖခင်က လျော်ကြေးဘတ်သန်း ၃၀ တောင်းဆို

ထိုင်းနိုင်ငံမှာ ရထားသံလမ်းကြား လဲကျပြီး နောက်ရထားတစင်း အကြိတ်ခံရလို့ သေဆုံးခဲ့တဲ့ သမီးဖြစ်သူအတွက် ဖခင်က ဘတ်သန်း ၃၀ လျော်ကြေးရဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့က ဘန်သက်ပ်ချန်း ရထားဘူတာရုံမှာ ဖြစ်ခဲ့တာလို့ ဒေးလီးနယူးစ်သတင်းမှာ မေလ ၂၂ ရက်နေ့က ဖော်ပြပါတယ်။ သေဆုံးခဲ့သူ ရိုဆရင်ပလီယန်လာ အမည်ရတဲ့ အမျိုးသမီးဟာ ကိုယ်ဝန် ၆ လ ဆောင်ထားခဲ့တာဖြစ်ပြီး အလုပ်ကိုအလာ လမ်းမှာ ရထားသံလမ်းပေါ် လဲကျခဲ့ပြီး ရထားကြိတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဖခင်ဖြစ်သူ ဝီရာပလီယန်လာနဲ့ သူ့ရဲ့ရှေ့နေတို့ဟာ တရားရုံးကို သွားရောက်ခဲ့ပြီး ရထားတာဝန်ရှိသူတွေ၊ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ ဝန်ကြီးတို့ကို နာမည်တပ် တရားစွဲဆို တောင်းဆိုခဲ့ကြတာပါ။ သတင်းစာရှင်းလင်းပွဲမှာတော့ ဝီရာက သူ့အနေနဲ့ သမီးဖြစ်သူ သေဆုံးရမှုအတွက် သက်ဆိုင်ရာမှ အကူအညီအနည်းငယ်သာ ရရှိခဲ့ပြီး အာမခံကြေးငွေ ဘတ် ၄ သိန်းသာ ရရှိခဲ့တယ်လို့ ပြောပါတယ်။ လက်ရှိမှာတော့ သူက ဘတ်သန်း ၃၀ ရရှိနိုင်ဖို့ တောင်းဆိုလိုက်တာဖြစ်ပြီး တရားရုံးက ဒီကိစ္စအပေါ် လာမယ့် ဇူလိုင် ၂၃ ရက်နေ့မှာ ကြားနာဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
4 years Ago
Up