ရထားပေါ် ဆေးခြောက်မရှူရန်ပြောသည့် ခရီးသည်ကို ဆယ်ကျော်သက်အုပ်စု ဝိုင်းရိုက်

August 3, 2017

ရထားပေါ် ဆေးခြောက်မရှူရန်ပြောသည့် ခရီးသည်ကို ဆယ်ကျော်သက်အုပ်စု ဝိုင်းရိုက် (ရုပ်သံ)

ဆယ်ကျော်သက် လူငယ်တွေအား ရထားပေါ်မှာ ဆေးခြောက်မရှူဖို့ ပြောတဲ့ အမျိုးသားတဦးကို အဲဒီလူငယ်အုပ်စုက ဝိုင်းဝန်းရိုက်နှက်ခဲ့ကြပါတယ်။ အများသုံးရထားပေါ်မှာ ဆယ်ကျော်သက် လူငယ်အုပ်စုတစု မူးယစ်ဆေးဝါးသုံးစွဲနေလို့ ကန်နန်ဂျုံးစ်ဆိုတဲ့ အမျိုးသားက ဆေးမသုံးစွဲဖို့ ပြောခဲ့တဲ့အတွက် ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့ကြတာပါ။ ဒီအဖြစ်အပျက်ဟာ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဒဲလက်စ်ဧရိယာအတွင်း ခုတ်မောင်းနေတဲ့ အမြန်ရထား (ဒီအာအေတီ) ပေါ်မှာ ဇူလိုင် ၃၀ ရက်နေ့က ဖြစ်ခဲ့တာပါ။ ဆယ်ကျော်သက်တွေကို ဆေးမသုံးဖို့ ပြောပြီးတဲ့နောက် အဲဒီအုပ်စုထဲက မိန်းကလေးတဦးနဲ့ ထိပ်တိုက်တွေ့ဆုံ အငြင်းပွားခဲ့တာကို မှတ်မိတယ်လို့ မစ္စတာဂျုံးစ်က အန်ဘီစီသတင်းဌာနကို ပြောပါတယ်။ “အဲ့ဒီမိန်းကလေး ကျနော့်မျက်နှာကို တံတွေးနဲ့ထွေးတယ်။ ကျနော်က ကလေးမလေးတွေ အမျိုးသမီးတွေကို ငါ မရိုက်နှက်တတ်တာ မင်းကံကောင်းသွားတယ်။ မဟုတ်ရင် မင်းတင်ပါးကို ငါ ရိုက်ပစ်တယ်လို့ ပြောလိုက်တာမှာ အခြေအနေတွေက လုံးဝ မထိန်းနိုင်အောင် ဆိုးရွားကုန်တယ်” လို့ ဂျုံးစ်က ပြောပါတယ်။ ရုပ်သံထဲမှာ ဂျုံးစ်ကို ဆယ်ကျော်သက်တွေက ဝိုင်းဝန်းထိုးကြိတ် ကန်ကြောက်နေကြပြီး ဂျုံးစ်က သူ့ကိုယ်သူ ကာကွယ်နေတာ တွေ့ရပါတယ်။ ဒဲလက်စ်မြို့ ဒိပ်အလမ်ဘူတာရုံမှာ ရထားရပ်ပြီးနောက်မှာလည်း ဘူတာပလက်ဖောင်းပေါ်မှာ ဆက်ပြီး ဝိုင်းရိုက်နေတာကို တွေ့ရပါတယ်။ ဒီအေအာတီရဲ့ ပြောရေးဆိုခွင့်ရှိသူ မာ့က်ဘောလ်ကတော့ “ဘူတာပလက်ဖောင်းပေါ် ပြုတ်ကျလာတာကို ကျနော်တို့မြင်တော့ ဒီအေအာတီရဲတွေကို ချက်ချင်းအကြောင်းကြားတယ်၊ အရာရှိတွေက ၁၀ မိနစ်အတွင်း အဲ့ဒီနေရာကို ရောက်လာပါတယ်” လို့ ပြောပါတယ်။ ရထားထဲမှာ စီစီတီဗွီကင်မရာတွေ မရှိလို့ ဒီအဖြစ်အပျက်ကိုလိုက်ဖို့ ရဲတွေအတွက် အခက်အခဲ ရှိခဲ့ပေမယ့် ဒီအပတ်အစောပိုင်းမှာ ဝိုင်းဝန်းရိုက်နှက်နေတဲ့ရုပ်သံ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တက်လာတဲ့အတွက် ဒီအေအာတီအာဏာပိုင်တွေက အမှုကို ပြန်လည်စစ်ဆေးနေကြပါတယ်။ အခင်းဖြစ်ပြီးနောက် ရထားထွက်သွားပြီး ဂျုံးစ်က ပလက်ဖောင်းပေါ် မလှုပ်ရှားနိုင်တော့ဘဲ လဲကျကျန်ရစ်ခဲ့တဲ့အတွက် သူ့ကို ဆေးရုံပို့လိုက်ရပါတယ်။ ရုပ်သံထဲမှာပါတဲ့ ရိုက်နှက်သူ တဦးချင်းကို ရဲတွေက စုံစမ်းနေပြီး အခင်းဖြစ်မှုကို စုံစမ်းမှုတွေ လုပ်နေတယ်လို့ သြဂုတ် ၂ ရက် မေရာသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up