ရထားသံလမ်း

June 25, 2019

လန်ဒန်မြေအောက်ဘူတာတွင် ၉၁ နှစ်အရွယ်အဘိုးအား သံလမ်းပေါ်တွန်းချခဲ့သူကို ထောင်တသက် ချမှတ်

လူစည်ကားတဲ့ လန်ဒန် မြေအောက်ဘူတာရုံမှာ အသက် ၉၁ နှစ်အရွယ်အဘိုးအား သံလမ်းပေါ် တွန်းချခဲ့သူကို ဇွန်လ ၂၄ ရက်နေ့က ထောင်ဒဏ် တစ်သက်တကျွန်း ချမှတ်လိုက်ပါတယ်။ လူသတ်ရန် ကြိုးပမ်းမှု နှစ်ခုမှာ အပြစ်ရှိကြောင်း တွေ့ပြီးနောက် ပေါလ် ခရော့စ်လေ ဆိုသူကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး သူဟာ အနည်းဆုံး ထောင်ဒဏ် ၁၂ နှစ် ကျခံရမယ်လို့ ဗြိတိန်ပို့ဆောင်ရေးရဲတပ်ဖွဲ့က ပြောပါတယ်။ ခရော့စ်လေဟာ ပြစ်ဒဏ်ချမှတ်မခံရခင် လပေါင်းများစွာ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှု ခံယူခဲ့ပါတယ်။ မနှစ်တုန်းက သူဟာ တော်တယ်ဟမ်ဘူတာရုံမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသားတယောက်ကို သံလမ်းပေါ် တွန်းချခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အဲဒီနောက် သူဟာ Marble Arch ဘူတာရုံကို ရထားနဲ့သွားခဲ့ပြီး အဲဒီမှာ သက်ကြီးရွယ်အို တယောက်ကို သံလမ်းပေါ် တွန်းချခဲ့ပါတယ်။ အဲဒီလို တွန်းချခံရတဲ့ အဘိုးဟာ တင်ပါးဆုံရိုးကျိုးခဲ့ပြီး ဆိုးရွားတဲ့ ပြတ်ရှဒဏ်ရာတွေ ရခဲ့ပါတယ်။ အကြီးတန်း စုံစမ်းရေးအရာရှိတဦးဖြစ်တဲ့ ဒဲရန့်ဂါ့ဖ်ကတော့ ပြစ်မှုကျူးလွန်သူ ခရော့စ်လေကို တသက်တကျွန်း ချမှတ်ခဲ့တာ ဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။
2 years Ago

October 24, 2017

အမျိုးသမီးတဦးအား ရထားသံလမ်းပေါ် သွေးအေးအေးဖြင့် တွန်းချခဲ့သည့် အမျိုးသားကို ဖမ်းဆီး (ရုပ်သံ)

ဟောင်ကောင်မြို့ ရထားဘူတာရုံတခုထဲမှာ သက်လတ်ပိုင်းအရွယ် အမျိုးသမီးတဦးကို ရထားသံလမ်းပေါ် သွေးအေးအေးနဲ့ တွန်းချခဲ့ပြီး လမ်းလျှောက်ထွက်သွားခဲ့တဲ့ အမျိုးသားတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီအမျိုးသားဟာ အပြာရောင် ရှပ်အင်္ကျီနဲ့ အဝါနုရောင် ကက်ဦးထုပ်တလုံး ဆောင်းထားခဲ့ပြီး အမျိုးသမီးရဲ့အနီးကို လမ်းလျှောက်ရင်း ချဉ်းကပ်လာခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက် အမျိုးသမီးရဲ့ နောက်ဘက်ကို ရောက်ချိန်မှာတော့ သံလမ်းတဖက်ခြမ်းက သူ့မိတ်ဆွေကို လက်ဝှေ့ယမ်း နှုတ်ဆက်သယောက်ပြုပြီး တွန်းချလိုက်တာကို တွေ့ရပါတယ်။ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးဟာ ဘူတာရုံ သန့်ရှင်းရေးဝန်ထမ်းတဦး ဖြစ်ပုံရပြီး နောက်ဘက်ကို တအံ့တသြနဲ့ ပြန်လှည့်ကြည့်ခဲ့ချိန်မှာ အဲဒီအမျိုးသားက ဘာတုံ့ပြန်မှုမှ ပြန်မပြခဲ့ဘဲ လမ်းဆက်လျှောက်သွားခဲ့တာပါ။ ဟောင်ကောင်ရှိ ယွမ်လောင်းဘူတာရုံတွင်းမှာ ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှတဆင့် ပျံ့နှံ့သွားခဲ့ပြီး ဝေဖန်နေကြတာဖြစ်တယ်လို့ သည်ဆန်းသတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ အဲဒီအချိန်မှာ ရထားလာနေတာ မဟုတ်တဲ့အတွက် အမျိုးသမီးဟာ ကံကောင်းသွားခဲ့ပေမယ့် သူ့ရဲ့မေးရိုးမှာတော့ ထိခိုက်ဒဏ်ရာရသွားလို့ ဆေးရုံကို ပို့ဆောင်ခဲ့ရတာပါ။ ရဲတွေဟာ ဒီအဖြစ်အပျက်အတွက် အသက် ၅၆ နှစ်အရွယ် ဗြိတိန်လူမျိုးတဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ဒါပေမယ့် သူ့ဆီမှာတော့ ဟောင်ကောင်အမျိုးသားမှတ်ပုံတင်ကတ် လက်ဝယ်ကိုင်ဆောင်ထားခဲ့တယ်လို့ ဆောက်သ်ချိုင်းနားမောနင်းပို့စ် သတင်းက ဆိုပါတယ်။ ရဲတွေကတော့ ခုလိုဖြစ်ခဲ့ပြီး မကြာခင်မှာပဲ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ အဲဒီအမျိုးသားကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပြောပါတယ်။
4 years Ago
Up