ရထားလမ်းချော်

October 8, 2021

တိုကျိုတွင် အင်အားပြင်ငလျင်ကြောင့် ရထားလမ်းချော်

ဂျပန်နိုင်ငံရဲ့ မြို့တော်တိုကျိုမှာ အောက်တိုဘာ ၇ ရက်ညက အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက်မှာ မောင်းသူမဲ့ ရထားတစ်စင်း လမ်းချော်သွားခဲ့ပြီး တိုကျိုနဲ့ကပ်ရက်က ချီဘစီရင်စုက ရေပိုက်လိုင်း ပေါက်ကွဲခဲ့ပါတယ်။ 

အလိုအလျောက် လမ်းကြောင်းကူးပြောင်း မောင်းနှင်စနစ်နဲ့သွားနေတဲ့ Nippori-Toneri Liner ရထားဟာ တိုကျိုမြောက်ဘက်မှာ အရေးပေါ်ရပ်နားလိုက်ရပြီးနောက် အလုံးစုံကို လမ်းချော်သွားတာပါ။ ရထားလိုင်းဟာ အောက်တိုဘာ ၈ ရက် မနက်မှာလည်း ရပ်နားထားရဆဲဖြစ်ပါတယ်။

ချီးဘစီရင်စုမှာ ရေစီးရေလာမြောင်းတံတားတခုပေါ်က ပျက်စီးနေတဲ့ပိုက်မှ ရေတွေ ယိုစိမ့်ထွက်နေပြီး တံတားအောက်ရှိမြစ်ထဲ စီးနေပါတယ်။ 

ငလျင်ဟာ တိုကျိုရဲ့အရှေ့ဘက်ကိုဗဟိုပြုပြီး ဒေသစံတော်ချိန် ည ၁၀ နာရီ ၄၁ မိနစ်မှာ လှုပ်ခတ်သွားတာပါ။  ဂျပန်မိုးလေဝသအေဂျင်စီက အစဦးပိုင်း ငလျင်ပြင်းအား ၆  ဒသမ ၁ လို့ ထုတ်ပြန်ခဲ့ရာက နောက်တော့ ၅ ဒသမ၉ လို့ လျှော့ချထုတ်ပြန်ခဲ့ပါတယ်။ 

ငလျင်ကြောင့် လူဒါဇင်များစွာ ဒဏ်ရာရရှိခဲ့ပြီး အဓိကကတော့ ပြုတ်ကျတဲ့ အရာဝတ္ထုတွေ ထိမှန်တာကြောင့်ဖြစ်ပြီး အသေးစားဒဏ်ရာတွေပဲ ရရှိတာဖြစ်ပါတယ်။ 

2 months Ago

May 27, 2021

ကညွတ်ကွင်းမြို့အနီး ရထားလမ်းတွင်မိုင်းကွဲပြီး စာပို့ရထားလမ်းချော်

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့အနီး ရထားလမ်းမှာ  မေ ၂၆ ရက် ညပိုင်းက ပေ​ါက်ကွဲမှုဖြစ်ပွားပြီး အစုန်ရထားတစ်စီး လမ်းချော်သွားကာ လူတွေထိခိုက်ဒဏ်ရာရတာမရှိဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ကညွတ်ကွင်းမြို့ရဲ့ မြောက်ဘက်အထွက် ညောင်ပင်သာမြို့နဲ့ ကညွတ်ကွင်းမြို့အကြားမှာ မိုင်းပေါက်တာကြောင့် အမှတ်(၂) အစုန် စာပို့ရထားလမ်းချော်သွားခဲ့တာဖြစ်ပါတယ်။ 

ကညွတ်ကွင်းဒေသခံတစ်ဦးက "ရထားတစ်စီး လာတော့မယ်ဆို ရင်တပ်နဲ့ရဲ အင်အားအများကြီးနဲ့ စစ်ကောင်စီဘက်က လုံခြုံရေးယူထားတာ။ လုံခြုံရေးအပြည့်ပေးထားတဲ့ရထားမှ မိုင်းထိတယ်ဆိုတော့ ဘယ်လိုပြောရမှန်းကို မသိတော့ဘူး။ သူတို့သုံးတဲ့ ရထားဆို အမြဲပြည်သူစီးတဲ့ရထားတွေ နောက်ကသိပ်မကွားတဲ့အချိန်မှာ လိုက်လာတာကိုလည်း သတိထားမိတယ်။ မိုင်းထိ ရင်ပြည်သူတွေ စီးတဲ့ရထားထိပေါ့ဗျာ။ ဒီသဘောပဲ"လို့ ပြောပါတယ်။

အဆိုပါပေါက်ကွဲမှုကြောင့်  မီးရထား အစုန်လမ်းပိတ်နေပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လုံခြုံရေးနဲ့ လမ်းပိုင်းပြင်ဆင်နေကြပါတယ်။

ဖြူးမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေပြီး စစ်ကောင်စီရဲ့ တပ်တွေဟာလည်း မြို့တိုင်းလိုလိုမှာ သွားလာလှုပ်ရှားနေကာ အရပ်ဝတ်တွေနဲ့ပါ လှုပ်ရှားနေကြပါတယ်။

6 months Ago
Up