ရထားလမ်းပေါ်

February 10, 2018

ရထားလမ်းပေါ် ဆယ်လ်ဖီရိုက်သည့် အမျိုးသမီး ရထားတိုက်သေဆုံး

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရထားလမ်းပေါ် သူငယ်ချင်းနဲ့ ဆယ်လ်ဖီရိုက်နေတုန်း အမျိုးသမီးတဦး ရထားတိုက်ခံရပြီး သေဆုံးသွားပါတယ်။ အရက်သောက်ပြီး ရထားနဲ့ ဓာတ်ပုံရိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမယ့် အခြားရထားလမ်းကနေ ချည်းကပ်လာတဲ့ ရထားတစီးကိုတော့ မမြင်ဘူးလို့ သေဆုံးသူအမျိုးသမီးရဲ့ သူငယ်ချင်းက ပြောကြောင်း ရဲတွေက ပြောပါတယ်။ အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ခြေထောက်ပြတ်ပြီး နောက်ပိုင်း ဆေးရုံမှာ သေဆုံး သွားပါတယ်။ သူမရဲ့အမျိုးသား မိတ်ဆွေလည်း ဒဏ်ရာ အပြင်းအထန်ရခဲ့ပါတယ်။ အန္တရာယ်ရှိတဲ့နေရာတွေမှာ ဆယ်လ်ဖီရိုက်နေတုန်း သေဆုံးတဲ့ လူဦးရေက မြင့်တက်နေပြီး အခုအခင်းဖြစ်မှုကတော့ ဘန်ကောက်မြို့ ဆမ်ဆန်ဘူတာရုံမှာ ဖေဖော်ဝါရီ ၈ ရက်နေ့က မနက်အစောပိုင်းက ဖြစ်ခဲ့တာလို့ ရဲအရာရှိ ဝိဆာနုဆက်က်ဆီအပ်ဘ်အင်က ဘီဘီစီကို ပြောခဲ့ပါတယ်။ အာဏာပိုင်တွေကတော့ ဘာဖြစ်ခဲ့တယ်ဆိုတာ စုံစမ်းနေတုန်းပဲလို့လည်း ရဲအရာရှိက ပြောပါတယ်။ ထွက်လာပြီး နီးကပ်လာတဲ့ အမြန်ရထားရှေ့ မတ်တပ်ရပ် ရုပ်သံရိုက်တာက အန္တရာယ်များနေပြီး အထူးသဖြင့် အိန္ဒိယနိုင်ငံမှာ အဖြစ်များတယ်လို့ ဆိုပါတယ်။ ဇန်နဝါရီလတုန်းကလည်း အိန္ဒိယနိုင်ငံ ဟိုင်ဒရာဘက်မြို့မှာ အမျိုးသားတဦး ကပ်လာတဲ့ ရထားကို စောင့်ပြီး ရုပ်သံရိုက်ခဲ့လို့ ရထား တိုက်ခံခဲ့ရပါသေးတယ်။ ၂၀၁၇ ခုနှစ် အောက်တိုဘာလတုန်းကလည်း ဒေလီမြို့မှာ ရထားနားပြေးပြီး ရထားလမ်းပေါ် ဆယ်လ်ဖီရိုက်ခဲ့တဲ့ ဆယ်ကျော်သက် ၃ ဦးထဲက ၂ ဦး သေဆုံးသွားတယ်လို့ ဘီဘီစီသတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
3 years Ago
Up