ရထားမီးလောင်

November 1, 2019

ရထားမီးလောင်မှုကြောင့် ၇၃ ဦးသေဆုံး၊ မိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်း ပါကစ္စတန် ဝန်ကြီးချုပ်ပြော

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ အောက်တိုဘာ ၃၁ ရက်က ရထားမီးလောင်မှုကြောင့် လူပေါင်း ၇၃ ယောက်သေဆုံးခဲ့ရတဲ့အတွက် ကျန်ရစ်သူမိသားစုဝင်တွေနဲ့ ထပ်တူဝမ်းနည်းရကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် အီမရန်ခန်က ပြောပါတယ်။  ရထားမီးလောင်မှုက ဒဏ်ရာရသူတွေကို ပြည်နယ်ဆိုင်ရာ ဝန်ကြီးတွေကလည်း  လာရောက်ကြည့်ရှုခဲ့ကြပါတယ်။   ကရာချီမြို့ကနေ ရာဝါလ်ကင်ဒီမြို့ကို ခုတ်မောင်းလာတဲ့ အဲဒီရထားဟာ ပန်ဂျက်ပြည်နယ်တောင်ပိုင်း ရာဟင်မ်ယာခန်မြို့နား ရောက်ချိန်မှာတော့ ရထားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေက ဂက်စ်ဘူးနဲ့ မနက်စာချက်ရင်း မီးထလောင်ခဲ့တာဖြစ်ပြီး တွဲသုံးတွဲ မီးလောင်ပျက်စီးခဲ့တယ်လို့ မီးရထားဝန်ကြီးက ပြောပါတယ်။  ဒါဟာ ၁၅  နှစ်အတွင်း ပါကစ္စတန်နိုင်ငံရဲ့ အဆိုးရွားဆုံး မီးရထားမတော်တဆမှုလည်း ဖြစ်ပါတယ်။ အဲဒီရထားမီးလောင်မှုအတွင်း လူအယောက် ၄၀လောက် ဒဏ်ရာရခဲ့ပါတယ်။   ရာဟင်မ်ယာခန်မြို့ ဆေးရုံမှာ ကုသမှု ခံယူနေတဲ့ ဒဏ်ရာရသူတွေကို ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူး အူစ်မန်ဘူဒါနဲ့ ကျန်းမာရေးဝန်ကြီး ယက်စ်မန် ရာရှီဒ်တို့ လာရောက်ကြည့်ရှုခဲ့ပြီး အကောင်းဆုံး ကုသပေးဖို့ ညွှန်ကြားခဲ့တယ်လို့ ထုတ်ပြန်ချက်တခုမှာ ဖော်ပြပါတယ်။  ခရီးချိန်ကြာတာကြောင့် ခရီးသည်တွေ ရထားပေါ်မှာ အစားအစာ ချက်ပြုတ်ကြတာက မီးလောင်းခဲ့တာပါ။ ရထားမီးမလောင်ခင်မှာ ခရီးသည်တွေအနေနဲ့  ချက်ပြုတ်တာတွေ ရပ်ဖို့ သတိပေးခဲ့ပေးမယ့် လျစ်လျူရှုခဲ့ကြတယ်လို့ မီးရထားဝန်ကြီး ရှိတ်ခ်ရာရှိ အာမတ်က ပြောခဲ့ပါတယ်။
2 years Ago

October 31, 2019

ပါကစ္စတန်တွင် ရထားမီးလောင်မှုကြောင့် ၆၄ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်မှာ အောက်တိုဘာ ၃၁ ရက်နေ့က ရထားတစီး မီးလောင်တာကြောင့် လူ ၆၄ ယောက် သေဆုံးခဲ့တယ်လို့ မီးရထားဝန်ကြီးက ပြောပါတယ်။  ရထားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေဟာ ဂက်စ်ဘူးနဲ့ မနက်စာချက်ရင်း အခုလို မီးထလောင်ခဲ့တာပါ။  ပန်ဂျက်ပြည်နယ်တောင်ပိုင်း ရာဟင်မ်ယာခန်မြို့နားမှာ ရထားမီးလောင်ခဲ့တာဖြစ်ပြီး တွဲသုံးတွဲ မီးလောင်ပျက်စီးခဲ့ပါတယ်။  အဲဒီရထားဟာ ကရာချီမြို့ကနေ ရာဝါလ်ကင်ဒီမြို့ကို ထွက်ခွာလာတာဖြစ်ပြီး မတော်တဆမှုကြောင့် ခရီးသည်တွေ တော်တော်များများလည်း ဒဏ်ရာရခဲ့ကြပါတယ်။  ရထားမီးလောင်မှုအတွင်း စုစုပေါင်း ၆၄ ယောက်သေဆုံးခဲ့တယ်လို့ မီးရထားဝန်ကြီး ရှိတ်ခ်ရာရှိ အာမတ်က ရုပ်သံမိန့်ခွန်းမှာ အတည်ပြုပြောကြားခဲ့ပါတယ်။
2 years Ago
Up