အမျိုးသားတဦးဟာ ရထားထွက်ခွာချိန်မှာ အခကြေးငွေမပေးဘဲ ချိတ်တွယ်စီးနင်းဖို့ ကြိုးစားခဲ့ရာက ခြေချော်ပြုတ်ကျခဲ့ပြီး ရထားကြိတ်မိခဲ့ကာ ခြေထောက်တဘက် ဆုံးရှုံးခဲ့ရတယ်လို့ မေရာသတင်းမှာ အောက်တိုဘာ ၅ ရက်နေ့က ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ ရဲတင်းလွန်းတဲ့ အဲဒီအမျိုးသားဟာ အပြာရောင် ရှပ်အင်္ကျီတထည်ကို ၀တ်ဆင်ထားခဲ့ကာ သံလမ်းအတိုင်း ခုတ်မောင်းလာတဲ့ ရထားပေါ်ကို ခိုတွယ်ဖို့ ကြိုးစားလိုက်ချိန်မှာ ခြေချော်ကျခဲ့တာကို တွေ့ရပါတယ်။
သူ့ရဲ့ခြေထောက်ဟာ ရထားဘီးအောက် ရောက်သွားခဲ့ပြီးနောက် ဆွဲထုတ်နိုင်ဖို့ ကြိုးစားခဲ့တာပါ။
ကျယ်လောင်တဲ့ အော်ဟစ်သံကြောင့် အနီးနားက မျက်မြင်တွေ့ရှိကြတဲ့ တခြားအမျိုးသားတွေဟာ အလျင်အမြန်ပဲ လာရောက်ကူညီခဲ့ကြတာကို တွေ့ရပါတယ်။
သူတို့ထဲမှ တဦးကတော့ သွေးထွက်လွန်နေတာကို တိတ်စေဖို့ သူ့ရဲ့အင်္ကျီကို ဆုတ်ဖြဲပြီး ချည်နှောင်ပေးခဲ့တာကို တွေ့ရပါတယ်။
လက်ရှိမှာတော့ သူ့ကို ဆေးရုံပို့ဆောင်ထားခဲ့ပြီး သူ့ရဲ့အခြေအနေကိုတော့ သေသေချာချာ မသိနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တာ ဖြစ်နိုင်တယ်လို့ သတင်းက ဆိုပါတယ်။
6 years Ago