ရထားတိုက်

July 12, 2019

ပါကစ္စတန်တွင် ရထား ၂ စီးတိုက်မိ၊ ၁၀ ဦးထက်မနည်း သေဆုံး

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် ဆာဒီကာဘတ်မြို့နားမှာ ရထားနှစ်စီး တိုက်မိတာကြောင့် လူ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး အယောက် ၆၀ ဒဏ်ရာရခဲ့တယ်လို့ ဇူလိုင် ၁၁ ရက် ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။ နိုင်ငံအနောက်ပိုင်းက ကွီတာမြို့ကို ဦးတည်ခုတ်မောင်းလာတဲ့ ခရီးသည်တင် ရထားတစီးနဲ့ ကုန်တင်ရထားတစီးတို့ဟာ ဆာဒီကာဘတ်မြို့ ဘူတာရုံမှာ တိုက်မိခဲ့ကြတာပါ။ ကြေမွပျက်စီးနေတဲ့ ရထားတွဲထဲကနေ အလောင်းတွေကို ဆွဲထုတ်ခဲ့ပြီး သေဆုံးသူ အရေအတွက် ထပ်တိုးနိုင်တယ်လို့ ကယ်ဆယ်ရေး အရာရှိတွေက ပြောပါတယ်။ ဒဏ်ရာရသူတွေကို ဆာဒီကာဘတ်မြို့နဲ့ အိမ်နီးချင်း ရာဟင်ယာခန်မြို့က ဆေးရုံတွေဆီကို အလျှင်အမြန် ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါဟာ ပါကစ္စတန်နိုင်ငံမှာ တလအတွင်း လူအသေအပျောက်များတဲ့ ဒုတိယမြောက် ရထားတိုက်မှုပါ။ ဇွန်လ ၂၀ ရက်နေ့ကလည်း ဟိုက်ဒရာဘတ်မြို့မှာ ခရီးသည်တင်ရထားနဲ့ ကုန်တင်ရထားတို့ တိုက်မိလို့ လူ ၃ ယောက်ထက်မနည်း သေဆုံးပါတယ်။
2 years Ago

January 9, 2019

တောင်အာဖရိကတွင် ခရီးသည်တင် ရထားနှစ်စီး တိုက်မိ၊ အနည်းဆုံး ၄ ဦး သေဆုံး

တောင်အာဖရိကနိုင်ငံ ပရက်တိုးရီးယားမြို့မှာ ဇန်နဝါရီ ၈ ရက်နေ့က ခရီးသည်တင် ရထားနှစ်စီး ခေါင်းချင်းဆိုင်တိုက်ခဲ့တာကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ၃၀၀ ကျော် သေဆုံးတယ်လို့ မေရာသတင်းဌာနက ထုတ်ပြန်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်းတွေဟာ အပျက်အစီးတွေအတွင်း ပိတ်မိနေတဲ့ ခရီးသည်တွေကို လွတ်မြောက်အောင် ကူညီပေးနေပါတယ်။ ရထားတိုက်မှုဟာ Mountain View ဘူတာရုံမှာ ဖြစ်ခဲ့ပြီး ရထားတိုက်မှုဖြစ်ချိန် ရထားနှစ်စီးပေါ်မှာ ခရီးသည် ၈၀၀ ဝန်းကျင် လိုက်ပါလာတယ်လို့ သိရပါတယ်။ မနက် ၁၀ နာရီဝန်းကျင်က ရထားတိုက်မှု ဖြစ်ခဲ့ပြီး ရထားနှစ်စီးစလုံးက တွဲတွေ လမ်းချော်ခဲ့ပါတယ်။ ဒဏ်ရာရသူ အများအပြားဟာလည်း မြေပြင်ပေါ်လဲနေပြီး အကူအညီ တောင်းခံနေပါတယ်။ လောလောဆယ် ဘူတာရုံစင်္ကြံကို ယာယီဆေးရုံအဖြစ် အသုံးပြုပြီး ဒဏ်ရာရသူတွေကို ကုသပေးနေပါတယ်။
2 years Ago
More News
Up