ရထားတစီးရှေ့ ခုန်ချသေကြောင်းကြံစည်သည့် အမျိုးသား ကံသီလွတ်မြောက်

January 17, 2017

ရထားတစီးရှေ့ ခုန်ချသေကြောင်းကြံစည်သည့် အမျိုးသား ကံသီလွတ်မြောက် (ရုပ်သံ)

ထိုင်းနိုင်ငံမှာ ဘူတာတခုဆီ ဝင်လာနေတဲ့ ရထားတစီးရှေ့ကို ခုန်ချပြီး သေကြောင်းကြံစည်ခဲ့တဲ့ အမျိုးသားတဦးဟာ ထူးဆန်းစွာပဲ ကံသီလွတ်မြောက်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖက်ချဘူရီခရိုင်တွင်းမှာ ဖြစ်ခဲ့တာလို့ သည်ဆန်းသတင်းတပုဒ်မှာ ဇန်နဝါရီ ၁၄ ရက်နေ့က ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီအမျိုးသားဟာ ဘူတာပလက်ဖောင်းမှာ ခရီးသည်တွေ စောင့်ဆိုင်းနေကြချိန်မှာ ဝင်လာတဲ့ ရထားရဲ့ရှေ့ကို ရုတ်တရက် ခုန်ချခဲ့တာ တွေ့ရပါတယ်။ ရထားဟာ သူ့ရဲ့ကိုယ်ပေါ်ကတဆင့် ဖြတ်သွားခဲ့ချိန်မှာ အနီးနားက မျက်မြင်တွေ့ရှိသူတွေက အဆိုးဝါးဆုံးဖြစ်ခဲ့ပြီလို့ ထင်ခဲ့ကြပေမယ့် သူဟာ အံ့သြဖွယ် လွတ်မြောက်သွားခဲ့တာပါ။ သူဟာ ရထားရပ်သွားခဲ့ချိန်မှာ တွဲဆိုင်းတခုရဲ့ အောက်ကနေ ထွက်လာခဲ့ပြီး ခြံစည်းရိုးကို ခုန်ကျော်ထွက်ပြေးသွားခဲ့တာကို ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။ ဒီအဖြစ်အပျက်ကြောင့် ဆေးကုသရေးဆိုင်ရာ အရေးပေါ်အဖွဲ့တွေ ရောက်ရှိလာကြချိန်မှာတော့ သူ့ကို မတွေ့ရတော့ပါဘူး။ ဒါပေမယ့် ရဲတွေဟာ အဲဒီအမျိုးသားကို မကြာခင်မှာပဲ အနီးနား လမ်းတခုပေါ်မှာ ဖမ်းမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အသက် ၂၃ နှစ်အရွယ် ဝီရာချိုင် နီဆိုင်ရမ် အမည်ရတဲ့ အဲဒီအမျိုးသားဟာ ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ဘူရီယမ်ခရိုင်မှဖြစ်ကာ အလုပ်လက်မဲ့တဦးဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသခံတွေကတော့ သူ့ကို ဒီအနီးတဝိုက်မှာတွေ့ရတာ ၂ ရက်လောက်ရှိပြီလို့ ပြောပါတယ်။ လက်ရှိမှာတော့ ဆေးကုသမှုခံယူနိုင်ဖို့ သူ့ကို ဖရာဂျွန်ကလိုဆေးရုံဆီ ပို့ဆောင်ထားခဲ့ရပြီး သူ့ရဲ့ခြေထောက်မှာ အသေးစားပြတ်တောက်မှုတခု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ကို ဒဏ်ကြေးငွေပေးဆောင်စေတာမျိုး အရေးယူမယူ ဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။
5 years Ago
Up