ရထားစီးနင်းခွင့်

December 29, 2020

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများကို ရထားစီးနင်းခွင့် ပိတ်ပင်ကန့်သတ်

ထိုင်းနိုင်ငံ၊ ဆမွတ်ဆာခွန်းခရိုင်ထဲမှာ ဒီဇင်ဘာ  ၂၀ ရက်နေ့ကစ မြန်မာရွှေ့ပြောင်းအလုပ်သမား အယောက် ၁,၀၀၀ လောက် ကိုဗစ်-၁၉ ကူးစက်ခံရပြီးတဲ့နောက် သက်ဆိုင်ရာခရိုင်ဝန်တွေက မိမိခရိုင်ရှိ ရွှေ့ပြောင်းလုပ်သားတွေကို နယ်မြေပြင်ပထွက်ခွာ ခရီးသွားလာခွင့်တွေ ကန့်သတ်ထား လိုက်ပါတယ်။  ဒါ့အပြင် ထိုင်းနိုင်ငံမီးရထားဦးစီးဌာနကလည်း ရွှေ့ပြောင်းအလုပ်သမားတွေကို ရထားစီးနင်း ခွင့်မပြုတော့ကြောင်း ဒီဇင်ဘာ ၂၅ ရက် နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။  ကိုဗစ်-၁၉ ကူးစက်ရောဂါနှိမ်နင်းရေးအတွက် သက်ဆိုင်ခရိုင်ဝန်တွေ ၊ ဦးစီးဌာနတွေဟာ မိမိနယ်မြေအခြေအနေပေါ်မူတည်ပြီး အရေးပေါ်ထုတ်ပြန်ချက်တွေကို ထုတ်ပြန်နိုင်ကြောင်း ထိုင်း နိုင်ငံ ကိုဗစ်-၁၉ ကူးစက်မှုအခြေအနေ စီမံကွပ်ကဲရေးဗဟိုဌာန (CCSA ) က ခွင့်ပြုထားပါတယ်။ ဒါ့ကြောင့် အဆိုပါလုပ်ပိုင်ခွင့်အာဏာအရ ရွှေ့ပြောင်းလုပ်သားတွေရဲ့ ရွှေ့လျားသွားလာမှုကို ထိန်းချုပ်တဲ့အနေနဲ့  ဒီဇင်ဘာ ၂၅ ရက်က စပြီး ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေ ပြန်လည်ကောင်းမွန်လာတဲ့အထိ သို့မဟုတ် တစုံတရာပြောင်းလဲမှုအခြေအနေရှိတဲ့အထိ နိုင်ငံခြားရွှေ့ပြောင်းအလုပ်သမားတွေကို ရထားစီးခွင့်မပြုဘူးလို့ ထိုင်းမီးရထားဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး နိုင်းဖိချိတ်ခွန်းနထမ်းရတ်က သတင်းထောက်တွေကို ပြောပါတယ်။ ဒါ့အပြင်ခရီးသွားတွေကို စစ်ဆေးဖို့အတွက် ရထားဘူတာရှိ ဝန်ထမ်းဦးရေတွေလည်း တိုးမြှင့်ချထားပြီး ကိုဗစ်-၁၉ ကာကွယ်ရေးအရှိန်မြှင့် ဆောင်ရွက်ဖို့ သူကဆက်ပြောပါတယ်။ ရွေးပြောင်းလုပ်သားတွေကို ရထားစီးနင်းခွင့်ပိတ်ထားတဲ့ အထဲမှာ ရိုးရိုးတန်းရထား၊ အမြန်ရထား၊ မိုးပျံရထားနဲ့ မြေအောက်ရထားတွေ အားလုံးပါဝင်ပါတယ်။   ကိုဗစ်-၁၉ ကူးစက်မှုကို အခြေအနေကိုလိုက်ပြီး  CCSA က အဆိုးရွားဆုံးအဆင့် (၁) အဖြစ် စမွတ်စခွန်းခရိုင်၊ အဆင့်  (၂ ) ဘန်ကောက်၊ ဆမွတ်ဆုန်ခရန်း၊ ရာ့ချ်ပူရီ၊ နခွန်းပထုံ၊ အဆင့် (၃ ) ဆရာပူရီ၊ ဆမွတ်ပရကန်၊ ဆုဖန်းပူရီ၊ နွန်ထပူရီ၊ ပုထုန်ဌာနီ၊ ဥဒရာဒေ့ချ်၊ ချချိန်းဆောင်း၊ ကမ်ဖိုင်ဖစ်၊ ဖစ်ချဘွန်း၊ အယုဒ္ဓယ၊ ဖူးကစ် ၊ ဖစ်ချ်ပူရီ၊ နခွန်းရာ့ချ်ဆီမား၊ ပရကျင်းပူရီ၊ ခွန်ကဲန်၊ ချိုင်းနတ်၊ ဥဒွန်းဌာနီ၊ ဖိကျစ်၊ နခွန်းဆီးထမရတ်၊ စူရတ်ဌာနီ၊ ပကျုတ်ခီရီခန်၊ ချိုင်းယဖုမ်း၊ နခွန်းဆဝမ်၊ အန်ထောင်း စတဲ့ခရိုင် ၂၅ ခုနဲ့ တခြား စိတ်မချရတဲ့ခရိုင်တွေဆိုပြီးသတ်မှတ်ထားပါတယ် ။  အလားတူ ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဦးစီးဌာန ညွှန်မှူး ကျီရုတုမ် ဝိဆန်ကျစ်ကလည်း ဆမွတ်ဆာခွန်းမှာ ကိုဗစ်-၁၉ ကူးစက်မှုရှိတဲ့နောက် ဆမွတ်ဆာခွန်းနဲ့ ပြေးဆွဲနေတဲ့ အဝေးပြေးယာဉ်တွေနဲ့ လိုင်းကားတွေကို ပိတ်ထားထားပါတယ်။  အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင်နဲ့ ဘန်ကောက်ကို ပြေးဆွဲနေတဲ့လိုင်းအပါအဝင် ဘန်ကောက် - ဆမွတ်ဆာခွန်းက မော်တော်ယာဉ်လိုင်း ၅ လိုင်း၊ တခြားခရိုင်နဲ့ ဆက်သွယ်ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်း ၁၀ လိုင်းကိုပါ ပိတ်ထားတယ်လို့ သနေရှင်းသတင်းမှာ ဖော်ပြပါတယ်။  ထိုင်းမြောက်ပိုင်း ချင်းမိုင်ခရိုင်ရှိ အားခေတ်မော်တော်ယာဉ်လိုင်းပေါင်းစုံဂိတ်ကလည်း သက်သေအ ထောက်အထားမပြည့်စုံတဲ့ ၊ နယ်မြေထွက်ခွာခွင့်လက်မှတ်မပါတဲ့ ရွှေ့ ပြောင်းအလုပ်သမားတွေကို အဝေးပြေးကားစီးခွင့်ပြုမှာမဟုတ်ကြောင်း၊ ကားလက်မှတ်တွေကို လည်း သက်သေအထောက်အထားပြမှ ရောင်းချပေးမှာဖြစ်ပြီး လက်မှတ်ဝယ်သူနဲ့ စီးသူတစ်ဦး တည်းဖြစ်ရမယ့်အကြောင်း ထုတ်ပြန်ထားတယ်လို့ ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။  ချင်းမိုင်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ခရိုင်အဆင့်ဆောင်းရာသီပွဲတော်ကို ရုပ်သိမ်းမှာ မဟုတ်ပေမယ့် ရွှေ့ပြောင်းအလုပ်သမားတွေကတော့ ကိုဗစ်-၁၉ ကင်းစင်ကြောင်း ထောက်ခံစာ ဒါမှ မဟုတ် ၁၅ ရက်အတွင်း နယ်မြေပြင်ပခရီးသွားရာဇဝင်မရှိကြောင်း ထောက်ခံစာပြမှ ပွဲခင်းထဲ ပေးဝင်မယ်လို့ ပွဲကော်မတီက ကြေညာထားပါတယ်။ 
10 months Ago
Up