ပြင်သစ်နိုင်ငံမှာ ဒီသီတင်းပတ်ဟာ ခရစ္စမတ် အားလပ်ရက်အစ ဖြစ်ပေမယ့် မီးရထားလိုင်းတွေ အနည်းငယ်သာ ပြေးဆွဲနေတာမို့ ခရီးသွားတွေ အခက်တွေ့နေပါတယ်။
ဒီဇင်ဘာ ၂၁ နဲ့ ၂၂ ရက်မှာ ရထားလက်မှတ် ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ ခရီးသွားစုစုပေါင်း ၁ ဒသမ ၇ သန်း ရှိပါတယ်။
ခရစ္စမတ်ကာလအတွင်း ပြင်သစ်နိုင်ငံတဝန်းက ပြည်သူတွေဟာ မိဘ၊ မိတ်ဆွေတွေရှိရာ သွားလာတာမို့ တနှစ်တာရဲ့ ခရီးသွားအများဆုံး သီတင်းပတ်ကုန်ရက်လည်း ဖြစ်ပါတယ်။
နိုင်ငံတဝန်း အလုပ်သမားသပိတ်တွေ ဆင်နွှဲနေတာကြောင့်လည်း ဘွတ်ကင် လုပ်ထားတဲ့ ပြည်သူထက်ဝက်လောက်ဟာ ခရီးသွားလို့ မရနိုင်ဘူး ဆိုတာကို ရထားလုပ်ငန်းကုမ္ပဏီ SNCF အနေနဲ့ အကြောင်းကြားရမယ့် ကိန်းဆိုက်နေပါတယ်။
ဈေးသက်သာတဲ့ ဝီဂိုရထားကုမ္ပဏီက ပုံမှန်အတိုင်း အများအပြား ပြေးဆွဲသွားမှာ ဖြစ်ပေမယ့် SNCF ဟာ ရထားဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ၅၀ ရာခိုင်နှုန်းကို လုပ်ကိုင်နေပါတယ်။
အခုလို သပိတ်တွေ ပြီးဆုံးမယ့်လက္ခဏာ မတွေ့တာကြောင့် ထောင်ချီတဲ့ ခရီးသွားတွေအနေနဲ့ ခရီးစဉ်ကို ဖျက်တာမျိုး၊ မဖျက်ရင်လည်း မော်တော်ကားနဲ့ သွားတာမျိုးကို ရွေးချယ်ရတော့မှာ ဖြစ်ပါတယ်။
1 year Ago