ရတနာပုံမန္တလေးကို… အသက်ကလေးရယ်တဲ့ ရှည်စေလိုရင်ဖြင့် (၁)

April 7, 2016

ရတနာပုံမန္တလေးကို … အသက်ကလေးရယ်တဲ့ ရှည်စေလိုရင်ဖြင့် (၃)

ဒီဆောင်းပါးရဲ့ အပိုင်း ၁ နဲ့ ၂ မှာတော့ ရေဘေး၊ မီးဘေး၊ ခြင်ဘေး၊ ပူလောင်ခြောက်သွေ့မှုဘေးတွေအကြောင်း ရေးခဲ့ပါတယ်။ အခုနောက်ဆုံးအပိုင်းမှာတော့ ရှေးဟောင်းအမွေအနှစ် ပျက်စီးမှုဘေး၊ ယဉ်ကျေးမှု ကွယ်ပတိမ်ကောခြင်းဘေးနဲ့ အမျိုးသားရေးလက္ခဏာ ပျက်သုဉ်းခြင်းဘေးအကြောင်း ရေးပါ့မယ်။ (၅) ရှေးဟောင်းအမွေအနှစ် ပျက်စီးမှုဘေး သမိုင်းတင်စခေတ်ကနေ ဗမာနိုင်ငံရဲ့သမိုင်းကို စောင်းငဲ့ကြည့်လိုက်ရင် ဧရာဝတီမြစ်ရိုးတလျှောက်မှာသာမက ဗမာနိုင်ငံ တနံတလျားမှာ တကောင်း၊ သရေခေတ္တရာ၊ ဗိဿ   နိုး၊ ဟန်လင်း၊ ဓည၀တီ၊ သုဝဏ္ဏဘုမ္မိ၊ ပုဂံ ပင်းယ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ပြည်၊ ဟံသာဝတီ ဥသာပဲခူး၊ ဝေသာလီ၊ ကန္တာရဝတီ၊ မောရဝတီ/ကမ္ဘောဇ၊ ရွှေဘို၊ အမရပူရ၊ ရတနာပုံမန္တလေး အစရှိတဲ့ ပြည်ထောင်စုတိုင်းရင်းသားပေါင်းစုံရဲ့ သမိုင်းအထောက်အထား မျိုးရိုးဗီဇနဲ့ အစွမ်းအစ ပြယုဂ်တွေအဖြစ် ပေါ်ပေါက်ခဲ့တဲ့ ခမ်းနားကြီးကျယ်တဲ့ အင်ပါယာ မြို့ပြနိုင်ငံတော်ကြီးတွေ ပေါ်ထွန်းခဲ့ပါတယ်။ အဲ့ဒီအင်ပါယာ မြို့ပြနိုင်ငံတော်ကြီးတွေထဲမှာ ရတနာပုံမန္တလေးဟာ ဗမာမင်းတို့ရဲ့ နောက်ဆုံး နန်းစိုက်ခဲ့ရာ မင်းနေပြည်တော်ဖြစ်လို့ ရှေးဟောင်းအမွေအနှစ်၊ သမိုင်းအထောက်အထားတွေ အသစ်လွင်ဆုံး ကျန်ရစ်ခဲ့တဲ့မြို့ ဖြစ်ပါတယ်။ ရတနာပုံမန္တလေးကို ကုန်းဘောင်မင်းဆက်ရဲ့ ဒုတိယနောက်ဆုံးမင်းဖြစ်တဲ့ မင်းတုန်းမင်းကြီးက မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ် (ခရစ်သက္ကရာဇ် ၁၈၅၇ ခုနှစ်) မှာ တည်ခဲ့တာမို့  မြို့တည်နန်းတည်သက်ဟာ နှစ်ပေါင်း ၁၆၀ နီးပါး ရှိနေပါပြီ။ မန္တလေးမြို့တည်နှစ် မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်ကို အစွဲပြုလို့ မှတ်ရလွယ်အောင် အုတ်ကျစ်ကျော်အေး မန္တလေး၊ အောင်ကျော်ချမ်းအေး မန္တလေးလို့ ဆိုခဲ့ကြပါတယ်။ ရတနာပုံမန္တလေးကို မတည်ခင်မှာ မင်းတုန်းမင်းနန်းစံတဲ့ မင်းနေပြည်တော်ဟာ မန္တလေးရဲ့တောင်ဘက် ၁၂ ကီလိုမီတာအကွာမှာရှိတဲ့ အမရပူရမြို့မှာပါ။ အမရပူရမြို့ တည်ခဲ့တုန်းကလည်း ကုန်းဘောင်မင်းဆက်ရဲ့ ဘိုးလောင်းတော်၊ ဘေးလောင်းတော်တွေထဲက ဆင်ဖြူရှင်မင်း ၁၇၆၁ ခုနှစ်လောက်က ရွှေဘိုကနေ ပြောင်းရွှေ့နန်းစံခဲ့တဲ့ အင်းဝနေပြည်တော်က နန်းတော်ဟောင်းကိုဖျက်ပြီး ပြောင်းရွှေ့ခဲ့တာပါ။ မင်းတုန်းမင်းက ရတနာပုံမန္တလေးမြို့သစ် တည်တော့လည်း အဲ့ဒီ အမရပူရ နန်းတော်ဟောင်းကိုဖျက်ပြီး ရွှေပိန်းချ တိုင်လုံးကြီးတွေ၊ ပန်းပုအပြောက်အမွှမ်းတွေ၊ ပလ္လင်တွေကို ရွှေ့ပြောင်းသယ်ယူခဲ့တယ်လို့ ဆရာမြသန်းတင့် ရေးခဲ့တဲ့ “သမိုင်းထဲကမန္တလေး မန္တလေးထဲကသမိုင်း” စာအုပ်ထဲမှာလည်း ဖော်ပြထားပါတယ်။ ဆိုချင်တဲ့သဘောက မန္တလေးရဲ့ ရှေးဟောင်းအမွေအနှစ်တွေဟာ အင်းဝခေတ်၊ အမရပူရခေတ်တွေနဲ့ ဆက်စပ်နေတာကို ပြောချင်တာပါ။ မင်းတုန်းမင်းဟာ မန္တလေးမြို့တည်တော့ အရပ်ဌာနကြီး ၇ ရပ်ကို အတူတကွ တည်စေခဲ့တာပါ။ မြနန်းစံကျော် ရွှေနန်းတော်ကြီး အပါအ၀င် အုတ်မြို့ရိုးတွေ ရံထားတဲ့ နန်းမြို့ ရေကျုံး၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား၊ ပိဋကတ်တော် ကျောက်စာချပ်များ၊ အတုမရှိကျောင်းတော်၊ ပဋ္ဌာန်းဟောရွှေသိမ်နဲ့ သုဓမ္မာဇရပ်တန်းတွေ ဖြစ်ပါတယ်။ အဲ့ဒီလို မျက်မြင်ထင်ရှား သမိုင်းအထောက်အထားတွေနဲ့ သက်တမ်းရင့် ရှေးဟောင်းအမွေအနှစ်တွေဟာ တန်ဖိုးကို နားမလည်ရုံမက တန်ဖိုးမထားတတ်တဲ့ စစ်အာဏာရှင်တွေ လက်အောက်မှာ နှစ်ပေါင်း ၅၀ ကျော် ကောင်းမွန် စနစ်ကျစွာ ထိန်းသိမ်းစောင့်ရှောက်မှု မခံခဲ့ရတော့ မပျက်စီးသင့်ဘဲ ပျက်စီး၊ မယိုယွင်းသင့်ဘဲ ယိုယွင်းနေခဲ့တာ အလွန်ဝမ်းနည်းစရာ ကောင်းပါတယ်။ ရေရှည်စောင့်ရှောက် ထိန်းသိမ်းမယ့် စီမံကိန်းမပါတဲ့၊ ခေတ်မီနည်းပညာတွေမသုံး၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ စနစ်တကျ မတိုင်ပင်ဘဲ ကောက်ရိုးမီးလို ဟုန်းခနဲတောက် ပြန်ငြိမ်းသွားသလိုမျိုး မွမ်းမံထိန်းသိမ်းမှုမျိုးတွေ စစ်အာဏာရှင်ခေတ် အဆက်ဆက်မှာ အပြသဘောမျိုး လုပ်ခဲ့ကြတာ ပြီးခဲ့တဲ့ ဦးသိန်းစိန်တို့ အစိုးရသက်တမ်းထိ တိုင်အောင်ပဲ မဟုတ်လား။ စစ်အာဏာရှင်ခေတ်တလျှောက်လုံး နန်းမြို့တွင်းမှာ မလိုအပ်ဘဲ စစ်တပ်တွေကို နေရာချထားခဲ့တယ်။ တိုင်းမှူး၊ တပ်မမှူး၊ ဗျူဟာမှူးတွေတင်မက ထောက်ပို့တပ်တွေအထိ အဖိုးတန် ရှေးဟောင်းအမွေအနှစ်တွေကြားမှာ နေထိုင်ခဲ့ကြတယ်။ အကျဉ်းဦးစီးဌာန မန္တလေးဗဟိုအကျဉ်းထောင်ကိုတောင် ၁၉၉၄ ခုနှစ်ကျော် နောက်ပိုင်းလောက်ကမှ မန္တလေးမြောက်ပြင် အိုးဘိုဘက် ရွှေ့ပြောင်းသွားခဲ့တာ။ သိတဲ့အတိုင်းပဲ လူတွေနေထိုင်ကြပြီ ဆိုတာနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုဆိုတာ ရှိတော့တာပေါ့။ နန်းဆောင်တွေမြောက်ဘက် ထန်းလုံးအမြောက်ကြီးတွေဆိုတာ စနစ်တကျ မထိန်းသိမ်းထားခဲ့တော့ သံချေးတွေ အဖတ်လိုက် ကွာကွာကျနေတာကို စာရေးသူတို့ ကျောင်းသားဘ၀ ရောက်ခဲ့စဉ်က တွေ့နေခဲ့ရတာ။ အုတ်မြို့ရိုးဆိုတာ အတွင်းပိုင်း လူမမြင်နိုင်တဲ့ တချို့နေရာတွေများ အချပ်လိုက် ကွာကျတာတွေများပြီး ဂလိုင်ကြီးတွေတောင် ဖြစ်နေခဲ့တာ။ မြို့ရိုးတံခါး ပတ္တာကြီးတွေဆိုတာ သံချေးတွေ အတစ်လိုက်နဲ့ နန်းဆောင်တွေပေါ်မှာ ဗဟိုရ်စင်၊ စွယ်တော်စင်ဆိုတာ ဖုံတသောသော၊ မင်းညီမင်းသားတွေ ရေကစားတဲ့ ဘုတ်တလုပ်ကန်ဆိုတာ မြက်ရိုင်းတွေထ၊ အယင်တုန်းကဆို အတွဲတွေ ချောင်ခိုထိုင်တဲ့နေရာ၊ အမှိုက်ပစ်ချင်သလိုပစ်၊ မစင်စွန့်ထားတာတောင် တွေ့ခဲ့ဖူးတယ်။ ဒီနေရာမှာ ကြားဖြတ်လို့ ၁၈၉၁ ခုနှစ်ကနေ ၁၈၉၅ ခုနှစ်ထိ ဗမာနိုင်ငံမှာ နေထိုင်သွားတဲ့ ကိုလိုနီခေတ် ဗြိတိသျှအရာရှိတဦးဖြစ်တဲ့ စကော့ အိုကွန်းနား (Scott O’connor) ရေးသားပြီး ၁၉၀၇ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ (Mandalay and other cities of the past in Burma) စာအုပ်ကို ဆရာမြသန်းတင့်က “သမိုင်းထဲကမန္တလေး မန္တလေးထဲကသမိုင်း” ဆိုတဲ့အမည်နဲ့ ဘာသာပြန်ခဲ့တဲ့ စာအုပ်ထဲက အမှာစာထဲမှာပါတဲ့ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းခြင်းဆိုင်ရာ စိတ်ဓာတ်နဲ့ ခံယူချက်အကြောင်းပါ။ အိုကွန်းနားရဲ့ အဲ့ဒီစာအုပ်ကို ပုံမနှိပ်မီတုန်းက မန္တလေးနန်းတွင်း ရာဇပလ္လင်ခန်းထဲမှာ အင်္ဂလိပ်စစ်တပ်တွေက ကလပ်ဖွင့်ထားသတဲ့။ နန်းဆောင်ထဲက အခန်းတချို့ကိုလည်း တပ်တွင်း ၀တ်ပြု ဘုရားရှစ်ခိုးကျောင်း လုပ်ထားကြသတဲ့။ အဲ့ဒီစာအုပ်ကို အိန္ဒိယဘုရင်ခံချုပ် လော့ကာဇုန် တွေ့သွားတော့ ဖွင့်ထားတဲ့ကလပ်တွေ၊ ဘုရားရှစ်ခိုးကျောင်းတွေကို ချက်ချင်းဖယ်ရှားခိုင်းပြီး မန္တလေးနန်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ မိန့်ခဲ့တယ်ဆိုတဲ့ အကြောင်းပါပဲ။ လူမျိုးခြား တိုင်းတပါးသားတွေကတောင် သမိုင်းအထောက်အထား ရှေးဟောင်းအမွေအနှစ်ဆိုရင် ကိုယ့်လူမျိုးဟာ မဟုတ်တာတောင် တန်ဖိုးထား ထိန်းသိမ်းရမယ်ဆိုတဲ့ အချက်ကို ထင်ရှားစေချင်တာပါ။ ဒါမှလည်း နှောင်းလူတွေ မြင်ရ၊ သင်ခန်းစာယူနိုင်ကြမယ် မဟုတ်လား။ စစ်အာဏာရှင်ဆိုတဲ့ သူတွေကတော့ သမိုင်းဆိုင်ရာ အထောက်အထားတွေ၊ ရှေးဟောင်းအမွေအနှစ်တွေဆိုတာ တန်ဖိုးမထားရုံသာမကဘဲ ပုံဖျက်ချင်သလို ပုံဖျက်ပြီး နောင်လာနောက်သား မျိုးဆက်တွေကို လမ်းမှားပို့ကြတဲ့သူတွေ မဟုတ်လား။ (၆) ယဉ်ကျေးမှုကွယ်ပတိမ်ကောခြင်းဘေး အရှေ့တောင်အာရှနိုင်ငံတွေ ခန့်ညားလေးစားခဲ့ရပြီး အိမ်နီးချင်းနိုင်ငံတချို့ သစ္စာခံခဲ့ရလောက်အောင် ဂုဏ်ရှိန်ကြီးပြီး ကျယ်ပြောခဲ့တဲ့ ကုန်းဘောင်မင်းဆက်ရဲ့ တတိယ ဗမာနိုင်ငံတော် အင်ပါယာ နန်းစိုက်ရာ နောက်ဆုံးမင်းနေပြည်တော်ကြီးဖြစ်တာမို့ မန္တလေးဟာ ဗမာနိုင်ငံမှာတော့ ယဉ်ကျေးမှုနဲ့ အနုပညာရပ်တွေ အစုံလင်ဆုံး၊ အထွန်းကားခဲ့ဆုံးမြို့တော် ဖြစ်သလို အထင်အရှား ကျန်ရစ်တဲ့မြို့တော် ဖြစ်တယ်။ ပန်းချီ၊ ပန်းပု၊ ပန်းရံ၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းတမော့၊ ပန်းတိမ်၊ ပန်းပွတ်၊ ပန်းပဲ၊ ပန်းယွန်း အစရှိတဲ့ ပန်းဆယ်မျိုး အနုပညာတွေ ထွန်းကားခဲ့တယ်။ အခုချိန်ထိအောင် ပန်းတမော့လုပ်ငန်း၊ ပန်းတဉ်းလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေတဲ့ နေရာဌာနတွေကို မဟာမြတ်မုနိဘုရား အနီးဝန်းကျင်တွေ၊ ကျောက်ဆစ်တန်း၊ ရွှေပြားခပ်တဲ့ မျက်ပါးရပ်တန်းတွေ ခုထိတိုင် ကျန်နေပါသေးတယ်။ နောက်ပြီး ဘုရင့်နောင်၊ အလောင်းဘုရား၊ ဆင်ဖြူရှင်လက်ထက် ယိုးဒယားကို အောင်နိုင်ခဲ့တော့ ခေါ်လာကြတဲ့ အနုပညာရှင်တွေနဲ့ အတူပါလာတဲ့ အတီးအမှုတ်၊ အကအခုန် အနုသုခုမ ပညာရပ်တွေနဲ့ မြန်မာဂီတ အနုသုခုမ ပညာရပ်တွေ ပေါင်းစပ်လို့ သျှမ်းသျှမ်းတောက် ထွန်းကားခဲ့တယ်။ စာရေးသူတို့ ငယ်စဉ်တုန်းအချိန်ကဆိုရင် မန္တလေးရဲ့ လမ်း ၈၀ ပေါ်က စိန်ကျော်ကွေ့မှာဆိုရင် အငြိမ့်ဆိုင်းဘုတ်၊ ဆိုင်းဝိုင်းကြော်ငြာ၊ ဘိသိတ်ဆရာ ဆိုင်းဘုတ်တွေဆိုတာ နေရာလပ်မရှိဘူး။ ၁၂ ပွဲဈေးတွေ၊ ဘုရားပွဲ၊ အလှူပွဲ၊ နောက်ဆုံး ရပ်ကွက်ဓမ္မာရုံ ဘုရားပွဲတောင် အငြိမ့်ထည့်ရင်ထည့်၊ ဆိုင်းဝိုင်းတွေ၊ ခြင်းဝိုင်းတွေဆိုတာ တနှစ်ပတ်လုံး မပြတ်ရှိနေခဲ့တာ။ မန္တလေးအခေါ် တပြလောက်လျှောက်ရင် အငြိမ့်စင်တခု၊ ဆိုင်းဝိုင်းတ၀ိုင်းတော့ တွေ့ရတတ်တယ်။ အခုတော့ ပြောင်းလဲလာတဲ့ ခေတ်နဲ့အတူ မဆန်းသစ်နိုင်ကြတော့တာရယ်၊ ရွာနေပြည်ထိုင် မန္တလေးသူ မန္တလေးသားတွေ မြို့ပြင်ရောက်ကုန်တာ များလာတာရယ်၊ ဗမာ့ယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာတွေကို နားမလည် တန်ဖိုးမထားတတ်တဲ့၊ ဗမာစကားတောင် ကောင်းကောင်းမပြောတတ်တဲ့ ခေတ်ပျက်သူဋ္ဌေး၊ စိနတိုင်းသား ပြည်ကြီးတရုတ်တွေဟာ မြို့လယ်ကောင်နေရာတွေ၊ ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ နေရာတွေကို ၀င်ရောက်ပိုင်ဆိုင်လာကြတာရယ်၊ အုပ်ချုပ်တဲ့ အစိုးရက ထိထိရောက်ရောက် မြေတောင်မြှောက် ထောက်ပံ့ အားမပေးခဲ့တော့ တဖြည်းဖြည်းနဲ့ ယဉ်ကျေးမှု အနုပညာရပ်တွေ ချည့်နဲ့အားနည်း ပိန်လှီဖျော့တော့ လာခဲ့ရုံမက တချို့ အနုပညာရပ်တွေဆို အလားအလာမရှိ၊ ထိန်းသိမ်းဆက်ခံမယ့်သူ မရှိလို့ တိမ်ကောပျောက်ကွယ်ခဲ့၊ ပျောက်ကွယ်လု အခြေအနေထိ ဆိုက်ရောက်နေရပြီ။ ဒီလိုကိစ္စတွေမှာ အစိုးရက တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွား၊ ယဉ်ကျေးမှုတွေ ထိန်းသိမ်းနိုင်ဖို့ ထုတ်သင့်တဲ့ ဥပဒေတွေထုတ်၊ စွက်ဖက်သင့်တာ စွက်ဖက်ဖို့ တာဝန်ယူ ကာကွယ်ပေးဖို့ လိုတယ်။ (၇) အမျိုးသားရေးလက္ခဏာ ပျက်သုဉ်းခြင်းဘေး အမျိုးသားရေးလက္ခဏာအကြောင်း ပြောကြရင် မန္တလေးလို့ ဆိုတာနဲ့ အပြောအဆိုမှာဆို ပီယ၀ါစာ စကားနဲ့ ချိုသာစွာ ပြောဆိုတတ်တယ်၊ လူမှုဆက်ဆံရေးမှာ ဂါရ၀တရား ထားတတ်တယ်၊ ဘာသာရေးဆိုလည်း အလေးမြတ်ထားလို့ ရိုသေကိုင်းရှိုင်းတယ်၊ အလှူအတန်း ရက်ရောကြတယ်၊ အနေအထိုင်မှာဆို ယဉ်ကျေးသိမ်မွေ့တယ်၊ ၀တ်စားဆင်ယင်မှုမှာ ဣနြေ္ဒရှိရှိ၊ သိက္ခာရှိရှိ ၀တ်စားတတ်တယ်၊ မန်းဆန်တယ်၊ နန်းဆန်တယ် စတဲ့ ဂုဏ်သတင်းတွေနဲ့ ကောင်းသတင်းတွေ ကျော်ဇောထင်ရှားခဲ့တာ မဟုတ်လား။ အရင်တုန်းက မန္တလေးသူတွေ ရွှေခြေချင်းဝတ်ပြီး စက်ဘီးစီးကြတယ်ဆိုတာ ဒဏ္ဍာရီပုံပြင်လို ဖြစ်သွားခဲ့ပြီ မဟုတ်လား။ အမျိုးသားရေးလက္ခဏာတွေ ပျက်သုဉ်းလာတာကို ထင်ရှားစွာ ညွှန်ပြနေတာက မန္တလေးသင်္ကြန်ပါ။ မန္တလေးမှာ အရင်တုန်းက သင်္ကြန်အကြိုနေ့ဆိုရင် ကံ့ကော်ညွန့်၊ အုန်းညွန့်၊ တမာကိုင်း၊ မာလကာကိုင်း၊ သပြေညွန့်တွေပါတဲ့ အတာအိုးနဲ့ နှစ်သစ်ကူးကို ကြိုလေ့ရှိတယ်။ ပြီးတော့ အခုလိုကြီး ရေပက်လေ့ မရှိသေးပါဘူး။ အခုတော့ သင်္ကြန်လေးရက်စလုံးတင်မက သင်္ကြန်မတိုင်ခင်ကတည်းက စည်းမဲ့ကမ်းမဲ့ ရေပက် ရေဖြုန်းတတ်တဲ့ဓလေ့တွေ စွဲကုန်ကြပြီ။ ရေပက်ကြတော့လည်း အခုလို ကျုံးဘေးပတ်ပတ်လည် စပွန်ဆာကုမ္ပဏီ မဏ္ဍပ်ကြီးတွေရှေ့ အမျိုးသားရေးလက္ခဏာဆိုတာ ဘာမှမကျန်တော့အောင် ဖင်ပေါ်ခေါင်းပေါ်အောင် ၀တ်ထား၊ မူးယစ်သောက်စား၊ ရမ်းကား မိုက်ရိုင်းထွားကြိုင်းကြပြီး နှမချင်းမစာနာ အော်ဟစ်ဆဲဆို ကခုန်ကြ၊ ဆွဲကြဖြဲကြ၊ ရန်ဖြစ်ကြတာမျိုးမဟုတ်ဘူး၊ ဒီလိုဖြစ်အောင် လွှတ်ပေးခဲ့တဲ့ စစ်အာဏာရှင် အစိုးရတွေမှာ အမျိုးသားရေးလက္ခဏာတွေ ပျက်သုဉ်းမှုအရေးမှာ တာဝန်ရှိတယ်။ ကြီးကြီးကျယ်ကျယ် ဘာစပွန်ဆာမှ မလိုဘူး။ ရရာဝါးလုံး၊ သစ်သားတန်းနဲ့ မဏ္ဍပ်လေးဆင်၊ ငှက်ပျောခက်၊ အုန်းလက်တွေနဲ့ အလှဆင်၊ ပီပါပြတ်တွေ၊ စဥ့်အိုးတွေချလိုက်ရင် ရေကစားမဏ္ဍပ်ဖြစ်ပြီ။ ရေကစားပြီးမောလာ၊ ဆာလာတဲ့သူတွေကို စတုဒီသာကျွေးဖို့ မုန့်လုံးရေပေါ်လုပ်အောင် မိုးပြဲဒယ်အိုးကြီးတည်၊ တချို့ မုန့်လုံးရေပေါ်ထဲ ငရုတ်သီးတွေထည့်ပြီး ညာကျွေးကြတော့ ကံဆိုးတဲ့သူ စားမိရင် အော်ဟစ်ကြတဲ့အခါ ရေခပ်ပေးကြ၊ ပျော်ကြ၊ အိုးမည်းသုတ် ကျီစယ်ကြနဲ့ အလွန်ပျော်စရာ ကောင်းခဲ့တာ။ အဲ့ဒီတုန်းက ရန်ဖြစ်တယ်ဆိုတာ မရှိသလောက် ရှားပါတယ်။ သင်္ကြန်ရက်တွေမှာ လူငယ်တွေ ပျော်ပါးပြီး နှစ်ဆန်းတရက်နေ့ ရောက်တော့လည်း ဇီဝိတဒါန ပြုသူကပြု၊ အဖိုးအဖွား၊ အမိအဖနဲ့ သက်ကြီးရွယ်အိုတွေ ကန်တော့ကြ၊ ခေါင်းလျှော်ပေး၊ ခြေသည်းလက်သည်း ညှပ်ပေးသူကပေးနဲ့ ကုသိုလ်ယူကြတာပေါ့။ အခုခေတ်သင်္ကြန်ကတော့ တအုံးအုံး တရုန်းရုန်း ရန်ပွဲတွေတခြိမ့်ခြိမ့်၊ အမူးသမားတွေရမ်းကား၊ အခွင့်ကောင်းယူတဲ့ ပွဲတော်ကြီးလို ဖြစ်သွားတော့ လူကောင်းသူကောင်းတွေ များများစားစားထွက် ရေမကစားကြတော့ဘူး။ အိမ်မှာ ဥပုသ်စောင့်ရင်စောင့်၊ တရားစခန်းဝင်ချင် ၀င်ကြတော့တာ မဟုတ်လား။ ဟိုတလောကတော့ ဒီနှစ်မှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုနဲ့ ကိုက်ညီမယ့် နှစ်ကူးအတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနဲ့ မြို့မိမြို့ဖတွေ မတ်လ ၂၇ ရက် နံနက်က တိုင်းဒေသကြီး လွှတ်တော်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့ သတင်းကို ဒီဗွီဘီသတင်းမှာ ဖတ်လိုက်ရလို့ အတော်ဝမ်းသာအားရ ဖြစ်မိတယ်။ ရေဖြုန်းငွေဖြုန်းဖြစ်နေတဲ့ သင်္ကြန်ပွဲတော်ကနေ ရိုးရာယဉ်ကျေးမှု အနုပညာအဖြစ် ဖော်ထုတ်နိုင်မယ့် သင်္ကြန်ပွဲတော် ဖြစ်ပေါ်လာအောင် မန္တလေးမြို့ခံ စာပေအနုပညာရှင်တွေ အကြံပြုထားတဲ့ အချက်တွေ မြို့မိမြို့ဖတွေထံ ချပြဆွေးနွေးခဲ့ခြင်းဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက ပြောခဲ့ပါတယ်။ အနှစ်ချုပ်ရရင် ဗမာနိုင်ငံရဲ့ သမိုင်းအမွေအနှစ်တွေ အသစ်လွင်ဆုံး၊ အထင်ရှားဆုံး ကျန်ရစ်ခဲ့တဲ့ နောက်ဆုံးမင်းဆက်ရဲ့ မင်းနေပြည်တော်၊ ယဉ်ကျေးမှုမြို့တော် ရတနာပုံ မန္တလေးဟာ အထက်မှာရေးပြခဲ့တဲ့ ဘေးဆိုးကြီးတွေ နှစ်ရှည်လများ ဖဲ့ရွဲ့စားခံခဲ့ရတော့ စေတနာချို့တဲ့၊ အရည်အချင်းမဲ့၊ အမြော်အမြင်နည်းတဲ့ စစ်အာဏာရှင် မသူတော်တွေလက်ထဲမှာ နှစ်ပေါင်းများစွာ အခြေပျက် အနေခက်လို့ အပျိုရည်အဖျက်ခံခဲ့ရပြီးပါပြီ။ သီလပျက်သူတွေ၊ အရည်ချင်းနည်းသူတွေ၊ စေတနာမဲ့သူတွေ တိုင်းပြည်ကို အုပ်ချူပ်ခွင့်ရတဲ့အခါ ရွာနာတယ်၊ မြို့နာတယ်၊ နိုင်ငံအတွက် အများကြီး နစ်နာတယ်ဆိုတာ သင်ခန်းစာယူရမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံးကတော့ အခု အသစ်တက်လာတဲ့ ပြည်သူက ရွေးချယ်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအစိုးရနဲ့အတူ လက်တွဲလို့ ရတနာပုံ မန္တလေးမြို့နဲ့တကွ ဗမာပြည်တနံတလျားမှာ အသက်ငင် ဘေးတွေ့နေရတဲ့ ရှေးဟောင်းမြို့တော်အားလုံး အသက်ရှည်ရှည် တည်တန့်နိုင်အောင် ယိုယွင်းပျက်စီးနေတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ပြန်လည်ထိန်းသိမ်းဖို့၊ တိမ်ကောလာတဲ့ ယဉ်ကျေးမှုတွေ ပြန်လည်ဖော်ထုတ်ဖို့၊ ကွယ်ပလာနေတဲ့ အမျိုးသားရေး လက္ခဏာတွေ ပြန်လည်ရှင်သန်လာအောင် ပျိုးထောင်ကြဖို့ အရေးဟာ ကျနော်တို့ခေတ်ရဲ့ အမျိုးသားရေး တာဝန်ကြီးတရပ် ဖြစ်ပါကြောင်း မီးမောင်းထိုးလိုက်ပါတယ်။ မင်းကောင်းချစ် ဧပြီလ (၂) ရက် ၂၀၁၆ ခုနှစ်
5 years Ago

March 9, 2016

ရတနာပုံမန္တလေးကို… အသက်ကလေးရယ်တဲ့ ရှည်စေလိုရင်ဖြင့် (၂)

ဒီဆောင်းပါးရဲ့အပိုင်း (၁) မှာ အမျှော်အမြင်နည်းပါးတဲ့စီမံအုပ်ချုပ်မှုတွေအောက် နှစ်ရှည်လများ အသွေးအသား တွေခမ်းခြောက် အပျိုရည်ပျောက်ခဲ့ရတဲ့ မန္တလေးမြို့ကြီးရင်ဆိုင်ခံစားနေရတဲ့ ဘေးဆိုး (၇)မျိုးအနက်က ရေဘေး၊ မီးဘေး၊ ခြင်ဘေးတွေအကြောင်း ရေးခဲ့ပါတယ်။ ဒီအပိုင်း (၂) မှာတော့ ပူလောင်ခြောက်သွေ့မှုဘေးအကြောင်း ရေးပါ့မယ်။ ပူလောင်တယ် ခြောက်သွေ့တယ်ဆိုတာနဲ့လူတချို့က ပြောကြလိမ့်မယ် ဥတုရာသီဆိုတာ သဘာဝတရားဘဲ၊ ကံတရားအတိုင်းပေါ့လို့ ပြောခြင်ကြလိမ့်မယ်။ စာရေးသူယုံကြည်တာကတော့ လူသားတွေဟာ ဥတုရာသီကို အတိုင်းအတာတခုထိ ပြုပြင်လွှမ်းမိုးနိုင်ပါတယ်။ ပူပြင်းခြောက်သွေ့ တဲ့ သဲကန္တာရတွေဖုံးလွှမ်းနေတဲ့ ယူအေအီး၊ ကူဝိတ်အစရှိတဲ့အာရပ်နိုင်ငံတွေမှာ လူလုပ်အိုအေစစ်ကြီးတွေ အလျှိုအလျှိုပေါ်လာအောင်တည်ဆောက်ပြီး အေးမြတဲ့ဝန်းကျင်ကို ဖန်တီးယူကြပါတယ်။ တချိန်ထဲမှာဘဲ လူ့ပရောဂကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်များ၊ မီသိန်း၊ အိုဇုန်းအစရှိတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ (Greenhouse Gases) တွေ တိုးပွားသိပ်သည်းလာတာကြောင့် ကမ္ဘာလုံးဆိုင်ရာ ပူနွေးလာခြင်း (Global Warming)ကို ဖြစ်ပေါ်လာစေသလို ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှု (Climate Change) ကိုဖြစ်စေခဲ့တာ မဟုတ်လား။ (၄) ပူလောင်ခြောက်သွေ့မှုဘေး မန္တလေးဟာ မိုးနည်းရေရှားရပ်ဝန်းဖြစ်တဲ့ မြန်မာပြည်အလယ်ပိုင်းမှာတည်ရှိတယ်ဆိုပေမဲ့ ပတ်ဝန်းကျင်တခိုဟာ စိမ်းစိမ်းစိုစိုရှိပါတယ်။ အရှေ့ဖက်မှာ အောင်ပင်လယ်ကန်လယ်ကွင်းတွေ ရံထားပြီး ငရံ့မင်းတောင်နဲ့ရှမ်းရိုးမကြီး ကပ်လျှက်အုပ်မိုးတည်ရှိနေတာပါ။ အနောက်ဖက်မှာ စစ်ကိုင်း၊ မင်းဝံတောင်ရိုးနဲ့ ရစ်ခွေစီးဆင်းနေတဲ့ မြစ်မင်းဧရာဝတီရယ်၊ မြောက်ဖက်မှာ မန္တလေးတောင်၊ သခင်မတောင်ရယ် ကွမ်းခြံ ဥယျာဉ်ခြံတွေနဲ့စိမ်းစိုနေတဲ့ မတ္တရာနယ်၊ တောင်ဖက်မှာ ဒုဌ၀တီ၊ ဇော်ဂျီပန်းလောင်မြစ်နဲ့ သရက်ဥယျာဉ်ခြံတွေအပြင် စပါးအထွက်ကောင်း တဲ့ ကျောက်ဆည်လယ်တွင်း ကိုးခရိုင်စတဲ့ အိုအေစစ်တွေ ၀ိုင်းပတ်ရံနေတာပါ။ ဒါပေမဲ့လည်း မန္တလေးဟာ အစိမ်းတွေကြားကအ၀ါ၊ အစိုတွေကြားကအခြောက်လိုဖြစ်စေခဲ့ရတဲ့ အကြောင်းအရင်းတွေထဲမှာ ပူပြင်းခြောက်သွေ့တဲ့ သဘာဝရာသီဥတုကိုဖယ်လိုက်ရင် လူ့ ပရောဂ အကြောင်းသုံးရပ်ကြောင့် အထက်ပူအောက်ပူ၊ ဖုန်ထူထူ မြို့ပူကြီးဖြစ်ခဲ့ရတာပါ။ ပထမအကြောင်းအရင်းကတော့ ဒုတိယကမ္ဘာစစ်ဘေးဒါဏ်ပါ။ စစ်အတွင်းမှာ အင်္ဂလိပ် မဟာမိတ်တပ်တွေ သာမက ဖက်ဆစ်ဂျပန်တွေကပါ လေကြောင်းကနေ အကြိမ်ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့မှုကြောင့် မန္တလေးရဲ့သစ်ပင် တော်တော်များများပျက်ဆီးဆုံးရှုံးခဲ့ရတယ်။ ဒုတိယအကြောင်းအရင်းကတော့ မီးဘေးသင့်မှုပါ။ မန္တလေးဟာ မြို့လယ်ခေါင်ဧရိယာ ပြောင်တလင်းခါအောင် အကြီးအကျယ် မီးဘေးနှစ်ကြိမ်သင့်ခဲ့ဘူးပါတယ်။ အဲ့ဒီတုံးကလည်း မန္တလေးရဲ့သစ်ပင်ကြီးများစွာ မီးလောင်ကျွမ်းခံရပြီး ဆုံးရှုံးခဲ့ရပြန်ပါတယ်။ တတိယအကြောင်းအရင်းကတော့ ညံ့ဖျင်းတဲ့ အုပ်ချုပ်မှုဒါဏ်ခံခဲ့ရလို့ပါဘဲ။ စစ်အာဏာရှင်ခေတ် တလျှောက်လုံး လမ်းတိုးချဲ့မှု မြို့သစ်တိုးချဲ့မှုတွေဆောင်ရွက်တဲ့အခါတိုင်း စနစ်တကျ လေ့လာတွက်ချက် တိုင်းတာမှုတွေမလုပ်တာကြောင့်အပြင်၊ အာဏာပိုင်တွေ တွက်ခြေကိုက်စေမဲ့ ဗရမ်းပတာစီမံကိန်းတွေကြောင့် မခုတ်သင့်ဘဲခုတ်ရလို့ အဖိုးတန်သစ်ပင်ကြီးပေါင်းများစွာ ဆုံးရှုံးခဲ့ပါတယ်။ (၈၈) အာဏာသိမ်းစစ်အစိုးရလက်ထက်မှာ သစ်ပင်တွေမစိုက်ဘူးလို့မပြောပါဘူး။ ကြီးမြန်သစ်ပင်စိုက်ပျိုးလျှင်   စွမ်းအင်လည်းရ ပြည်လည်းလှဆိုတဲ့ဆောင်ပုဒ်နဲ့ မလေးရှားပိတောက် မယ်ဇလီစတဲ့ အပင်တွေစိုက်ပျိုးခဲ့တာ သတိပြုမိပါတယ်။ ဒါပေမဲ့ထုံးစံအတိုင်း ရှေ့ကစိုက်ပြီးနောက်ကလိုက် ထိထိရောက်ရောက် မပြုစုမစောင့်ရှောက် တော့ သစ်ပင်တွေရှင်သင့်သလောက်မရှင်ခဲ့ပါဘူး။ သစ်ပင်စိုက်ပျိုးမှုနဲ့ပတ်သက်လို့မန္တလေးရဲ့သမိုင်းမှာ တစ်ကိုယ်တော်ပရဟိတသမား အာဂဗမာကြီးတဦး ပေါ်ထွန်းခဲ့ဘူးပါတယ်။ ထိုသူကအခြားမဟုတ်အခြားမဟုတ်။ စစ်ပြီးခေတ်မန္တလေးမြို့မှာ သစ်ပင်တွေကို ဆိုက်ကားတစ်စီးနဲ့လှည့်လည် စိုက်ပျိုးခဲ့သူ ဆိုက်ကားသမားကြီးဦးငွေဘဲ ဖြစ်ပါတယ်။ အပင်နံပါတ်နဲ့စာတချို့ရေးထိုးပြီး သံပြားကပ်ကမ္ဗည်းထိုးနိုင်ခဲ့တဲ့ အပင် (၅၀၀) အပါအ၀င် ဦးငွေစိုက်ပျိုးခဲ့တဲ့ ကုက္ကို၊ တမာ၊ ထနောင်း၊ဗာဒံ၊ ခရေ၊ တည်ပင်၊ ညောင်ပင် ပန်းသပြေ၊ စိန်ပန်း၊ သရက်၊ မဲဇလီ၊ သစ်ဆိမ့် စတဲ့အပင်ပေါင်း ၁၀၀၀ ခန့်ရှိပြီး နှောင်းလူတွေကို အေးမြတဲ့ အရိပ်အာဝါသပေး အကျိုးပြုနေတာထင်ထင်ရှားရှားမြင်နိုင်ပါတယ်။ မြန်မာနိုင်ငံဟာ ၂၀၁၅ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ အယ်လ်နီညို(El Niño)လို့ခေါ်တဲ့ အပူလွန် ခြောက်သယောင်းတဲ့ ရာသီဥတုဖြစ်စဉ်ကြောင့်အပူလွန်ကဲခြင်း၊ မိုးသည်းထန်ခြင်းနဲ့ မိုးခေါင်ခြင်း စတဲ့ ဖောက်ပြန်တဲ့ရာသီဥတု ကြုံတွေ့နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဆရာဦးထွန်းလွင်က ခန့်မှန်းပြောခဲ့သလို ၂၀၁၅ ခုနှစ် စက်တင်ဘာလလောက်ကစတင်ပြီး မြန်မာနိုင်ငံဟာ အယ်လ်နီညို ဖြစ်စဉ်ကိုအခုစတင်ခံစားနေရပါပြီ။ နှစ် ၅၀ အတွင်း အဆိုးရွားဆုံး အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် ပျမ်းမျှအပူချိန်ထက်မြင့်မားမှုများဆက်လက် ဖြစ်ပေါ်မယ်လို့ ခန့်မှန်းထားပါတယ်။ အီကွေတာရပ်ဝန်းက လေထုအပူချိန်ပြောင်းလဲမှုကြောင့် ပစ္စိဖိတ်သမုဒ္ဒရာရဲ့ ရေမျက်နှာပြင် ပူနွေးလာမှုကြောင့်ဖြစ်လာတဲ့ အယ်လ်နီညိုဖြစ်စဉ်ဟာ၂ နှစ်မှ ၇ နှစ်အတွင်း တစ်ကြိမ် ဖြစ်ပေါ်တတ်ပြီး တစ်ခါ ဖြစ်ရင် ၉ လကနေ ၁၈ လ အထိကြာမြင့်တတ်ပါတယ်။ လူသားတွေရဲ့ ပရောဂနဲ့လူနေမှုဘ၀တွေကြောင့် ပိုမိုဆိုးရွားလာတဲ့ ကမ္ဘာလုံးဆိုင်ရာပူနွေးလာခြင်း (Global Warming) နဲ့ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု (Climate Change) တွေကြောင့် ရှေ့လာမဲ့နှစ်တွေမှာ ပိုမိုပြင်းထန်တဲ့ရာသီဥတုဖောက်ပြန်မှုတွေ ကြုံလာမှာအသေအခြာပါဘဲ။ ဒီအန္တရာယ်ကြီးကို ထိထိရောက်ရောက်ရင်ဆိုင်နိုင်ဖို့အတွက် ပြည်သူပူးပေါင်းပါဝင်တဲ့ ကြိုတင် ပြင်ဆင်မှုတွေ၊ တနိုင်ငံလုံးအတွက်စနစ်ကျတဲ့ နှစ်ရှည်စီမံကိန်းတွေ၊ မှန်ကန်ပြီးအမျှော်အမြင်ရှိတဲ့ အုပ်ချုပ်ပုံစနစ်တွေ၊ အရည်အချင်းရှိပြီး စေတနာမှန်တဲ့သူတွေ နေရာမှန်လူမှန်ရှိနေဖို့ အလွန် အရေးကြီးပါတယ်။ သစ်ပင်ပန်းမာန်မြက်ခင်းတွေအပါအ၀င် သစ်ပင်ကြီးတွေရှိနေခြင်းဟာ ၀န်းကျင်ကို စိမ်းလန်းစိုပြေ လှပစေယုံ တင်မကပါဘူး၊ မိုးရေ သဘာဝရေတွေကိုသန့်စင်ပေးတဲ့အလုပ် (filtration task) ကိုလည်း လုပ်ပေးပါတယ်။ အဲ့ဒါအပြင် အပေါ်ယံမြေဆီလွှာတွေတိုင် စားမသွားအောင် ကုပ်ထိန်းပေးထားတာပါ။ မန္တလေးမှာတင်မက မြန်မာတပြည်လုံးက မြို့တိုင်းမြို့တိုင်းမှာရှိတဲ့ မြောင်းတွေပိတ်ဆို့စေတဲ့ အကြောင်းအရင်း တွေထဲမှာ မြေကိုကုပ်ထားနိုင်တဲ့ သစ်ပင်မြက်ခင်းတွေမရှိခြင်း (သို့) နည်းပါးမှု တွေကြောင့် မိုးရွာတဲ့အခါ မြေတိုက်စားပို့ ချမှုတွေ (Erosion) ဖြစ်ပွားတာကြောင့်ဖြစ်ပါတယ်။ မန္တလေးနဲ့ မန္တလေးအနီးဝန်းကျင်က သစ်ပင်တွေရဲ့ ကျေးဇူးအကြောင်းထည့်ရေးချင်ပါတယ်။ စာရေးသူတို့ ငယ်စဉ်က ကျောင်းအားလပ်ရက်တွေဆိုရင် အဖေအမေတို့ဦးဆောင်ပြီး တအိမ်သား လုံး မနက်စောစောပိုင်း ဆွမ်းလောင်းပြီးတာနဲ့ အိုးခွက်ပလုံး ဖျာစတာတွေနဲ့ စားစရာသောက်စရာတွေထည့် မြင်းလှည်းတစီးစင်းလုံးငှားလို့ မန္တလေးတောင်ခြေကို ချီတက်ကြတာပါ။ မြင်းခွာသံတခွပ်ခွပ်အသံရယ်၊ မြင်းလှည်းမှာတတ်ထားတဲ့ခြူလေးတွေရဲ့စည်းချက်ညီသံနာခံရင်း မန္တလေးကျုံး ဘေးတလျှောက် ထနှောင်းပင်ဝါ၀ါတန်း၊ မြို့ရိုးနီကျင့်ကျင့်ကိုငေးမောရင်း မြင်းလှည်း စီးရတဲ့ အရသာကို ခုထက်ထိ မမေ့သေးပါဘူး။ တခါတလေ ကမ္ဘာ့အကြီးဆုံး စာအုပ်လို့ တင်စားခံရတဲ့ ပိဋကတ်ကျောက်စာချပ်ကြီး များတည်ရှိရာ ကုသိုလ်တော်ဘုရားမှာစတည်းချ၊ တခါတရံ ကျောက်တော်ကြီးဘုရား၊ ရံဖန်ရံခါ စန္ဒာမုနိဘုရားဝင်းထဲသွားပြီး တနေကုန်နားနားနေနေ အပမ်းဖြေခဲ့ကြတာ။ စာရေးသူအနှစ်သက်ဆုံးကတော့ ကုသိုလ်တော်ဘုရားကြီးပါ။ ဘုရားရိပ်တရားရိပ်က အေးမြယုံတင်မက ဘုရား ရင်ပြင်နဲ့ဝန်းကျင်မှာ သေနတ်ဗိုလ်မင်းကြီး မင်းလှမဟာမင်းခေါင် သီဟသူဘွဲ့ခံ မိုးဗြဲစစ်ကဲတော်ကြီး စိုက်ပျိုးခဲ့တယ်ဆိုတဲ့ ခရေပင်ကြီးတွေရဲ့ အရိပ်အာဝါသဟာ ပူပြင်းတဲ့နေရောင်ဒါဏ်ကို ကောင်းကောင်းကာကွယ်ပေးနိုင် ပါတယ်။ အရွက်တွေကစိတ်နေပြီး နေပြောက်တောင်မထိုးတော့ အနားယူချွေးသိပ်ဖို့အလွန်ကောင်းတာပေါ့။ ပါလာတဲ့ပစ္စည်းတွေချ ဘုရားရှစ်ခိုးပြီးတာနဲ့အဖေနဲ အမေပုတီးစိတ်တာနဲ့ကလေးတွေက ကျောက်စာချပ်တွေ အကြား ပြေးလွှား၊ ခရေပင်တွေအောက်မှာကစားရတာမမောနိုင်ပါဘူး။ နေ့လယ်စာ ၀ိုင်းဖွဲ့စားသောက်ပြီးတာနဲ့ ခရေပင်အောက်က ဇရပ်တွေထဲမှာ လေတဖြူးဖြူးနဲ့ တရေးတမောအိပ် ရတာကလည်း အလွန်ဇိမ်ကျလှတယ်။ ညနေစောင်းလို့ အိမ်မပြန်ခင် အမေ အဖေခိုင်းတဲ့အတိုင်း ဘုရားရင်ပြင် ခရေပင်အောက်တွေအောက် တံပျက်စည်းလှဲ အမှိုက် ကောက်ပြီးမှ ပြန်ကြတာ။ နောက်ထပ်ပြောခြင်တာက မန္တလေးအနီး အမရပူရမြို့နယ်မှာတည်ရှိတဲ့ တောင်သမန်အင်းစောင်း က မယ်ဇယ်ပင်တန်းတွေအကြောင်းပါ။ ဦးပိန်တံတားရဲ့ အနောက်ဖက်ခြမ်းက အင်းစပ် ကမ်းခြေ တလျှောက် သက်တော်ရှည်မယ်ဇယ်ပင်ကြီးတွေဟာ အကိုင်းချင်းယှက် အရိပ်ချင်းဆက်လို့ အလွန်လှပစွာပေါက်ရောက် နေကြတာပါ။ အဲဒီမယ်ဇယ်ပင်ကြီးတွေကို ၁၈၇၅ ခုနှစ်မှာ ရေချမ်းဒကာကြီး ဦးကြီး+ဒေါ်အို၊ သားဖြစ်သူ ဦးပိုင်+ဒေါ်ညွန့်၊ တူ ဦးရှင်၊ သား ဦးထွန်းတင် တို့မှ ၁၀၃ ပင်တိတိစိုက်ပျိုးခဲ့တယ်လို့ အင်တာနက်စာမျက်နှာ တခုမှာဖတ်လိုက်ရပါတယ်။ စိုက်ထားပုံကို ကြည့်ရတာ မိုးတွင်းရေကြီးလာရင် ရေလွှမ်းခံရမှုသက်သာအောင် ရည်ရွယ်စိုက်ပျိုးခဲ့ပုံရပါတယ်။ အခုတော့ အဲ့ဒီမယ်ဇယ်ပင်တန်းမှာ ဦးပိန်တံတားထိပ်ကစပြီး တောင်လေးလုံးကျောင်းတိုက်အထိ နံရံကပ် ဆိုင်ခန်းတွေဖြစ်ကုန်ပါပြီ။ အသက်ရာကျော်မယ်ဇယ်ပင်ကြီးတွေရဲ့ အလှကျက်သရေဟာ ဈေးဆိုင်ခန်းများ နောက်၊ အမှိုက်ပုံတွေအောက်မှာ ကွယ်ပျောက်အလှပျက်နေတာကြာပါပြီ။ ဆိုင်ခန်းတွေအရောင်းအ၀ယ် ကောင်းဖို့နေရာကျယ်အောင် တန်ဘိုးမဖြတ်နိုင်တဲ့အပင်ကြီးတွေကို တန်ဘိုးမသိဘဲ မိုက်မဲစွာအကိုင်းတွေဖြတ်၊ အမြစ်တွေတူးထုတ်လုပ်ခြင်သလိုလုပ်နေတာကို အုပ်ချုပ်သူအစိုးရမင်းများကလည်း မျက်နှာလွှဲခဲပစ်လုပ်ခဲ့ ကြတာမဟုတ်လား။ အဲ့ဒီဆိုင်ခန်းတွေကို သင့်တော်တဲ့နေရာပြောင်းပြီး အဖျက်အဆီးခံခဲ့ရတဲ့ မယ်ဇယ်ပင်ကြီးတွေကို ပြန်လည် ကယ်တင်ဖို့အရေးတကြီးလိုအပ်နေပါတယ်။ ပြည်တွင်းပြည်ပခရီးသည်များကို ဆွဲဆောင် နိုင်တဲ့ တောင်သမန်ရဲ့ ဒဏ္ဍာရီဆန်ဆန်အလှနဲ့ အနီးဝန်းကျင်က ရှေးဟောင်း အမွေအနှစ်တွေ၊ အဖိုးတန်သက်တော်ရှည် မယ်ဇယ်ပင်ကြီးတွေကို အမြတ်တနိုး ထိန်းသိမ်းစောင့်ရှောက်ဖို့ အချိန်တန်ပါပြီ။ ရှေးလူကြီးသူမတွေက အမျှော်အမြင်ရှိရှိနဲ့ သစ်ပင်တွေ စိုက်ပျိုးထိန်းသိမ်းလို့ နှောင်းလူတွေ အကျိုးခံစားရစေတဲ့ အစဉ်လာကောင်းကို ဆက်လက်ထိမ်းသိမ်းသယ်ဆောင်ဖို့ ပြည်သူတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်နဲ့ လက်တွဲပြီး မြန်မာ တပြည်လုံးကို ပူလောင်ခြောက်သွေ့မှုဘေးဆိုး ကြီးကလွတ်မြောက်စေဖို့ သစ်ပင်တွေ အမြောက်အများစိုက်ဖို့လိုပါတယ်။ ဆိုက်ကားသမားကြီးဦးငွေ တဦးထဲတောင် သစ်ပင်တစ်ထောင် စိုက်နိုင်ရင် ပြည်သူတရပ်လုံးနဲ့အစိုးရပေါင်းပြီး နိုင်ငံတော်တ၀ှမ်းလုံးမှာ သစ်ပင် စိုက်ပျိုးရေးနဲ့ စောင့်ရှောက်ထိမ်းသိမ်းရေးစီမံကိန်း (Campaign) တွေချမှတ် စိုကိပျိုးနိုင်ရင် သစ်ပင် ၁၀ သန်း ဆိုတာ အသာလေးစိုက်လို့ရပါတယ်။ မင်းကောင်းချစ်
5 years Ago
Up