ရတနာပုံဆိုင်ဘာစီးတီးကျောင်းသားကိုသတ်သည့် အဓိကတရားခံကို မသေမချင်းကြိုးကွင်းစွပ် သတ်ရန် အမိန့်​ချ

February 27, 2019

ရတနာပုံဆိုင်ဘာစီးတီးကျောင်းသားကိုသတ်သည့် အဓိကတရားခံကို မသေမချင်းကြိုးကွင်းစွပ်သတ်ရန် အမိန့်​ချ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ် ပြင်စာကျေးရွာ ဆိုင်ဘာစီးတီးမြို့သစ် မီးသတ်စခန်းအနီး ရတနာပုံဆိုင်ဘာစီးတီးကျောင်းသားကို သတ်​ခဲ့တဲ့သူတွေကို  မသေမချင်း ကြိုးကွင်းစွပ်သတ်ဖို့နဲ့ ရာဇသတ်ကြီးပုဒ်မ ၃၉၇ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်ကျခံဖို့ ဒီနေ့ ပြင်ဦးလွင်ခရိုင် တရားရုံးက အမိန့်ချမှတ်​ပါတယ်​။ အမှုတွဲမှာပါဝင်ခဲ့တဲ့ ကု​ဋေစိုး(ခ) ငစိုးကို ပုဒ်မ ၃၉၇ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ် ၂၀၊  စူးရှ (​ခ)​ ကျော်​​ကျော်​သင်းကို ရာဇသတ်ကြီးပုဒ်မ ၃၉၆ အရ အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၀နှစ် အမိန့်ချမှတ်ခဲ့ပြီး အသက်မပြည့်သေးတဲ့ မောင်နှစ်တစ် (ခ) ကိုကိုမောင်ကိုတော့ ထောင် ၇ နှစ် ချမှတ်ခဲ့ပါတယ်​။ ပြင်ဦးလွင်ခရိုင်တရားရုံးက ပြန်ကြားရေးအရာရှိ ဒေါ်သန္တာရှင်က “​ကျောင်းသားကို သတ်​ခဲ့တဲ့အမှုမှာ (၁) တရားခံ မှုံကြီးက ဒီကိစ္စမှာ အဓိကပတ်သက်နေလို့ သူ့ကို သေဒဏ်ချမှတ်ခဲ့ ပါတယ်။ အဲ့ဒီမှာ (၃) တရားခံပါပါတယ်။ စူးရှ (​ခ)​ ကျော်​​ကျော်​သင်း က လူငယ်ဖြစ်နေတဲ့အတွက် ၁၀ နှစ်အထက် ချလို့မရဘူးဖြစ်နေတယ်”လို့ ​ပြောပါတယ်​။ လူသတ်​တရားခံကို ရုံးချိန်းပေါင်း ၁၀ ချိန်း စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ ၂၃ ဦးအနက် ၉ ဦးကို​တော့ တရားရုံးက ပယ်ချခဲ့ပါတယ်။ နောက်တိုးသက်သေ တဦးကို စစ်ဆေးခဲ့ကာ တရားလိုပြသက်သေတွေ စစ်ဆေးအပြီးမှာ တရားခံပြသက် နှစ် ဦးကို ဆက်လက်စစ်ဆေးခဲ့ ပါတယ်​။ ပြင်​ဦးလွင်​မြို့နယ်​ ပြင်​စာအနီးက နည်းပညာတက္ကသိုလ် ရတနာပုံ ဆိုင်ဘာစီးတီး ICT မေဂျာ ဒုတိယနှစ် ပညာသင်ကြားနေတဲ့ အသက် ၁၇ နှစ်အရွယ် ကိုထက်လင်းသန့်ကို  ဒီဇင်ဘာ ၆ ရက် ညနေက အမည်မသိလူတွေက ရိုက်နှက်​ ဆိုင်ကယ်လုယက်ခဲ့ပြီး နေရာမှာ သေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်က ကျူးလွန်သူ ၃ ဦးကို ပထမဆုံးဖမ်းမိခဲ့ပြီး အခြားတဦးကိုလည်း သက်​​သေခံ လုယက်​ခံခဲ့ရတဲ့ မော်​​တော်​ဆိုင်​ကယ်​နဲ့အတူ ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်​။ ​ကျောင်းသား ကိုထက်လင်းသန့်နဲ့ မဇူးဇူးဟန်ကို တို့ဟာ သုံးထောင်ကျေးရွာက စားသောက်ဆိုင်ကနေ ရတနာပုံမြို့သစ်စီမံကိန်းအတွင်းလမ်းက​နေ ပြန်လာစဉ်မှာ အမည်မသိလူတွေက  ဆိုင်ကယ်ကိုတွန်းလှဲပြီး တုတ်နဲ့ ရိုက်နှက်ခဲ့တာပါ။ ဒီအမှုမှာ ပါဝင်​ပတ်​သက်​တဲ့ ကျူးလွန်​သူ ၅ ဦးရှိပေမယ့် ငမိုး(ခ)မိုးကြီးဟာ ထွက်ပြေးလွတ်မြောက်နေလို့  ဝရမ်းထုတ်ထား​ပါတယ်။
2 years Ago
Up