ရတနာပုံတံတား

June 24, 2021

မန္တလေးအဝင် စစ်ဆေးရေးတင်းကျပ်၊ ရတနာပုံတံတားပေါ်ကားများ ပြည့်ကျပ်နေ

စစ်ကိုင်းမြို့ကနေ မန္တလေးမြို့ အဝင်ပေါက်မှာ ဇွန်လ ၂၄ ရက်နေ့က ဖြတ်သန်းသွားလာတဲ့ ကားတွေကို စစ်တပ်က တင်းကျပ်စစ်ဆေးနေတဲ့အတွက် စစ်ကိုင်းတံတား (ရတနာပုံတံတား) ပေါ် မှာ ကားတွေ ပြည့်ကျပ်နေပါတယ်။

ဒီလို တံတားပေါ်မှာ ကားတွေပြည့်နေတဲ့အတွက်လည်း စစ်ကိုင်းမြို့ ဘက်ကနေ သွားမယ့် ကားတွေကို ခဏ ပိတ်လိုက်ရတယ်လို့  စစ်ကိုင်းမြို့ခံ တစ်ဦး က ပြောပါတယ်။

“မန္တလေးအဝင် နှာပေါက်မှာ လက်နက်ကိုင်တွေနဲ့ ကားတွေကို စစ်နေတော့ ပိတ်နေတာ။ အရင် ၃ မိနစ် လောက်နဲ့ဖြတ်ရတဲ့ဟာ အခု ၄၅ မိနစ်လောက်ဖြတ်ရတယ်။ ကားတိုင်းစစ်တာတော့ မဟုတ်ဘူး။ သူတို့ မသင်္ကာတဲ့ ကားဆို အကုန်စစ်တာ။” လို့ စစ်ကိုင်းတံတားပေါ်က ဖြတ်လာသူ တစ်ဦးက ပြောပါတယ်။

စစ်ကိုင်းမြို့ဘက်ခြမ်းမှာလည်း ကိုးပေ တံတားအထိ ကားတွေ စီတန်းနေရပြီး ယာဉ်ကြောတွေ ပိတ်ဆို့နေတယ်လို့ ဆိုပါတယ်။

မန္တလေးမြို့မှာ ဇွန်လ ၂၂ ရက်က ဖြစ်ခဲ့တဲ့  စစ်တပ်နဲ့PDF တို့ အပြန်အလှန်ပစ်ခတ်မှုအပြီးမှာ  လုံခြုံရေးစစ်ဆေးတာတွေကို ပိုမိုတင်းကျပ်လုပ်ဆောင်လာတာလို့ သိရပါတယ်။

7 months Ago

August 13, 2020

စစ်ကိုင်းမြို့ ရတနာပုံတံတားပေါ်မှ ခုန်ချသွားသူ၏ ရုပ်အလောင်း တွေ့ရှိ

စစ်ကိုင်းမြို့၊ ရတနာပုံတံတားပေါ်ကနေ ဩဂုတ် ၁၁ ရက်နေ့က ခုန်ချသွားတဲ့ အမျိုးသား ၁ ဦးရဲ့ ရုပ်အလောင်းကို ဒီနေ့ မနက်က ပြန်လည်တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူကို တံတားပေါ်ခုန်ချသွားတဲ့ရက်ကစပြီး ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေ ခဲ့ကြပေမယ့် မတွေ့ရှိရပဲ ဒီနေ့ စစ်ကိုင်းမြို့ မြဝတီဆိပ်ကမ်းမှာ အလောင်းပေါ်လာတဲ့အတွက် တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း) မှ ကိုမင်းသန့်က “သူခုန်ချသွားတဲ့ရက်ကတည်းက အားလုံးပူးပေါင်းပြီး လိုက်ရှာတာ မတွေ့ဘူး၊ ဒီနေ့မှ အလောင်းက ပေါ်လာတာ။ ဆိပ်ကမ်းက လူတွေက အကြောင်းကြားလာလို့ သွားသယ်ကြရတယ်” လို့ ပြောပါတယ်။ တွေ့ရှိရတဲ့ ရုပ်အလောင်းဟာ စစ်ကိုင်းမြို့ တကောင်းရပ်ကွက်မှာနေထိုင်တဲ့ ကိုသိန်းထိုက် ဆိုသူဖြစ်တယ်လို့သိရပြီး ရုပ်လောင်းကိုတော့ စစ်ကိုင်းမြို့ပြည်သူ့ဆေးရုံက ရင်ခွဲရုံဆီ ပို့ဆောင်ထား တယ်လို့ သိရပါတယ်။ စစ်ကိုင်းမြို့မှာ ၂၀၁၉ ခုနှစ်က အင်းဝတံတားပေါ်ကနေ ၅ ကြိမ်၊ ရတနာပုံ တံတားပေါ်ကနေ ၂ ကြိမ် မြစ်အတွင်းခုန်ချ‌သေဆုံးမှုတွေရှိခဲ့သလို ၂၀၂၀  ဇန်နဝါရီလတုန်းကလည်း ရတနာပုံ တံတားပေါ်ကနေ ခုန်ချသေဆုံးမှု ၁ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ သတင်း - ရန်နိုင်စိုး၊  ဓာတ်ပုံ - အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (စစ်ကိုင်း)
1 year Ago
Up