ရတနာဆိုင်ကို သူခိုးများ ဖောက်ထွင်းခဲ့သည့်ရုပ်သံ အမေရိကန်ရဲတပ်ဖွဲ့ ဖြန့်ချိ (ရုပ်သံ)

January 4, 2017

ရတနာဆိုင်ကို သူခိုးများ ဖောက်ထွင်းခဲ့သည့်ရုပ်သံ အမေရိကန်ရဲတပ်ဖွဲ့ ဖြန့်ချိ (ရုပ်သံ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ နှစ်သစ်ကူး အကြိုညက သူခိုးတွေဟာ လက်ဝတ်ရတနာ လက်ကား အရောင်းဆိုင်ကို ချိုးဖောက် ဝင်ရောက်ပြီး အမေရိကန်ဒေါ်လာ ၆ သန်းဖိုး တန်ကြေးရှိတဲ့ ပစ္စည်းတွေကို ခိုးယူခဲ့ ပါတယ်။ ဒီဆိုင်ဟာ လုံခြုံရေး ထူထပ်ပြီး တနိုင်ငံလုံးကို ရုပ်သံကနေ ပြနေတဲ့ အားလပ်ရက်ပွဲတွေ ကျင်းပရာ တိုင်းမ်စ် ရင်ပြင်နဲ့ နည်းနည်းပဲ ဝေးတဲ့နေရာမှာ ရှိတယ်လို့ ရဲတွေက ပြီးခဲ့တဲ့ ဇန်န၀ါရီ ၃ ရက်နေ့က ပြောပါတယ်။ မန်ဟက်တန် ရပ်ကွက် ၃၆ လမ်းမှာ ရှိတဲ့ အဆောက်အဦမှာ အမျိုးသား ၃ ယောက်က ည ၁၀ နာရီလောက်မှာ ထွင်းဖောက်ဝင်ခဲ့တာလို့ ရဲက ပြောပါတယ်။ မုတ်ဆိတ်နဲ့ အမျိုးသားတယောက်က ခေါင်းစွပ်ဦးထုပ်ကို ဝတ်ထားပြီး လုံခြုံရေးကင်မရာကို ကြည့်ခဲ့တဲ့ ရုပ်သံကိုလည်း ရဲက ဖြန့်ချိခဲ့ပါတယ်။ မျက်နှာဖုံးစွပ်နဲ့ တူတဲ့ဟာကို ဝတ်ထားတဲ့ တခြားယောက်ျားက ကင်မရာဆီကို တချက် လှမ်းလာအပြီး ရုပ်သံ အဆုံးသတ်ခဲ့ပါတယ်။ ဒီသံသယရှိသူတွေ ဘယ်သူဆိုတာ ဖော်ထုတ်ဖို့ ရဲတွေက အကူအညီ တောင်းထားပါတယ်။ တတိယသူခိုးပါမှန်း ဘယ်လို ဖော်ထုတ် တယ်ဆိုတာ သူတို့က မပြောပါဘူး။ သူခိုးတွေဟာ တူကိုသုံးပြီး အဆောက်အဦ ၆ လွှာမှာရှိတဲ့ ဆိုင်ထဲ ဝင်ခဲ့တယ်။ အဲဒီနောက် လှေကားကနေ ပြန်ထွက်သွားတယ်လို့ ရဲက ပြောပါတယ်။ ဒီကျောက်မျက်ကုမ္ပဏီဟာ အဝါရောင်နဲ့ ပန်းရောင်စိန်တွေကို ရောင်းတယ်လို့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။ KGK Holdings က ပိုင်တဲ့ ဒီကုမ္ပဏီရဲ့ ကိုယ်စားလှယ်တွေဆီက မှတ်ချက်ယူဖို့ ဆက်သွယ်လို့ မရသေးပါဘူး။
5 years Ago
Up