ရင်းနှီးမြှုပ်နှံမှု

May 10, 2021

ဒေါ်လာ ၂ ဘီလီယံခွဲ ပမာဏရှိ LNGလုပ်ငန်းတစ်ခု အပါအဝင် ရင်းနှီးမြှုပ်နှံမှု ၁၅ ခုကို စစ်ကောင်စီက ခွင့်ပြုချက်ချပေး

အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရင်းနှီးမြှုပ်နှံမှုပမာဏရှိတဲ့ LNG သဘာဝဓာတ်ငွေ့သုံးလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းတစ်ခု အပါအဝင် ရင်းနှီးမြှုပ်နှံမှု ၁၅ ခုကို အာဏာသိမ်း စစ်ကောင်စီက ခွင့်ပြုချက်ချပေးခဲ့ပါတယ်။

မေ ၇ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီရဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးမှာ ဒီလုပ်ငန်းတွေကို ခွင့်ပြုပေးခဲ့တာပါ။

ခွင့်ပြုပေးခဲ့တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်တဲ့လုပ်ငန်းကနေထွက်ရှိလာမယ့် ဓာတ်အားတွေကို ပြည်တွင်းကို ရာနှုန်းပြည့် ရောင်းချသွားမှာဖြစ်တယ်လို့  စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီပွားဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ဝက်ဆိုဒ်မှာဖော်ပြထားပါတယ်။

ဒါပေမဲ့ ဝင်ရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံ၊ ကုမ္ပဏီအမည်နဲ့ ဘယ်နေရာမှာ လုပ်ငန်းဖော်ဆောင်မယ်ဆိုတဲ့ အချက်တွေကို အပြည့်အစုံ ထုတ်ပြန်ပေးထားခြင်းမရှိပေမဲ့ တရုတ်နဲ့ ပြည်တွင်းကုမ္ပဏီတို့ ဖက်စပ် ရင်းနှီးမြှုပ်နှံတာဖြစ်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြပါတယ်။

ဒါ့အပြင် မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍနဲ့  ဝန်ဆောင်မှု ကဏ္ဍတို့က လုပ်ငန်းသစ် ၁၅ ခု ကို လည်းစစ်ကောင်စီက  လုပ်ကိုင်ခွင့်ချပေးခဲ့ပါတယ်။ စစ်ကောင်စီက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို မတ်လ ၄ ရက်နေ့မှာ အသစ်ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး၊ ဒီတစ်ကြိမ်နဲ့ဆိုရင် ကော်မရှင်အသစ်ဟာ အစည်းအဝေး နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။ ပထမအကြိမ် အစည်းအဝေးမှာလည်း လုပ်ငန်းသစ် (၁၀)ခုကို ခွင့်ပြုပေးခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာလည်း စစ်တပ်အရာရှိတွေနဲ့ စစ်တပ်နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေကို စီးပွားရေးလုပ်ပိုင်ခွင့်တွေချပေးတာ၊  ပါမစ်တွေချပေးတာ၊ မြေကွက်တွေချပေးတာ၊ ဆီမှောင်ခို၊ သစ်မှောင်ခိုလုပ်ကိုင်ခွင့်ပေးတာ စတာတွေလည်း အရင်စစ်အစိုးရ လက်ထက်တွေကတုန်းက လုပ်ကိုင်ခဲ့တဲအတိုင်း တကျော့ပြန်လုပ်နေကြပြီ ဖြစ်ပါတယ်။ 

9 months Ago

May 5, 2021

နိုင်ငံခြားသားလုပ်ငန်းရှင်များက စက်ရုံပိတ်ပြီး မြန်မာနိုင်ငံမှ ထွက်ခွာရန်ပြင်ဆင်၊ အလုပ်လက်မဲ့ ပြဿနာ ပိုဆိုးလာနိုင်

စစ်အာဏာရှင်လက်အောက်မှာ အလုပ်ဆက်မလုပ်လိုတဲ့ နိုင်ငံခြားသားလုပ်ငန်းရှင် အကုန်လုံးနီးပါး မေလကုန်မှာ စက်ရုံတွေပိတ်ပြီး မြန်မာနိုင်ငံက ထွက်ခွာဖို့ ပြင်ဆင်နေတဲ့အတွက် မြန်မာအလုပ်သမားတွေ အလုပ်လက်မဲ့ပြဿနာနဲ့ ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ စက်ရုံလုပ်ငန်းရှင်တွေနဲ့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

စက်မှုဇုန်တွေက နိုင်ငံခြားသားလုပ်ငန်းရှင်အကုန်လုံးနီးပါး မေလကုန်မှာ စက်ရုံတွေပိတ်ပြီး မြန်မာနိုင်ငံက ထွက်ခွာဖို့ ပြင်ဆင်နေကြတယ်လို့ ပြည်တွင်းစက်ရုံလုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

မြန်မာနိုင်ငံက စက်မှုဇုန်တွေမှာ တရုတ်၊ ဟောင်ကောင်၊ ကိုးရီးယား၊ ဂျပန်နဲ့ ထိုင်ဝမ်နိုင်ငံတွေက လုပ်ငန်းရှင်တွေအ များဆုံးလာရောက် ရင်းနှီးမြှုပ်နှံနေတာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအခြေအနေဆိုးရွားလာတာကြောင့် ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ သွားရောက် ပြောင်းလဲရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်လာကြတာ ဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်မှာ အစိုးရရဲ့စီးပွားရေးယန္တရား ပျက်စီးတာ၊ စစ်ကောင်စီကို ဆန့်ကျင်ဖို့ နိုင်ငံတကာက ကုန်မှာယူတင်သွင်းမှု ရပ်ဆိုင်းတာတွေနဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုကြောင့် လုပ်ငန်းရှင်တွေဟာ မြန်မာပြည်တွင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

စက်မှုဇုန်ပြည်တွင်းလုပ်ငန်းရှင်တစ်ဦးတော့  စက်မှုဇုန်တွေက နိုင်ငံခြားသားလုပ်ငန်းရှင်တွေ ထွက်ခွာရင် အလုပ်သမားတွေအားလုံး အလုပ်လက်မဲ့ဖြစ်ကြရတော့မယ်လို့ ပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စု အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလဆန်းကနေ အခုမေလဆန်းအထိ စက်ရုံတော်တော်များများ ပိတ်သိမ်းခဲ့တဲ့အတွက် အလုပ်သမားတွေဟာ စားဝတ်နေရေးအတွက် ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီအခြေအနေတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြားသိထားပြီး ကူညီနိုင်ဖို့ ပြင်ဆင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဦးကျော်နီကပြောပါတယ်။

အလုပ်သမားအရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကတော့ ပိတ်သိမ်းတဲ့ စက်ရုံစာရင်းတွေ၊ အလုပ်လက်မဲ့ ဖြစ်မယ့် လုပ်သားအရေအတွက်တွေကို စာရင်းအချက် အလက်ပြုစုနေပြီး အလုပ်သမားတွေရဲ့ရှေ့ရေးအတွက် မခန့်မှန်းနိုင်အောင် ခက်ခဲတယ်လို့ Action Labour Right  ဒါရိုက်တာ ကိုသူရိန်အောင်က ပြောပါတယ်။

အန်အယ်လ်ဒီအစိုးရ တာဝန်ယူခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် နောက်ဆုံးအချိန်အထိ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် အစိုးရက ကဏ္ဍ ၁၂ ခုခွဲပြီး ခွင့်ပြုပေးခဲ့ပါတယ်။ စက်မှုဇုန်ကဏ္ဍဟာ နိုင်ငံအတွက် ပြည်ပဝင်ငွေအများဆုံးရတဲ့ ကဏ္ဍ မဟုတ်ပေမယ့် အခြေခံပြည်သူတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းအတွက် အများဆုံးအကျိုးပြုတဲ့ ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အခြေခံအလုပ်သမား သိန်းနဲ့ချီပြီး အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။

9 months Ago
More News
Up