ရင်သားအဆမတန်ကြီးထွားသည့်

April 9, 2018

ရင်သားအဆမတန်ကြီးထွားသည့် ရှမ်းမိန်းကလေးငယ် ခွဲစိတ်ကုသမှုအောင်မြင်

  ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်ရှိ ကျေးရွာတစ်ရွာက  ရင်သားနှစ်ဘက်လုံး အဆမ တန်ကြီးမား တဲ့ဝေဒနာ ခံစားနေရသူ အသက် ၁၃ နှစ်ရွယ် နန်းဆိုင်လူ ဆိုတဲ့ ရှမ်းမိန်းကလေး ကို သီပေါဆေးရုံကြီးက ဒီကနေ့မနက်ကစ ခွဲစိပ်ကုသပေးနေရာမှာ  ညနေပိုင်းမှာတော့ ခွဲစိပ်မှု အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ခွဲစိပ်ကုသမှုကို CS ဒေါက်တာနိုင်နိုင်ထွန်း (ခွဲစိတ်) first assistant SAS ဒေါက်တာကိုလေးဝင်း(အရိုး)၊ မေ့ဆေး SAS ဒေါက်တာသီတာဝင်း၊  လက်ထောက်ဆရာဝန် ဒေါက်တာထူးနိုင်အောင် ဒေါက်တာ ဟိန်းသူ ဒေါက်တာသစ်လွင်သန့် ဒေါက်တာစိုင်းထွန်းဦး တို့က ဆောင်ရွက်ပေးခဲ့ကြတာဖြစ်ပြီး မနက် ၉ နာရီက စတင်ကာ   ညနေ ၃ နာရီခွဲမှာ အောင်မြင်စွာပြီးဆုံးသွားကြောင်း၊ ခွဲစိပ်မှုအောင်မြင်ရေး အဖက်ဖက်က ၀ိုင်းဝန်ကူညီခဲ့သူ ခွဲစိပ်ဆောင်ဆရာဆရာမများ၊ ရုံးဝန်ထမ်းများ၊ ပရဟိတမိတ်ဆွေနဲ့ အလှူရှင်များ၊ ၀ိုင်းဝန်း ဆုတောင်းအားပေးသူများကို အထူးကျေးဇူးတင်ရှိကြောင်း  သီပေါဆေးရုံအုပ်ကြီး ဒေါက်တာ နန္ဒ၀င်းက သူ့ရဲ့ ကိုယ်ပိုင်လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာပေါ် ရေးတင်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီမှ သီပေါဆေးရုံနဲ့ ပရဟိတအဖွဲ့အစည်းတွေကို ဆက်သွ ယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရသေးပါဘူး။
3 years Ago

ရင်သားအဆမတန်ကြီးထွားသည့် ရှမ်းမိန်းကလေးငယ် ခွဲစိတ်ကုသမှုစတင်ခံယူ

ရှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်ရှိ ကျေးရွာတရွာက ရှမ်းတိုင်းရင်းသူ မိန်းကလေး ငယ်လေးတဦးမှာ ရင်သားအဆမတန်ကြီးထွားတဲ့ ရောဂါဖြစ်ပွားနေပြီး ဒီကနေ့မနက်မှာတော့ ကျောက်မဲခရိုင် သီပေါဆေးရုံကြီးမှာ ခွဲစိပ်ကုသမှု ခံယူနေပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဓာတ်ပုံဆရာတစ်ဦးဟာ  မိုင်းရယ်မြို့နယ် မိုင်းဟင်းကျေးရွာ ကို ရောက်ရှိခဲ့ပြီး မူမမှန်တဲ့ရင်သားကြီးထွားမှုကြောင့် နေ့စဉ်ဘ၀ကို ခဲယဉ်းစွာနေ ထိုင်ဖြတ်သန်းနေရတဲ့ အဆိုပါမိန်းကလေးကိုတွေ့လို့ ဓာတ်ပုံရိုက်ယူပြီး ဆရာဝန်တွေထံ အကူအညီတောင်းခဲ့တာလို့ မိန်းကလေးငယ်ကို လိုအပ်တဲ့အကူအညီပေးဖို့ ရောက်ရှိနေတဲ့ သီပေါမြို့ နယ်စည်း မခြား ပရဟိတအဖွဲ့ဥက္ကဋ္ဌ ကိုမျိုးက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ သီပေါက ဓာတ်ပုံဆရာကိုခွန်မျိုးပေါ့နော်။ သူက အဲဒီရွာဘက်မှာသွားရင်းနဲ့  တွေ့လို့ ဓာတ်ပုံရိုက်ခဲ့တာပေါ့နော်။ ပြီးမှ ကျနော်တို့ကိုလာပြတော့ ကျနော်တို့လည်း ဒီကဆေးရုံ အုပ်ကြီး ဒေါက်တာနန္ဒ၀င်းကို ဆက်သွယ်လိုက်တယ်။ ဆရာကြီးကိုယ်တိုင်လည်း ဒီကိစ္စကို အရေးတယူလုပ်ပြီး သူ့စီမံမှုနဲ့ဘဲ ကလေးမလေးကို သွားခေါ်ခဲ့တာပါခင်ဗျ။ ဓာတ်ပုံဆရာနဲ့ ဟို တယ်သီပေါက ကိုတိုင်းဂါးတို့ သွားခေါ်ကြတယ်။ ရွာကတော်တော်ဝေးလံခေါင်ခိုက်တယ်။ သူတို့ မနေ့က ရောက်လာပြီး ဒီနေ့မနက် ၉ နာရီ ခွဲခန်းထဲဝင်သွားပါပြီခင်ဗျ။ ဘယ်တော့ပြီးမလဲတော့ မသိဘူး၊ ဆရာဝန်ကြီးတွေ အောင်မြင်စွာခွဲစိတ်ပေးနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်ခင်ဗျ။ ” မိန်းကလေးငယ်မှာ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ခန့်ကစ ရင်သားတွေ မူမမှန် အဆမတန်ကြီး ထွားလာတာဖြစ်ကြောင်း၊ သူတို့နေတဲ့ရွာမှာ ခေါင်ခိုက်ပြီး မိဘတွေလည်း အသိပညာအားနည်း တာကြောင့် အခုကျမှ ဆေးဝါးကုသမှုပြုနိုင်တာလို့ သူကဆက်ပြောပါတယ်။ မိန်းကလေးရဲ့ ဆေးဖိုးဝါးခကိစ္စတွေတော့ ဆေးရုံအုပ်ကြီးမှ တာဝန်ယူ စီစဉ်ဆောင်ရွက်မှာဖြစ်ပြီး သူတို့ပရဟိတအဖွဲ့အနေနဲ့တော့ မိန်းကလေးဆေးရုံဆင်းပြီး သက်သာလာရင်၊ သူမ အတန်းအညာသင်ယူနိုင်ရေး၊ သူမ၀ါသနာပါတဲ့ စက်ချုပ်ပညာသင်နိုင်ရေး စတဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေ ပံ့ပိုးကူညီပေးသွားမယ်လို့ ကိုမျိုးက ပြောသွားပါတယ်။ အဆိုပါ မိန်းကလေးရဲ့ ရင်သားမှာ တဖက်ကို ၂၂ ပေါင်လောက် အလေးချိန်ရှိကြောင်း၊ ဆေးပညာအရ Varginal Breast Hypertrophy လို့ခေါ်ပြီး အတတ်နိုင်ဆုံး အကောင်းဆုံးခွဲစိတ်ကုသပေးသွားမယ့်အကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒ၀င်းက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဓာတ်ပုံ - ဒေါက်တာနန္ဒ၀င်း
3 years Ago
Up