ရင်ဂျာနီမီးတောင် ဆက်ပေါက်ကွဲ

A d v e r t i s e m e n t With Us

November 6, 2015

ဘာလီကျွန်းအနီး ရင်ဂျာနီမီးတောင် ဆက်ပေါက်ကွဲ၊ လေယာဉ်ခရီးယာဉ်စဉ်များ ရပ်နား

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းအရှေ့ဖက်က ရင်ဂျာနီ Rinjani မီးတောင်ဟာ နိုဝင်ဘာ ၅ ရက်နေ့မှာလည်း ဆက်ပြီး ပေါက်ကွဲနေလို့ ဘာလီကျွန်းလေဆိပ်မှာ ခရီးသည်တွေ ၃ ရက်မြောက်နေ့ သောင်တင်နေကြပါတယ်။ မီးတောင် နိုဝင်ဘာ ၄ ရက်နေ့က စတင်ပေါက်ကွဲခဲ့ကတည်းက ဘာလီကျန်း၊ ဒန်ပါစာလေဆိပ် လေယာဉ်ခရီးစဉ်တွေအားလုံးကို ဖျက်သိမ်းထားတာပါ။ ဘာလီလေဆိပ်အပြင် မီးတောင်ပြာတွေ ပျံ့လွှင့်လာလို့ လွမ်ဘုပ်လေဆိပ်နဲ့ ဂျာဗားလေဆိပ်ကိုလည်း နိုဝင်ဘာ ၅ ရက်နေ့က ပိတ်ထားလိုက်ပြီး လေယာဉ်ခရီးစဉ်အားလုံး ၇၀၀ လောက် ဖျက်သိမ်းရတယ်လို့ အင်ဒိုလေကြောင်းအာဏာပိုင်တွေက ဆိုပါတယ်။ မီးတောင်ပြာမှုန်တွေဟာ အမြင့်ပေ ၁၁၀၀၀ ကျော်အထိ ရောက်ရှိပြီး မီးတောင်ပတ်ဝန်းကျင် ကျေးရွာတွေလည်း မီးတောင်ပြာတွေ ဖုံးအုပ်သွားတယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ် ခန့်ခွဲရေးအေဂျင်စီက ပြောဆိုပါတယ်။ ဒေသခံရွာသားတွေ ထိခိုက်မှုတော့မရှိဘူးလို့ ဆိုပါတယ်။ ဘာလီကျွန်းကို ပျံသန်းကြတဲ့ ဂျက်စတားလေကြာင်းလိုင်း ဗားဂျင်းသြစတြေးလျနဲ့ အဲအေးရှား လေကြောင်းလိုင်းတွေလည်း ဘာလီကျွန်းခရီးစဉ်တွေ လတ်တလော ရပ်နားထားပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လခရီးသွားကာလတုန်းကလည်း အခုမီးတောင်ပဲ ပေါက်ကွဲခဲ့ပြီး အပန်းဖြေ ခရီးသွားအများအပြား ဒန်ပါဆာလေဆိပ်မှာ ရက်အတန်ကြာ သောင်တင်ခဲ့ကြတာပါ။ အခုနောက်ဆုံးထုတ် ခရီးသည်တင်လေယာဉ်တွေရဲ့ ဂျက်အင်ဂျင်တွေဟာ လေစုတ်အား အလွန်ပြင်းထန်တဲ့အတွက် လေထဲမှာ မီးတောင်ပြာတောင်ပါလာရင် ဂျက်အင်ဂျင်ထဲ ရောက်ရှိသွားပြီး အဆိုးဆုံးအခြေအနေမှာ လေယာဉ်ရဲ့ ဂျက်အင်ဂျင်ရပ်တန့်နိုင်တယ်လို့ မီးတောင်ကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။
5 years Ago
Up