ရင်ခုန်စိတ်လှုပ်ရှားဖွယ်

February 3, 2018

ရင်ခုန်စိတ်လှုပ်ရှားဖွယ် ပရီးမီးယားလိဂ် စနေည ပွဲစဉ်များ

ပရီးမီးယားလိဂ် ပွဲစဉ် ၂၅ ကို ဇန်နဝါရီ ၃ ရက် စနေညမှာ ဆက်လက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပရိသတ်အကြိုက်တွေ့မယ့် ပွဲစဉ်တွေလည်း ပါဝင်နေပါတယ်။ စနေညယှဉ်ပြိုင်မယ့် ပွဲစဉ်တွေကတော့ ဘန်လေ-မန်စီးတီး၊ ဘုန်းမောက်-စတုတ်၊ ဘရိုက်တန်-ဝက်စ်ဟမ်း၊ လက်စတာ-ဆွမ်ဆီး၊ မန်ယူ-ဟတ်ဒါဖီးလ်ဒ်နဲ့ ဝက်စ်ဘရွန်း-ဆောက်သမ်တန် ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။ ဘန်လေ-မန်စီးတီး စနေည အစောဆုံးပွဲစဉ်အဖြစ် လက်ရှိ အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ မန်စီးတီးဟာ ဘန်လေကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ။ မန်စီးတီးဟာ ဒီရာသီ ပွဲစဉ်တိုင်းလိုလို ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ်မှာ ဒုတိယနေရာက မန်ယူအသင်းကို ၁၅ မှတ်ဖြတ်ပြီး ဦးဆောင်ထားနိုင်သလို လိဂ်ဖလားမှာလည်း နောက်ဆုံးဗိုလ်လုပွဲ တက်ရောက်ထားနိုင်ပါတယ်။ ဒါ့အပြင် အက်ဖ်အေဖလားမှာ ပဉ္စမအဆင့်၊ ချန်ပီယံလိဂ်မှာ ရှုံးထွက် ၁၆ သင်းအဆင့် တက်ရောက်ထားတဲ့အတွက် ဖလားလေးလုံး ရယူနိုင်မယ့် လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ နည်းပြ ဂွါဒီယိုလာရဲ့ ဒုတိယမြောက်ရာသီမှာ အကောင်းဆုံးခြေစွမ်းနဲ့ အသင်းကို ဟန်ချက်ညီ ထိန်းကျောင်းနိုင်မှုတွေကြောင့်လည်း မန်စီးတီးအသင်း အောင်ပွဲတွေ ဆင်မြန်းနေနိုင်တာပါ။ ဘန်လေအသင်းကလည်း လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရှိနေပြီး အိမ်ကွင်းစွမ်းဆောင်ရည် ပိုမိုကောင်းမွန်တဲ့အသင်းလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒီနှစ်သင်း ပထမအကျော့ မန်စီးတီးကွင်းမှာ တွေ့ဆုံခဲ့စဉ်က မန်စီးတီးက သုံးဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။ လက်ရှိ လူစာရင်းအနေအထားနဲ့ စွမ်းဆောင်ရည်တွေအရ ဘန်လေအနေနဲ့ မန်စီးတီးကို ယှဉ်ကစားနိုင်မှာ မဟုတ်ဘူးလို့ ထင်နိုင်ပေမယ့်လည်း အိမ်ကွင်းမှာ စွမ်းဆောင်ရည် ကောင်းမွန်သလို မာမာထန်ထန် တုံ့ပြန်ကစားလာမယ့် ဘန်လေကြောင့် မန်စီးတီးအနေနဲ့ ဂိုးပြတ်နိုင်ဖို့တော့ မလွယ်ကူဘူးလို့ သုံးသပ်မိပါတယ်။ ဘုန်းမောက်-စတုတ် ပြီးခဲ့တဲ့ ကြားရက် ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ ဘုန်းမောက်ဟာ ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီးကို အဝေးကွင်းမှာ သုံးဂိုးပြတ်နဲ့ အမှတ်မထင် အနိုင်ယူခဲ့တဲ့အတွက် လက်ရှိ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ အသာစီးရနေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘုန်းမောက်နဲ့ ယှဉ်ပြိုင်ရမယ့် စတုတ်ကတော့ အိမ်ကွင်းမှာ ကစားပြီး ဝတ်ဖို့ဒ်နဲ့ ဂိုးမရှိသရေ ရလဒ်သာ ရခဲ့ပါတယ်။ လက်ရှိ အမှတ်ပေးဇယားမှာ ရပ်တည်မှုအရ ဘုန်းမောက်က အဆင့် ၁၀ မှာရှိနေပြီး စတုတ်ကတော့ တန်းဆင်းဇုန်အနီး အဆင့် ၁၆ မှာ ရပ်တည်နေပါတယ်။ ဒီရာသီမှာ ဘုန်းမောက်ဟာ အိမ်ကွင်းစွမ်းဆောင်ရည် အကောင်းကြီးမဟုတ်သလို စတုတ်ကလည်း အဝေးကွင်းစွမ်းဆောင်ရည်ညံ့တဲ့အထဲ ပါဝင်ပါတယ်။ ဒီနှစ်သင်း ပထမအကျော့ စတုတ်ကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ်က ဘုန်းမောက်က နှစ်ဂိုး တဂိုးနဲ့ အနိုင်ရခဲ့တဲ့အတွက် အခု ဒုတိယအကျော့မှာ စတုတ်က ပြန်ပြီး အနိုင်ယူနိုင်မလား၊ နှစ်သင်း အပြန်အလှန် ကစားပြီး သွင်းဂိုးတွေနဲ့ သရေကျသွားမလားဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဘရိုက်တန်-ဝက်စ်ဟမ်း အမှတ်ပေးဇယား အဆင့် ၁၅ မှာ ရပ်တည်နေတဲ့ ဘရိုက်တန်နဲ့ အဆင့် ၁၂ မှာ ရှိနေတဲ့ ဝက်စ်ဟမ်းတို့ ပွဲစဉ်မှာတော့ ဝက်စ်ဟမ်းက အသာစီးရယူနိုင်လိမ့်မယ်လို့ သုံးသပ်မိပါတယ်။ ဝက်စ်ဟမ်းဟာ ပြီးခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ခရစ္စတယ်ပဲလေ့စ်နဲ့ တဂိုးစီသရေကျခဲ့သလို ဘရိုက်တန်ကလည်း ဆောက်သမ်တန်ကို အဝေးကွင်းမှာ တဂိုးစီသရေရလဒ် ရယူထားတာပါ။ နည်းပြ မိုရက်စ်လက်ထက်မှာ ပုံစံကောင်းပြန်ရနေတဲ့ ဝက်စ်ဟမ်းဟာ အသင်းကြီးတွေကိုတောင် အခက်တွေ့အောင် ကစားနိုင်သလို အလယ်အလတ် အသင်းတွေကိုလည်း အနိုင်ရအောင် ကစားနိုင်တဲ့ခြေစွမ်း ရှိနေပါတယ်။ ဒါကြောင့်လည်း ပထမအကျော့ အိမ်ကွင်းမှာ သုံးဂိုးပြတ်အရှုံးပေးခဲ့ရတဲ့ ဘရိုက်တန်ကို ဒုတိယအကျော့မှာ ဝက်စ်ဟမ်း အသာစီးရအောင် ကစားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လက်စတာ-ဆွမ်ဆီး ပြီးခဲ့တဲ့ ကြားရက်ပွဲစဉ်မှာ အဲဗာတန်ကို ရှုံးခဲ့တဲ့ လက်စတာနဲ့ နာမည်ကြီး အာဆင်နယ်ကို ဂိုးပြတ်နိုင်ခဲ့တဲ့ ဆွမ်ဆီးတို့ ပွဲစဉ်ကလည်း စိတ်ဝင်စားဖွယ် ကောင်းနေပါတယ်။ လက်စတာ ဒီရာသီ အိမ်ကွင်းမှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ် ၁၂ ပွဲမှာ ၆ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၄ ပွဲရှုံးရလဒ် ရထားတဲ့အတွက် အိမ်ကွင်းစွမ်းဆောင်ရည် ကောင်းမွန်တဲ့အသင်းလို့ ပြောရမှာပါ။ ဆွမ်ဆီးအသင်းကလည်း နည်းပြသစ် ကာဗာဟယ်လက်ထက် ပုံစံကောင်းရနေပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ သုံးပွဲမှာ နယူးကာဆယ်ကို အဝေးကွင်းမှာ တဂိုးစီသရေ၊ လီဗာပူးကို အိမ်ကွင်းမှာ တဂိုး ဂိုးမရှိ၊ အာဆင်နယ်ကို အိမ်ကွင်းမှာ သုံးဂိုး တဂိုးနဲ့ အနိုင်ရတဲ့ စွမ်းဆောင်ရည် ကောင်းမွန်နေပါတယ်။ ဆွမ်ဆီးဟာ နည်းပြသစ်လက်ထက် ပုံစံကောင်းရနေပေမယ့် အိမ်ကွင်းစွမ်းဆောင်ရည် ကောင်းမွန်နေတဲ့ လက်စတာကိုတော့ အနိုင်ရဖို့ မလွယ်ကူဘဲ အပြန်အလှန် တိုက်စစ်ဆင်ကစားပြီး သွင်းဂိုးတွေနဲ့ လက်စတာပဲ အနိုင်ရသွားနိုင်တယ်လို့ ယူဆမိပါတယ်။ မန်ယူ-ဟတ်ဒါဖီးလ်ဒ် နာမည်ကြီးမန်ယူနဲ့ ဟတ်ဒါဖီးလ်ဒ်တို့ ပွဲစဉ်မှာတော့ အစစ အရာရာ သာလွန်နေတဲ့ မန်ယူပဲ အနိုင်ရနိုင်တယ်လို့ ဆိုနိုင်ပေမယ့် ပြီးခဲ့တဲ့ကြားရက်ပွဲစဉ်မှာ စပါးကို နှစ်ဂိုးပြတ်ရှုံးခဲ့တဲ့ပွဲစဉ် ခြေစွမ်းအရ ဆန်းချက်ဇ်ပါဝင်လာတဲ့ မန်ယူအသင်းရဲ့ ကစားပုံဟာ သိသိသာသာ တိုးတက်လာတာ မတွေ့ရဘဲ အပေးအယူနဲ့ နားလည်မှုတွေ လွဲချော်နေတာ တွေ့ရပါတယ်။ နည်းပြ မော်ရင်ဟိုအနေနဲ့ လူရွေးချယ်မှုကို အသေအချာ စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပြီး ရှေ့လယ်နောက် ရစ်သမ်မှန်မှန်ကစားနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့်လည်း လက်ရှိရပ်တည်နေတဲ့ အမှတ်ပေးဇယား နံပါတ် ၂ နေရာကို ခြိမ်းခြောက်ခံနေရတဲ့ မန်ယူပဲ အနိုင်ရသွားမယ်လို့ ယုံကြည်နေမိပါတယ်။ ဝက်စ်ဘရွန်း-ဆောက်သမ်တန် စနေည ပွဲစဉ်တွေထဲ တန်းဆင်းဇုန်ထဲက အသင်းအချင်းချင်း တွေ့ဆုံနေတဲ့ ဝက်စ်ဘရွန်းနဲ့ ဆောက်သမ်တန်တို့ ပွဲစဉ်မှာတော့ နှစ်သင်းစလုံး ရုန်းကန်ကစားကြမှာဖြစ်ပြီး ဘယ်အသင်း အသာရနိုင်မယ်ဆိုတာ မှန်းဆရ ခက်လှပါတယ်။ ဆောက်သမ်တန်ဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲမှာ ဝတ်ဖို့ဒ်ကွင်းမှာ နှစ်ဂိုးစီသရေ၊ စပါးကို အိမ်ကွင်းမှာ တဂိုးစီသရေ၊ ဘရိုက်တန်ကို အိမ်ကွင်းမှာ တဂိုးစီသရေရလဒ် ရခဲ့ပါတယ်။ ဝက်စ်ဘရွန်းကတော့ နောက်ဆုံးသုံးပွဲမှာ ဘရိုက်တန်ကို အိမ်ကွင်းမှာ နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရပေမယ့် အဲဗာတန်ကွင်းမှာ တဂိုးစီသရေ၊ မန်စီးတီးကို အဝေးကွင်းမှာ သုံးဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ မန်စီးတီးကို သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဘရွန်းဟာ ဖိအားတွေနဲ့အတူ အိမ်ရှင်အခွင့်အရေး အပြည့်အဝ အသုံးချပြီး ဆောက်သမ်တန်ကို ဖိအားပေး ကစားနိုင်တယ်လို့ ယူဆနိုင်ပေမယ့် အဝေးကွင်းမှာ ခံကန်နိုင်တဲ့ ဆောက်သမ်တန်ရဲ့ ခြေစွမ်းကြောင့်လည်း နှစ်သင်း ဂိုးနည်းနည်းနဲ့ သရေကျသွားနိုင်ချေ ရှိနေပါတယ်။ အာဆင်နယ်-အဲဗာတန် ဒီစနေည နောက်ဆုံးပွဲစဉ်အဖြစ် နာမည်ကြီး အာဆင်နယ်နဲ့ အဲဗာတန်တို့ ပွဲစဉ်မှာတော့ ဖိအားဝင်နေတဲ့ အာဆင်နယ်ရဲ့ အိမ်ကွင်းရုန်းအားကြောင့် အဲဗာတန် အခက်တွေ့ဖွယ် ရှိပါတယ်။ အာဆင်နယ်ဟာ အဓိက တိုက်စစ်ကစားသမား ဆန်းချက်ဇ်၊ ဂျရူးနဲ့ ဝေါလ်ကော့တို့ကို လက်လွှတ်ခဲ့ရပေမယ့် အူဘာမီယန်း၊ မစ်ခီတာယန်းတို့နဲ့ ပြန်လည် အားဖြည့်ခဲ့တဲ့အတွက် တိုက်စစ်ပိုင်း ပြန်လည်အားကောင်းလာဖွယ် ရှိနေပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ တပွဲပဲ အနိုင်ရခဲ့ပြီး ဘုန်းမောက်ကို နှစ်ဂိုး တဂိုး၊ ဆွမ်ဆီးကို သုံးဂိုး တဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက်လည်း နည်းပြ အာစင်ဝင်းဂါး ဖိအားတွေ ဝင်နေတာပါ။ အဲဗာတန်ကလည်း မနှစ် နိုဝင်ဘာလကုန်က ဝါရင့်နည်းပြ ဆမ်အလာဒိုက်စ်ကို ခန့်အပ်ပြီးနောက်ပိုင်း ရလဒ်တွေ ပြန်လည်ကောင်းမွန်လာခဲ့ပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် သုံးပွဲမှာ စပါးကို လေးဂိုး ဂိုးမရှိနဲ့ ရှုံးခဲ့ပေမယ့် ဝက်စ်ဘရွန်းနဲ့ တဂိုးစီသရေ၊ လက်စတာကို အိမ်ကွင်းမှာ နှစ်ဂိုး တဂိုးနဲ့ အနိုင်ရထားပါတယ်။ အိမ်ကွင်းစွမ်းဆောင်ချက်မှာလည်း အာဆင်နယ်ဟာ အိမ်ကွင်း ၁၂ ပွဲ ယှဉ်ပြိုင်ခဲ့ရာမှာ တပွဲပဲ ရှုံးနိမ့်ခဲ့ပြီး ၉ ပွဲနိုင်၊ ၂ ပွဲသရေ ရလဒ်နဲ့ အကောင်းဆုံး စွမ်းဆောင်ထားနိုင်ခဲ့တာပါ။ အဲဗာတန်ကတော့ အဝေးကွင်း စွမ်းဆောင်ရည် ညံ့ဖျင်းပြီး အဝေးကွင်း ၁၂ ပွဲမှာ တပွဲပဲ အနိုင်ရထားပြီး ငါးပွဲသရေ၊ ခြောက်ပွဲ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီနှစ်သင်း ပထမအကျော့ အဲဗာတန်ကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ်ကလည်း အာဆင်နယ်က ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရထားပါတယ်။ အခု ဒုတိယအကျော့ ပြန်လည်တွေ့ဆုံနေတဲ့ပွဲမှာလည်း ဖိအားတွေဝင်နေတဲ့ အိမ်ရှင် အာဆင်နယ်အသင်း တိုက်စစ်ဆင်ကစားလာမှာဖြစ်ပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ အာဆင်နယ်ပဲ အနိုင်ရသွားမယ်လို့ ခန့်မှန်းမိပါတယ်။
3 years Ago
Up