ရခိုင်ဝန်ကြီးချုပ်

December 21, 2015

အများစုအနိုင်ရပါတီအမတ်ထဲမှ ရခိုင်ဝန်ကြီးချုပ်ခန့်ရန် တောင်းဆို

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်တွင်းအများစု အနိုင်ရပါတီအမတ်များထဲမှ ခန့်ရန် ရခိုင်အရပ်ဖက်လူမှုအဖွဲ့အစည်းများ တောင်းဆိုကြပါတယ်။ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ၃ ရက်ကြာကျင်းပတဲ့ ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဖက်လူမှု အဖွဲ့အစည်းများ ဖိုရမ်က တောင်းဆိုတာဖြစ်ပါတယ်။ အများစုအနိုင်ရ ပါတီအမတ်တွေထဲကက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကို ခန့်အပ်ခြင်းအားဖြင့် ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ရခိုင်လူထုဖိုရမ်ရဲ့ ဖြစ်မြောက်ရေးကော်မီတီဝင် ဦးခိုင်ကောင်းစံက ပြောပါတယ်။ “အဓိကကတော့ ရခိုင်ပြည်နယ်ရဲ့အစိုးရက ပြည်သူများစုရွေးချယ်တင်မြောက်တဲ့ အနိုင်ရပါတီ က ဆိုရင်တော့ ကျနော်တို့ဒီ ဘာပဲပြောပြော ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတက်တက်မှုကို တစုံတရာသူ ဘောင်ထဲမှာ လုပ်ဆောင်လိုရတဲ့အရာတွေ အများကြီးရှိနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ပြည်သူတွေက စစ်အစိုးရအဆက်ဆက် အုပ်ချုပ်လာခဲ့တာပေါ့နော်။ အုပ်ချုပ်လာတဲ့ အထဲမှာလည်း အုပ်ချုပ်တဲ့အစိုးရအဆက်ဆက်ရဲ့ ခွဲခြားဆက်ဆံမှုခံနေရတယ်။ နောက် ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အုပ်ချုပ်တဲ့လူတွေကိုယ်၌က သူတို့ရဲ့ပေါ်လစီ အရသော်လည်းကောင်း အဲလိုအုပ်ချုပ်တဲ့အချိန်မှာ ကျနော်တို့ ရခိုင်ပြည်နယ်မျာ ဖွံ့ဖြိုးတိုးတက်မှု တစုံတရာမရခဲ့ဘူးပေါ့။ အဲတော့ ရခိုင်ပြည်သူတွေ မျှော်လင့်ချက်က အနိုင်ရတဲ့ပါတီကသာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဖြစ်မယ်ဆိုရင် ရခိုင်ပြည်ရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ တစုံတရာ တိုးတက်လာ မယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် တောင်းဆိုရတာဖြစ်ပါတယ်။” လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရမှာတော့ သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေအနေနဲ့ ၀န်ကြီးချုပ်ကို ရွေးချယ်တင်မြှောက်ခွင့်မရှိဘဲ သမတက အဆိုပြုလာသူကို အတည်ပြုခန့်အပ် နေရတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ် လူမှုအဖွဲ့အစည်းတွေရဲ့ သဘောထားရပ်တည်ချက်ဟာ ကျန်တိုင်းနဲ့ ပြည်နယ် အသီးသီးမှာလည်း အလားတူ လိုလားနေကြတာကြောင့် မကြာခင် ပြည်ထောင်စု အစိုးရသစ် အဖြစ် ဖွဲ့စည်းတာဝန်ယူရမယ့် အနိုင်ရအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် အလေးထား ကိုင်တွယ်ရဖွယ်ရှိပါတယ်။ ဖိုရမ်ရဲ့ သဘောထားထုတ်ပြန်ချက် ၁၂ ရပ်ထဲမှာ ဖက်ဒရယ်ပြည်ထောင်စုစနစ်နဲ့ ကိုက်ညီတဲ့ ခိုင်မာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် ပြုပြင်ပြောင်းလဲဖို့နဲ့ ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားအက်ဥပဒေနဲ့အညီ စိစစ်ဆောင်ရွက်ပေးဖို့လည်း ပါရှိပါတယ်။ ကျန်အချက်တွေကတော့ အရပ်ဖက်လူမှုအဖွဲ့တွေရဲ့ အခန်းကဏ္ဍကို ပိုမိုမြှင့်တင်အသိအမှတ်ပြုဖို့၊ ပြည်နယ်တွင်းအကောင်အထည်ဖော်သည် စက်မှုဇုန်တွေနဲ့စီမံကိန်းတွေကို ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ဒေသခံပြည်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ သဘောဆန္ဒနဲ့ အညီ လုပ်ဆောင်ဖို့လည်း တောင်းဆိုထားပါတယ်။ ဒါ့အပြင် ကျောက်ဖြူအထူးစီးပွားရေးဇုန်နဲ့ နေပူတောင်စီမံကိန်းတွေကို ရပ်ဆိုင်းထားဖို့ တောင်းဆိုထားပါတယ်။ “တက်လာတဲ့ကိုယ်စားလှယ်တွေထဲမှာ ဒေသခံတွေအများကြီးပါပါတယ်။ သူတို့က ဒီစီမံကိန်းတွေဟာ ပွင့်လင်းမြင်သာမှု မရှိဘူးပေါ့နော်။ အစိုးရက သူထင်ရာလုပ်သလိုပဲဖြစ်နေ တယ်။ ဒေသခံလယ်သမားတွေရဲ့ အနာဂတ်ဘ၀ကို မစဉ်းစားဘူး။ အဲဒါကြောင့် ရပ်တန့်ဖို့ တောင်းဆိုတာဖြစ်ပါတယ်။ ဒေသခံတွေအတွက် လောလောဆယ်မှာ အကျိုးယုတ်မယ့်စီမံကိန်း ဖြစ်နေတယ်ဆိုပြီးတော့ ဒေသခံတွေရဲ့ဆွေးနွေးမှုအပေါ်ကနော်တို့ တောင်းဆိုရတာဖြစ်ပါ တယ်။” ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှာ ဒီဇင်ဘာလ ၁၈ ကနေ ၂၀ ရက်နေ့အထိ ရက်ကြာကျင်းပတဲ့ ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဖက်လူမှု အဖွဲ့အစည်းများဖိုရမ်မှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်နဲ့ ရန်ကုန်က ရခိုင်လူမှုအဖွဲ့အစည်းပေါင်း ၁၀၇ ဖွဲ့က ကိုယ်စားလှယ် ၂၂၅ ဦးတက်ရောက်ခဲ့ ပါတယ်။
7 years Ago
Up