ရခိုင်ပြည်နယ် ကျောက်ဖြူ

February 22, 2017

ရခိုင်ပြည်နယ် ကျောက်ဖြူ နာရီစင်အနီး မီးလောင်မှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက် နာရီစင်ရှေ့မှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့ မနက်ပိုင်းက မီးလောင်မှုတခု ဖြစ်ခဲ့ရာမှာ  နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးသွားပါတယ်။ မနက်ပိုင်း ၂ နာရီဝန်းကျင်က ဝါယာရှော့ခ်ဖြစ်ပွားရာကနေ မီးစလောင်တာဖြစ်ပြီး အနီးအနားက နေအိမ်တလုံးပါ ကူးစက်သွားတယ်လို့ ကျောက်ဖြူမီးသတ်ဌာနကဦးစီး ဦးစည်သူလင်းက ပြောပါတယ်။ “အဲဒီအိမ်က ပရိဘောဂတွေ လုပ်တယ်ဗျာ။ နေ့လယ်ကျတော့ လူနေတယ်။ ညကျတော့ လူမနေဘူး။အဲဒီမှာ လျှစ်စစ်မီးခလုတ်ကို မပိတ်ဘူးပေါ့ဗျာ။ မပိတ်ဘဲ ထားခဲ့တော့ အပူလောင်ပြီးတော့ ရှော့ခ်ဖြစ်သွားတာပါ။ အိမ်က နှစ်အိမ် လောင်သွားပါတယ်။ မီးအရှိန်က တော်တော်ပြင်းတယ်ဗျ။ အနားကိုတောင် လူမကပ်နိုင်ဘူး။ ကျနော်တို့ ၂ နာရီ ၃၀ ဝန်းကျင်လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။” အဲဒီမီးဟာ အလယ်ပိုင်းရပ်ကွက်က ဦးစောရန်နိုင် ပရိဘောဂနေအိမ်က စလောင်တာဖြစ်ပြီး၊ အနားမှာရှိတဲ့ ဦးသန်းရွှေမောင်အိမ်ကိုပါ ကူးစက်လောင်ကျွမ်းသွားတာ ဖြစ်ပါတယ်။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုး ကျပ်၁၅ သိန်းဝန်ကျင်လောက် ရှိနိုင်တယ်လို့ ကျောက်ဖြူမီးသတ်ဌာနကဦးစီး ဦးစည်သူလင်းက ခန့်မှန်းပြောပါတယ်။ နွေရာသီ ရောက်လာတာကြောင့် မီးလောင်မှုမဖြစ်အောင် သတိပေးနှိုးဆော်နေတယ်လို့ ကျောက်ဖြူမီးသတ်ဌာနက ပြောပါတယ်။ သတင်း - ဝဏ္ဏခွာညို
4 years Ago
Up