ရခိုင်ပြည်နယ် နယ်ခြားစောင့်ကင်းစခန်းများ စီးနင်းခံရမှု ရဲဝန်ထမ်း ၉ ဦး ကျဆုံးဟု အစိုးရရှင်းလင်း

October 10, 2016

ရခိုင်ပြည်နယ် နယ်ခြားစောင့်ကင်းစခန်းများ စီးနင်းခံရမှု ရဲဝန်ထမ်း ၉ ဦး ကျဆုံးဟု အစိုးရရှင်းလင်း

ရခိုင်ပြည်နယ်တွင်း နယ်ခြားစောင့်ကင်းစခန်းတွေ စီးနင်းတိုက်ခိုက်ခံရမှုမှာ ရဲဝန်ထမ်း ၉ ဦး ကျဆုံးပြီး ၁ ဦး ပျောက်ဆုံးနေသလို လာရောက်တိုက်ခိုက်သူ ၂ ဦးကို အရှင်ဖမ်းမိထားပြီး ၈ ဦးရဲ့အလောင်း တွေ့ရတယ်လို့ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပြောပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့  ရသေ့တောင်မြို့နယ်တွေမှာ အောက်တိုဘာ ၉ ရက် မနက်က ဖြစ်ပွားခဲ့တဲ့ အမည်မသိ လက်နက်ကိုင်တွေရဲ့ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး မနေ့ညက နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက မီဒီယာတွေကို ရှင်းလင်းပြောကြားခဲ့တာပါ။ အောက်တိုဘာ ၉ ရက် မနက် ၁ နာရီခွဲလောက်မှာ မောင်တောခရိုင် အမှတ် ၁ နယ်ခြားစောင့် ရဲကွပ်ကဲမှု နယ်မြေအတွင်းရှိ ကျီးကန်းပြင်ကင်းစခန်း၊ နံနက် ၃ နာရီခွဲလောက်မှာ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်ကင်းစခန်း၊ နံနက် ၄ နာရီခွဲလောက်မှာ မောင်တောမြို့နယ် ငါးခူရနယ်မြေစခန်းတွေ အကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။ တိုက်ခိုက်ခံရမှုဖြစ်စဉ်တခုလုံးမှာ ရဲတပ်ဖွဲ့ဝင် အရာရှိ ၁ ဦး၊ အခြားအဆင့် ၈ ဦး စုစုပေါင်း ၉ ဦး ကျဆုံးပြီး တပ်ဖွဲ့ဝင် အရာရှိ ၁ ဦး၊ အခြားအဆင့် ၄ ဦး စုစုပေါင်း ၅ ဦး ဒဏ်ရာရကာ ၁ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။ လက်နက်မျိုးစုံ ၅၁ လက်၊ ကျည်မျိုးစုံ အတောင့် ၁ဝ၁၄ဝ၊ လှံစွပ် ၁ ခု၊ ကျည်အိမ် ၂၈ ခု ပျောက်ဆုံးခဲ့ပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်သူ ၈ ဦးရဲ့ အလောင်းတွေရရှိကာ ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့သလို လုပ်သေနတ်ပစ္စတို ၁ လက်၊ ၎င်းကျည် ၂ တောင့်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့တယ်လို့လည်း ရဲချုပ်က ပြောပါတယ်။ ဖမ်းမိထားသူ ၂ ဦးကို စစ်မေးပြီးချိန်မှ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာကို အတည်ပြု သတင်းထုတ်ပြန်မယ်လို့လည်း ရဲချုပ်က ပြောပါတယ်။ ဆုံးရှုံးသွားတဲ့ လက်နက်ခဲယမ်းတွေ ပြန်ရရေး၊ တိုက်ခိုက်သူတွေကို ဖမ်းဆီးရမိရေးနဲ့ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော် ပူးပေါင်းပြီး ရဟတ်ယာဉ်တွေ အသုံးပြုတာ၊ တပ်ရွှေ့တာတွေနဲ့ အင်အားတိုးမြှင့်ထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ရဲချုပ်က ပြောပါတယ်။ လတ်တလော မောင်တောခရိုင်မှာ ည ၇ နာရီက မနက် ၆ နာရီအတွင်း ညမထွက်ရန်နဲ့ လူ ၅ ဦးထက်ပိုပြီး မစုကြဖို့ ထုတ်ြပန်ထားပါတယ်။
5 years Ago
Up