ရခိုင့်ဒိုင်ယာရီ

June 12, 2018

ရခိုင့်ဒိုင်ယာရီ

လူ့ခွင့်အရေးနှင့် ရခိုင်ပြည်သူ ခုလက်ရှိ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို ကြည့်လိုက်ရင် တရားဥပဒေစိုးမိုးရေးဟာ ၉၀ ဒီဂရီလောက်ကို စောင်းနေတယ်လို့ ပြောလို့ရပါတယ်။ အကြောင်းကတော့ မြောက်ဦးကိစ္စမှာ သေနတ်ပစ်ခံထိပြီး အဖမ်းဆီးခံထားတဲ့ သူတွေဟာ ရုံးချိန်း ၉ ချိန်း ရှိသွားတာတောင် စွဲဆိုထားသူ မလာရောက်တာကို ကြုံနေရတာဟာ ကြီးမားစွာသော ဆင်းရဲဒုက္ခတွေပါ။ ဒါကို ရခိုင်ပြည်နယ်အစိုးရရော လုံးဝမသိတာလား။ ရခိုင်ပြည်နယ် လွှတ်တော်ကကော လုံးဝမသိတာလား။ ဆန္ဒပြတဲ့ထဲမှာလည်း လူတွေအများကြီးပါ။ ဒီထဲမှာ သေနတ်ကျည်ဆန်ထိလို့ ပြေးမလွတ်သူတွေကသာ ပိုပြီး ကံဆိုးမိုးမှောင်ကျသွားပြီး ဆေးရုံမှာလည်း ဆေးကုသနေရင်းတန်းလန်း အထိန်းသိမ်းခံခဲ့ရပါတယ်။ ဒါဟာ ကြီးမားစွာသော လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုပါ။ ဒါတွေကို ဒီအတိုင်းဖြစ်နေတာ ထိုင်ကြည့်နေကြတာဟာ အလွန်တရာမှ စိတ်ပျက်ဖွယ်ကောင်းတဲ့ အနေအထားပါ။ ဥပဒေလမ်းကြောင်း အနေအထားမှာလည်း ဒီလို ရုံးချိန်းတိုင်းကို တရားလိုက မလာဘဲ ပျက်ကွက်နေရင် စွပ်စွဲခံရသူတွေအတွက် ဘယ်လိုအကျိုးခံစားခွင့်တွေ ရစေမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း လုပ်သင့်ပါတယ်။ သူတို့မလုပ်ရင် သက်ဆိုင်ရာ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရ လုပ်ငန်းပိုင်းဆိုင်ရာက တာဝန်ရှိသူတွေ တွန်းအားပေးသင့်ပါတယ်။ ပြည်သူကိုယ်စားပြုတဲ့ အစိုးရတရပ်အနေနဲ့ ဒါတွေဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စတွေလို့ပဲ မြင်ပါတယ်။ အက်ဆီးဒင့်ကိစ္စများ ရခိုင်ပြည်အတွင်းမှာ မီးဘေး၊ ရေဘေးအပြင် ဆိုင်ကယ်မှောက်မှုတွေ၊ ကားမှောက်မှုတွေ ဒီနှစ်မှာ အတော်များများ ဖြစ်နေတာကို တွေ့ရပါတယ်။ မောင်းသူများ မဆင်မခြင်မောင်းတာလည်း ပါဝင်သလို သတိပေး၊ ပညာပေးမှုတွေကို ထိထိရောက်ရောက် မလုပ်တာလည်း ပါပါတယ်။ ‘ဆိုင်ကယ်ဦးထုပ် ဆောင်းဖို့’ ဆိုတာကိုလည်း ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေကို တခါတလေသာ ကြပ်မတ်တာ တွေ့ပါတယ်။ ဥပမာအားဖြင့် စစ်တွေ မီးစက်ကြီးခွဆုံနားမှာ ဆိုရင် ဆိုင်ကယ်တွေကို ကြည့်ရှုစစ်ဆေးတဲ့အဖွဲ့တွေ ရှိပါတယ်။ သူတို့ဟာလည်း တကယ်တမ်းကျရင် လိုက်မမီပါဘူး။ ဦးထုပ်မဆောင်းတဲ့သူကို ဖမ်းဆီးနေတယ်ဆိုရင် အနီးအနားကို ရောက်ကာမှ ရှောင်ပြီး နောက်တလမ်းကနေ လှည့်ပြေးသွားလို့ ရပါတယ်။ ပြီးရင် သူတို့မှာ ပြေးသွားသူနောက်ကို လိုက်ဖို့ ဆိုင်ကယ်တွေ၊ ရဲတပ်ဖွဲ့အင်အားတွေ အဆင်သင့် ရှိမနေပါ။ ဒါတွေဟာလည်း ဥပဒေတွေကို မသေမသပ်လုပ်တဲ့ ကိစ္စတွေပါ။ နောက်ပြီး လမ်းတွေကို ကန်ထရိုက်ရတဲ့သူတွေ အရည်အချင်း ပြည့်မီအောင် မလုပ်ပေးတာတွေကြောင့်လည်း တချို့တွေအတွက် အခက်ရောက်စေပါတယ်။ နောက်ပြီး ကတ္တရာလမ်းနှင့် နေသားကျတဲ့ ပြည်သူတွေဟာ ကွန်ကရစ်လမ်းနှင့် နေသားမကျကြသေးပါ။ ဒီလိုမျိုးတွေအတွက်လည်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနတွေက လမ်းသစ်တွေ ဖြစ်လာတဲ့အတွက် ဆောင်ရန်၊ ရှောင်ရန်တွေကို ရေဒီယို၊ သတင်းစာ၊ ရုပ်မြင်သံကြားတွေကတဆင့် သတိပေးတာတို့ လုပ်သင့်ပါတယ်။ တရားဥပဒေစိုးမိုးရေး အမှုအခင်းတခုကို သတင်းရရချင်း ဖွင့်မပေးတဲ့ကိစ္စတွေ နေရာအနှံ့မှာ ရှိနေဆဲပါ။ မနှစ်က ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ စစ်တွေ ဝေသာလီကွင်းနားက ကျော် တည်းခိုခန်း ဆိုတာမှာ အမျိုးသမီးငယ်တွေကို လူကုန်ကူးမှုလုပ်တယ်ဆိုပြီး ဆိုင်ကို ချိပ်ပိတ်တာတို့၊ အမှုဖွင့်တာတို့ လုပ်ခဲ့ပါတယ်။ သတင်းစာမျက်နှာတွေမှာလည်း အတော်လေး တွင်ကျယ်တဲ့သတင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ခုထိ သွားကြည့်ရင် ဒါမျိုးတွေကို လုပ်နေတုန်းပဲ ရှိပါသေးတယ်။ နောက် စစ်တွေစားသောက်ဆိုင်မှာ သေနတ်နှင့်ဝင်ပစ်တဲ့ အမှုတခု။ ခု ဘယ်လို ကျေအေးကြပြီး ဘယ်လို ဖြေရှင်းလိုက်မှန်းကို မသိကြဘူး။ ဒီလို ဥပဒေကို ငွေနဲ့၊ အမှုစစ်ရဲကို ငွေနဲ့ လာဘ်ပေးလာဘ်ယူလုပ်ပြီး ပျောက်သွားတဲ့ အမှုတွေ၊ ပေါ့သွားတဲ့အမှုတွေ ဘယ်လောက်ထိများ ရှိနေပြီလဲ။ မနှစ်က ပေါက်တောမြို့နယ်မှာ သေနတ်ပစ်ဒဏ်ရာနဲ့ သေသွားတဲ့ ဦးမောင်ဖြူ တောင်းဆိုသူရဲ့အမှုကလည်း ဘာမှ ရေးကြီးခွင်ကျယ် မရှိတော့ပါဘူး။ ကျနော် ဟိုတပတ်က ရေးလိုက်တဲ့ ဒီဗွီဘီ ဆောင်းပါးတပုဒ်မှာဆိုရင် မြောက်ဦးက ဆီဆိုင်တဆိုင်မှာ ဝန်ထမ်း အမျိုးသမီးငယ်လေးတယောက်ကို ဝန်ထမ်း အမျိုးသား ယောက်ျားတဦးက ကိုယ်ထိလက်ရောက် ရိုက်နှက်တာတို့ ရှိခဲ့ပါတယ်။ ဧပြီလ ၁၁ ရက်ကတည်းက ဖြစ်ခဲ့တဲ့ အဆိုပါပြဿနာအတွက် အမှုအခင်းဖွင့်တာမှာလည်း ကြန့်ကြာခဲ့ပါတယ်။ ၄-၁၁-၂၀၁၇ က ဖြစ်ခဲ့တဲ့ ပြဿနာအတွက် ဆေးစာကို ၁-၆-၂၀၁၈ ထိ တောင်းလို့ မရနိုင်သေးပါ။ ဒါတွေကိုကြည့်လိုက်ရင် မှုခင်းနောက်ထပ်တခုကို ထပ်ဖြစ်လာအောင် ဥပဒေဘောင်တွင်းက လူတွေ တရားလက်လွတ် လုပ်နေတာ ပေါ်လွင်ပါတယ်။ တရားမျှတမှုကို နှောင့်နှေးအောင် လုပ်ခြင်းသည် တရားမျှတမှု ဖြစ်ဖို့အတွက် ငြင်းပယ်ရာရောက်တယ် ဆိုတဲ့စကား ရှိပါတယ်။ ဒီလိုပုံစံမျိုးကို ဥပဒေဘောင်ထဲကလူတွေ လုပ်နေတာဟာ ရိုးသားမှုမရှိဘူးလို့ ယူဆနိုင်ပါတယ်။ နောက် ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်လို့ ကိုနိုင်စိုး ဆိုသူကို ဖမ်းဆီးခဲ့တုန်းကတော့ ဘာဝရမ်းမှမရှိဘဲ သံသယမှုနဲ့ဖမ်းတာမှာ မြန်သလောက် ပြစ်မှုထင်ရှားတာ တခုကို အမှုအခင်းဖွင့်ဖို့ကျတော နှောင့်နှေးကြန့်ကြာနေပါတယ်။ နောက်ပြီး တရားရုံးတွေမှာ ရုံးချိန်းထားသူတွေကို မနက် ၉ နာရီကတည်းကချိန်းပြီး တရက်လုံးလိုလို ထိုင်စောင့်ခိုင်းတာတို့ဟာ မလျော်သြဇာ သုံးတာတွေပါ။ ရခိုင်ပြည်အနှံ့ တရားရုံးတွေမှာ ဒီလိုဖြစ်ပျက်မှုမျိုးတွေကို ရှေ့နေတွေရော၊ အမှုသည်တွေပါ ခံစားနေကြရဆဲပဲ ဖြစ်ပါတယ်။ ဒါတွေကိုလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတိပြုသင့်ပြီး ဖြေရှင်းပေးဖို့ အချိန်တန်ပါပြီ။ ဒါတွေဟာလည်း စိတ်ပျက်ဖွယ်ကောင်းတဲ့ ရခိုင်ပြည်နယ်က တရားဥပဒေ စိုးမိုးရေးတွေပါ။ ပိုပြီး စိတ်ပျက်စရာ ကောင်းတာကတော့ လွှတ်တော်အသိုင်းအဝိုင်းက လွှတ်တော်ကိုယ်စားလှယ်တွေနှင့် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေက ဒါတွေကို စိတ်ဝင်စားမှု နည်းတာတွေပါပဲ။ မိမိတို့လာမှ ဖော်ရွေပြ၊ အကောင်ကြီးကြီးတွေနှင့် ဆက်စပ်မှ ဝန်ဆောင်မှုကောင်းကောင်းပေးတဲ့ ခေတ်တွေ ကုန်သင့်ပါပြီ။ ပညာရေးကဏ္ဍ ၈ တန်း မအောင်တဲ့ ရဲတပ်ဖွဲ့ဝင်၊ တပ်မတော်သားတဦးက အိမ်ထောင်ပြုလာရင် နေစရာအဆင်သင့် ရှိပါတယ်။ ဘွဲ့တခု၊ နှစ်ခု ယူထားတဲ့ ပညာရေးဝန်ထမ်းတွေကတော့ ဘုံပျောက်နေကြဆဲပါ။ တချို့ရွာတွေက နေစရာအိမ်ကို ဆောက်မပေးချင်ကြသလို တချို့ ဆရာ၊ ဆရာမတွေကလည်း မြို့မှာပဲ တာဝန်ကျချင်ကြပါတယ်။ မြို့မှာပဲ တာဝန်ကျချင်တဲ့ အကြောင်းတွေကလည်း အများကြီးရှိပါတယ်။ ကျူရှင်ဈေးကြီးကြီးနဲ့ ပြစားလို့ရတယ်။ သွားရလာရ လွယ်ကူတယ်။ ဒီလို အကြောင်းတရားတွေကြောင့် ပါပါတယ်။ တချို့ဆို ရာထူးတိုးမယူဘဲ တနေရာမှာပဲ ရာသက်ပန် နေသွားတဲ့သူတွေ အများကြီးပါ။ ဒါကလည်း ရခိုင်ပြည်ပညာရေးအတွက် ဆိုးရွားလှတဲ့ အကျိးဆက်တွေပါ။ နောက်တခုကတော့ ကျောင်းသားတွေ ကိုယ်နေချင်တဲ့ကျောင်းကို ပြောင်းဖို့အတွက် ကျောင်းထွက်လက်မှတ် တောင်းတာကို တချို့ကျောင်းအုပ်တွေက ပညာရေးဘောင်ထဲက ပါဝါနဲ့ ထုတ်မပေးတာတို့၊ မိဘတွေကို ခြိမ်းခြောက်တာတို့ ရှိပါတယ်။ တချို့ရွာတွေမှာဆိုရင် မူလွန်ဖြစ်ရင် ကျောင်းအုပ်က နောက်တနေရာကို ပြောင်းရွှေ့ရမှာ ကြောက်လို့ ကျောင်းကို အဆင်မြှင့်တင်တာကို ကျောင်းအုပ်ကိုယ်တိုင်က အားမပေးတာတို့တောင် ရှိပါတယ်။ ဒါတွေဟာလည်း ရခိုင်ပြည် ပညာရေးကို အတွင်းထဲကနေ ဆိုးကျိုးပေးနေတာလို့ ပြောလို့ရပါတယ်။ နောက်ပြီး ကျောင်းပြောင်း ကျောင်းရွှေ့ ကိစ္စတွေကို ပညာရေးမှူးတွေထက် စာရေးတွေက ပိုပြီးပိုင်နိုင်နေတဲ့ ကိစ္စဟာ အခုထိ မပျောက်ကြသေးပါ။ သူတို့နဲ့ အဆင်ပြေတဲ့သူတွေကို နေရာကောင်းရွေးပေး၊ သူတို့ဆီကို လာမပြော၊ အသိမပေးတဲ့သူတွေကို စေလိုရာ စေ၊ နေရာချထားပေးမှုတွေကလည်း အခုထိ ရှိနေဆဲပါ။ နောက်ကဏ္ဍတခုကတော့ တချို့ဘုန်းတော်ကြီးတွေရဲ့ ကိုယ်ကျိုးစီးပွားကြောင့် ဖြစ်နေတဲ့ ဘက ခေါ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေပါ။ တကယ့် နယ်စွန်နယ်ဖျားတွေမှာ လိုအပ်လို့ သင်ပေးနေကြတာ အကြောင်းမဟုတ်ပေမယ့် တချို့က ကျောင်းသားတွေကို လူမှုကွန်ရက်တွေပေါ်တင်ပြီး အလှူငွေရှာလို့ အဆင်ပြေတဲ့အတွက် အစိုးရကျောင်းတွေ ပေါ်လာပေမယ့်၊ သင်ကြားမယ့် ဆရာတွေ ပေါ်လာပေမယ့် နောက်ဆုတ်မပေးချင်ကြတာပါ။ ဒါကလည်း ပညာရေးကို နိမ့်ကျအောင် လုပ်နေတာ တမျိုးပါ။ ကိုယ်ပိုင်ကျောင်းတွေ၊ ဘော်ဒါဆောင်တွေ၊ အစိုးရအထက်တန်းကျောင်းတွေ ပေါ်နေပြီး သင်ကြားမှုစနစ်လည်း အရင်ကထက် လျော့နည်းလာတဲ့အချိန်မှာ တချို့ပရဟိတကျောင်းတွေက ပညာရေးကဏ္ဍအတွက် အကျိုးမများလှတာ တွေ့ရပါတယ်။ တချို့ကျောင်းတွေမှာ လူမှုရေးပြဿနာတွေတောင် ရှိတတ်ပါတယ်။ ဒါတွေကိုလည်း ပညာရေးဌာနက တာဝန်ရှိသူတွေ၊ အစိုးရပိုင်းက တာဝန်ရှိသူတွေ သတိမူသင့်ပါတယ်။ ပရဟိတကို အမှီပြုပြီး အဆင်ပြေသွားတဲ့အခါ ပရဟိတကို မဖြုတ်ချင်တာနဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ဘဝကို ကိုယ်ချင်းစာပါတယ်ဆိုတာ ကွဲကွဲပြားပြား သိထားသင့်တဲ့ အကြောင်းအရာပါ။ ပြည်နယ်လွှတ်တော်နှင့် ပြည်နယ်အစိုးရ ကန်ထရိုက်အားပြိုင်ပွဲ ပြည်နယ်မှာ နေရာယူထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ရခိုင်အမျိုးသားပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့နှစ်ဖွဲ့ကတော့ ကန်ထရိုက် အားပြိုင်ပွဲကနေ နိုင်ငံရေးက နွှယ်လာတဲ့သဘောပါ။ အကြောင်းကတော့ နှစ်ဖွဲ့စလုံးမှာ ကန်ထရိုက်ကိုယ်စီ ရှိနေလို့ပါပဲ။ ဒါကြောင့် ဝန်ကြီးတပါးကို ဖြုတ်ချတာတို့၊ ဖြုတ်ချချင်တာတို့ ဆိုတာကလည်း ဒီလို အားပြိုင်ပွဲကနေပဲ ပြီးလာပါတယ်။ နှစ်ဖွဲ့စလုံးက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ကို စိတ်မဝင်စားကြသေးပါ။ နိုင်ငံရေးမှုနဲ့ ထောင်ကျသူတွေကို လွှတ်တော်မှာ အကျယ်တဝင့် ဆွေးနွေးမှုကိုလည်း ယခုထက်ထိ မလုပ်ကြသေးပါ။ လုပ်ငန်းကြီးကြီးတွေကို ကိုယ့်လူတွေကို ဘယ်လိုချပေးရမလဲဆိုတဲ့ လုပ်ငန်းစဉ်နဲ့ပဲ အလုပ်ရှုပ်နေပါတယ်။ တကယ်တမ်း စစ်ဆင်ရေးတရပ်လို လွှတ်တော်ကိုယ်စားလှယ် မဖြစ်ခင်နဲ့ ဖြစ်ပြီးမှ ပိုင်ဆိုင်မှု ဘယ်ရွေ့ဘယ်မျှ ဆိုတဲ့ကိစ္စသာ တကယ်တမ်းဖြစ်လာရင် မလေးရှားက ရာဂျစ်လို ဖြစ်သွားနိုင်တဲ့သူတွေ အတော်များများ ရှိတယ်လို့ သုံးသပ်ရပါတယ်။ ဒါကြောင့်လည်း အထက်မှာ ဖော်ပြခဲ့တဲ့ကိစ္စတွေဟာ ဒုတိယအစိုးရသက်တမ်း ၃ နှစ်ထဲ ဝင်တာတောင် ပိုနေမြဲ ကျားနေမြဲ ဆိုတာကို တွေ့နေရဆဲ ဖြစ်တယ်လို့ သုံးသပ်လိုက်ရပါတယ်။ ကျော်လင်း
3 years Ago
Up