ရခိုင်အရေး

March 18, 2019

ရခိုင်အရေး အပ်နဲ့ထွင်မလား ပုဆိန်နဲ့ပေါက်မလား (အယ်ဒီတာအာဘော်)

ခန္ဓာကိုယ်၏ မည်သည့်နေရာကို     ရိုက်ရိုက်၊ ပုတ်ပုတ်၊ ထုချင်ထု၊ မှတ်စိတ်ကတော့ နာကျင်မှုကို သိနေသလိုပင် တိုင်းနိုင်ငံတခု၏ မည်သည့်အစိတ်အပိုင်းတွင်မဆို ပဋိပက္ခဖြစ်၍ တိုက်ကြ ခိုက်ကြပြီဆိုလျှင် တပြည်လုံးက ထိခိုက်နာကျင်ရမည်ဖြစ်၏။ လတ်တလော ရခိုင်ပြည်နယ်၌ ဖြစ်ပွားနေသော ရက္ခိုင့်တပ်မတော် (အေအေ) နှင့် တပ်မတော်တို့၏ စစ်ရေးပဋိပက္ခသည် တင်းမာသည့်အဆင့်ကို ကျော်၍ ပြင်းထန်သည့်အဆင့်ကိုပင် ရောက်ခဲ့လေပြီ။ တိုင်းရင်းသားအချင်းချင်း ဖြစ်ပွားသည့်စစ်ပွဲကို တိုင်းရင်းသားအချင်းချင်း အမြန်ဆုံး ညှိနှိုင်း အဖြေရှာသင့်သည်။ ပဋိပက္ခ ယခုအခြေအနေထက် ပိုလို့ ဆိုးရွားပျံ့နှံ့မလာစေရန် တနည်းပြောရလျှင် “အပ်နှင့်ထွင်ရမည့်အရေးကို ပုဆိန်နှင့် ထွင်သကဲ့သို့” ပင် ဖြစ်နေမည်ကို ပြည်သူတို့ စိုးရိမ်ပူပန်မည်ဆိုက ပူပန်စရာပင် ဖြစ်နေသည်။ မကြာသေးခင်က သတင်းစာရှင်းလင်းပွဲတခုတွင် သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဋ္ဌေးက “ရခိုင်ပြည်နယ်တွင် ဖြစ်လာတဲ့ အခြေအနေသစ်တွေက နိုင်ငံအတွက် စိုးရိမ်စရာလည်း ဖြစ်လာနေတယ်” ဟု ပြောကြားခဲ့သည်။ မှန်ပါသည်။ ရခိုင်တွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေနေသစ်သည်၊ ဦးဇော်ဋ္ဌေး ပြောသကဲ့သို့ပင် စိုးရိမ်စရာ အခြေအနေထိ ဖြစ်လာခဲ့ပေသည်။ လတ်တလော အခြေအနေကို ပြန်လည်သုံးသပ်ကြည့်လျှင် ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်နေ့ တပ်မတော်က ထုတ်ပြန်ခဲ့သော စစ်တိုင်းကြီးငါးတိုင်းတွင် စစ်ရေးလှုပ်ရှားမှုများ ရပ်စဲလိုက်သည့် ကြေညာချက်က စရမည်ထင်သည်။ ထိုအပစ်ရပ်ကြေညာချက်တွင် ရခိုင်ပြည်နယ်တည်ရှိရာ အနောက်ပိုင်းတိုင်း စစ်ဒေသ ပါဝင်ခြင်း မရှိခဲ့ပေ။ ခုလို မပါဝင်ရခြင်းမှာလည်း ARSA အဖွဲ့ ပြန်ဝင်လာမည်ဟု သတင်းရသောကြောင့်ဟု အစိုးရဘက်က အကြာင်းပြခဲ့သည်။ ဒီနောက် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့ မနက် ၆ နာရီခန့်တွင် အေအေတပ်ဖွဲ့က ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့် ရဲကင်းစခန်း ၄ ခုကို အလစ်အငိုက် တပြိုက်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အရာရှိတဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၁၄ ဦးကျဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့သည်။ အေအေအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ဒီဇင်ဘာ ၂၁ ရက်နေ့ တပ်မတော် ထုတ်ပြန်ချက်မှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပါဝင်ဘဲ အေအေနဲ့ တပ်မတော်ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ဒါကြောင့် တပ်ကနေ အင်အားသုံးပြီး ထိုးစစ်ဆင်မှုအပေါ် လိုအပ်သည့်တုံ့ပြန်မှု ပြုလုပ်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဒီတိုက်ခိုက်မှုကို တုံ့ပြန်ရန်အတွက် အေအေကို သောင်းကျန်းသူအဖြစ် နှိမ်နင်းရေး စစ်ဆင်ရေးပြုလုပ်ဖို့ သမ္မတရုံးက ညွှန်ကြားထားပြီးပြီဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ဇန်နဝါရီ ၇ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ ဒီနောက် တပ်မတော်က အေအေတပ်ဖွဲ့ကို နှိမ်နင်းခဲ့ရာမှာ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားခဲ့သလို  စစ်ပွဲ၏ အကျိုးရလဒ်အဖြစ် စစ်ဘေးရှောင်ဒုက္ခသည် ၁၀၀၀၀ ကျော်အထိ တိုးပွားလာခဲ့သည်။ မတ်လ ၉ ရက် ညသန်းခေါင်ယံအချိန်မှာတော့ အေအေတပ်ဖွဲ့ဟာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ရဲကင်းစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေ အသုံးပြုပြီး ဝင်ရောက်တိုက်ခိုက်ရာ တာဝန်ကျ ရဲဝန်ထမ်း ၉ ဦး ကျဆုံးခြဲ့ပန်သည်။ ဒီတိုက်ခိုက်မှုအပြီးမှာတော့ ရခိုင်​ပြည်​နယ်​ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ မင်းပြားမြို့နယ်ရှိ အင်​အားနည်း ရဲကင်းစခန်းများကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ မြောက်ဦးမြို့နယ်မှာတော့ အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦးကို မတရားသင်းဥပဒေနဲ့ ဖမ်းဆီးခဲ့တဲ့အတွက် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၉၀ ကျော်က အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာ တင်ခဲ့ကြပြန်ပါသည်။ ရဲစခန်းမရှိသည့် ကျေးရွာများ၊ အုပ်ချုပ်ရေးမှူးမရှိသည့် ကျေးရွာများ၏ နောက်ဆက်တွဲ အကျိုးဆက်ကို ဒေသခံပြည်သူများ ခံစားကြရမည်ဖြစ်သလို မကြာသေးခင်ကမှ အထွေထွေအုပ်ချုပ်ရေးကို တပ်မတော်လက်အောက်မှ ပြောင်းရွှေ့တာဝန်ယူခဲ့သည့် အစိုးရအတွက်လည်း နောက်ထပ် ဖြေရှင်းရမည့် စိန်ခေါ်မှုအသစ်တရပ် ဖြစ်ပေမည်။ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဋ္ဌေးကတော့ အေအေအဖွဲ့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ အမြဲလမ်းဖွင့်ထားပါတယ်ဟု ထုတ်ဖော်ပြောကြားထားသလို အေအေအပါအဝင် မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၇ ဖွဲ့နဲ့ မတ်လ ၂၁ ရက် နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးရန် အစိုးရက ဖိတ်ခေါ်ထားသည်။ အီးယူ ဥရောပသမဂ္ဂ၊ ကနေဒါနှင့် နော်ဝေနိုင်ငံတို့ကလည်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲရန်နှင့် အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းရန် ကြေညာချက်ထုတ်ပြန် တိုက်တွန်းထားသည်။ နိုင်ငံတော်သမ္မတကလည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီကို အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင် ခေါင်းဆောင်ပြီး အဖွဲ့ဝင် ၁၄ ဦးနဲ့  မတ်လ ၁၄ ရက်တွင် ဖွဲ့စည်း တာဝန်ပေးထားသည်။ လက်ရှိ အခင်းအကျင်းအရဆိုလျှင် ရခိုင်ပြည်နယ် စစ်ပွဲများသည် ပြည်နယ်တခုလုံး အလုံးစုံ ပျက်သုဉ်းရေးနောက် လိုက်မည်လား သို့တည်းမဟုတ် ငြိမ်းချမ်းဆွေးနွေးပွဲ စားပွဲဝိုင်းပေါ်တက်၍ အပြေအလည် ညှိနှိုင်းဆောင်ရွက်ကြမည်လား ဆိုသည်ကို သက်ဆိုင်သူတို့ အထူးအလေးထား စဉ်းစားရတော့မည့် အခြေနေသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ရခိုင်ပြည်နယ်အရေးသည် ပြည်ထောင်စုတခုလုံး၏ အရေးဖြစ်သလို နွားကွဲလျှင် ကျားဆွဲနိုင်သည့် အရေးကိစ္စ ဖြစ်သည်ဆိုသည်ကိုလည်း  သတိချပ်ကြရန်လိုသည်။ သို့ပါ၍ လက်ရှိ ရှိနေသည့် အခွင့်အရေးများကို အမိအရ ဖမ်းဆုပ်ကိုင်၍ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး၊ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် စားပွဲဝိုင်းတွင် ဆွေးနွေး၍ စစ်ရေးပဋိပက္ခကို အမြန်ဆုံး အဖြေရှာ ဆောင်ရွက်နိုင်ရန် မျှော်မှန်း တိုက်တွန်းလိုက်ရပါသည်။
4 years Ago

December 12, 2018

ရခိုင်အရေး သက်သေအထောက်အထားများပေးရန် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖိတ်ခေါ်

ရခိုင်အရေးနဲ့ပတ်သက်လို့ သက်သေအထောက်အထားတွေပေးဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဖိတ်ခေါ်လိုက်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နေ့နောက်ပိုင်း ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေမှာ လူ့အခွင့်အရေး ချိုးဖောက်ကြောင်းနဲ့ ယင်းနဲ့ဆက်နွှယ်တဲ့ ကိစ္စတွေနဲ့ပတ်သက်တဲ့ သက်သေခံချက်တွေ ပေးပို့ဖို့ အခုလို ဖိတ်ခေါ်လိုက်တာပါ။ အချက်အလက်တွေ စုဆောင်းပေးသွင်းဖို့ ဖိတ်ခေါ်တဲ့ အခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့ပါတယ်။ “ဖြစ်စဉ်တွေနဲ့သက်ဆိုင်တဲ့ သက်သေခံချက်တွေ၊ မှတ်တမ်းဓာတ်ပုံတွေ၊ အထောက်အထားတွေ၊ အသံဖိုင်၊ ရုပ်မြင်သံကြားဖိုင်တွေ အစရှိတဲ့ သက်သေခံချက်တွေကို ပြစ်မှုကျူးလွန်ခံရသူတွေ၊ သက်သေတွေ၊ အုပ်စုအဖွဲ့အစည်းတွေနဲ့ တဦးချင်းပုဂ္ဂိုလ်တွေက တင်သွင်းပေးကြဖို့ ဖိတ်ခေါ်ပါတယ်" လို့ ကော်မရှင်ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယိုမယ်နာလိုက ပြောပါတယ်။ သက်သေခံချက် တင်သွင်းလွှာတွေကို မြန်မာ၊ အင်္ဂလိပ်၊ ရခိုင်နဲ့ ဘင်္ဂါလီ ဘာသာတမျိုးမျိုးနဲ့ ရေးသားပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ပေးပို့ရမှာဖြစ်ပါတယ်။ အချက်အလက်တွေကို အီးမေးလ် သို့မဟုတ် စာတိုက်ကနေ ပေးပို့နိုင်ပြီး တင်သွင်းသူရဲ့ အမည်၊ အသေးစိတ်အချက်တွေ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ) ပါရှိရမှာဖြစ်ပြီး လိုအပ်ရင် ကော်မရှင်က တွေ့ဆုံစစ်ဆေးမှာဖြစ်သလို ပေးပို့လာတဲ့ အချက်အလက်တွေကိုလည်း လျှို့ဝှက်ပေးထားမယ်လို့ ဆိုပါတယ်။ ကော်မရှင်ကို ရခိုင်ပြည်နယ် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ ဆောင်ရွက်နိုင်ဖို့ အမျိုးသားအစီအစဉ်တရပ်အနေနဲ့ ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဥက္ကဋ္ဌအနေနဲ့ ဖိလစ်ပိုင် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ရိုဆာရီယိုမယ်နာလို၊ အဖွဲ့ဝင်တွေအဖြစ် လူသားချင်းစာနာထောက်ထားမှု ကိစ္စရပ်များဆိုင်ရာ ကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်ဟောင်း ကင်ဇိုအိုရှီးမား၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဟောင်း ဦးမြသိန်းနဲ့ ယူနီဆက် အဆင့်မြင့်အရာရှိကြီးဟောင်း ဒေါက်တာအောင်ထွန်းသက်တို့နဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
4 years Ago
More News
Up