ရခိုင်အရေးတွေးချင့်စရာ

A d v e r t i s e m e n t With Us

June 18, 2020

ရခိုင်အရေးတွေးချင့်စရာ

ရခိုင်မြေ စစ်တလင်းမှာ စစ်ခင်းနေကြတာ ကြာပေါ့။ အနိုင် အရှုံးမှာ ဆက်တိုက်ရှုံးနေရတာက ရခိုင်ပြည်သူတွေ။ လက်နက်ကိုင်အချင်းချင်း ထိပ်တိုက်တွေ့ စီးချင်းထိုးရမယ့် ရင်ဆိုင်တိုက်ပွဲကျတော့ သတ္တိရှင်တွေ ရှောင်ကွင်းကြလေရဲ့။ အရပ်ဘက်အစိုးရကို တိုက်တာလား၊ စစ်အာဏာရှင်ကို တိုက်သလားပင် မကွဲပြားခဲ့။ ဓားစာခံကတော့ ပြည်သူပဲပေါ့။ စစ်ပြေးဒုက္ခသည်တွေကလည်း မနည်းတော့ဘူး။ စစ်ပြေးရပြီဆိုကတည်းက အရင်နေခဲ့တဲ့ရွာ၊ အရင်နေခဲ့တဲ့ဒေသ ပြန်ရဖို့ မစဉ်းစားနဲ့တော့။ အကြောင်းပြချက်အစုံစုံနဲ့ အခုလောက်ဆို ‘ဂရန်’တောင် ဖောက်ပြီးလောက်ပြီ။ စစ်ဖြစ်ပွားရာဒေသ တိုင်းရင်းသားတိုင်း ရင်ဆိုင်ခဲ့ရတဲ့ မြေယာပြဿနာတွေ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ ရခိုင်ဒေသဟာ မူးယစ်ဆေးဝါးဖြန့်ဖြူးရာ ထွက်‌ပေါက်ကလည်း ဖြစ်နေပြန်တယ်။ မူးယစ်ဆေးရဲ့ ထွက်ပေါက် ဖြစ်နေတာ အခုဆိုရင် ဆယ်စုနှစ် သုံးစုလောက်တောင် ကျော်နေပြီ။ တရုတ်တို့အတွက်ကတော့ အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ပေါ့။ ဒါတွေက ချင့်ချိန်ရာမှာ ချန်ထားလို့မရတဲ့ နိဒါန်းတွေ။ ထားတော့... ကျနော် ပြောချင်တာက ဒီကြောင်းမဟုတ်ဘူး။ မကြာသေးခင်က လူမှုကွန်ရက်စာမျက်နှာသာမက သတင်းမီဒီယာထဲမှာပါ ပြန့်လွင့်နေတဲ့ ‘အုပ်ချုပ်ရေးပျက်ပြားမှု’ ဆိုတဲ့ အကြောင်းတွေပါ။ ရခိုင်ဒေသမှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ နုတ်ထွက်စာတင်ကြတဲ့ အကြောင်းတွေလည်း တွေ့ရတယ်။ နောက်တော့ အေအေတို့က “ရခိုင်ပြည်နယ်ကို လက်ရှိအစိုးရ၏ အုပ်ချုပ်ရေးစနစ်အစား အေအေတို့၏ အုပ်ချုပ်ရေးစနစ်ဖြင့် အစားထိုးသွားမယ်” လို့ ကြွေးကြော်တဲ့အသံတွေ ထွက်ပေါ်လာခဲ့တယ်။ အဲဒီလို ကြွေးကြော်သံထွက်လာပြီး မကြာမီမှာဘဲ အတိုင်အဖောက်ညီညီနဲ့လို့ ဆိုရမလောက်ပါပဲ။  ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း အားကျမခံပြောပြတာက “တရားဥပဒေစိုးမိုးရေးက ဂရုစိုက်ရမယ့်အခြေအနေ ရောက်နေပြီလို့ ကျနော် ပြောချင်တယ်။ ထိရောက်မယ့် အုပ်ချုပ်ရေးစနစ်တော့ ကျနော်တို့ ဖော်ဆောင်မှရမယ်။ မဖော်ဆောင်ဘူးဆိုရင်တော့ တရားဥပ‌ဒေစိုးမိုးမှု ပျက်ယွင်းတာကနေစပြီးတော့ သူတို့ အေအေပြောသလို အစားထိုးခံရမယ့် ပုံစံမျိုးဖြစ်သွားလိမ့်မယ်”လို့ ပြောသွားကြောင်း မြန်မာတိုင်းမ်က ဇွန်လ ၁၄ ရက်မှာ   ဖော်ပြထားတာကိုလည်း တွေ့ရတယ်။ သူကပဲ ဆက်ပြောတာက “ကျနော်ဆိုလိုတာက အခုလက်ရှိကျင့်သုံးနေတဲ့ အုပ်ချုပ်မှုစနစ်ထက် ပဋိပက္ခဖြစ်ပွားတဲ့နေရာမှာ ထိရောက်တာက ဘာလဲ။ ဒါနဲ့ပတ်သက်ပြီး အဓိပ္ပာ်မဖွင့်တော့ပါဘူး”လို့ ပြောခဲ့ပြန်တယ်။ အစားထိုးရမယ့် အုပ်ချုပ်ရေးစနစ်က ဘာလဲဆိုတာကိုတော့ ဖွင့်ဆိုမသွားခဲ့ပါဘူး။ ဒါပေမဲ့ စစ်တပ်လူထွက်တစ်ဦးဖြစ်တဲ့ ဦးအောင်မျိုးကတော့ “ထိရောက်တဲ့ အုပ်ချုပ်ရေးဆိုတာ စစ်အုပ်ချုပ်ရေးကို ပြောတာ။ ရခိုင်မြောက်ပိုင်းဟာ စစ်အုပ်ချုပ်ရေးပေးဖို့ အချိန်တောင် နောက်ကျနေပြီ”လို့ ပြောခဲ့ပါတယ်။ ဒါဆိုရင် စစ်တပ်နဲ့ အေအေ နှစ်ဘက်စလုံးက လိုချင်တာက ‘ရခိုင်‌မြောက်ပိုင်းဒေသ အုပ်ချုပ်ရေး’လို့ ယူဆရမလို ဖြစ်နေတယ်။ ဒီတော့ အုပ်ချုပ်ရေး ဘယ်လို ပျက်ပြားစေခဲ့သလဲ။ ပျက်ပြားအောင် ဘယ်သူတွေ လုပ်ဆောင်နေကြသလဲ။ ဘယ်သူတွေ အကောက်ကြံနေကြသလဲ ဆိုတာ သမိုင်းအတွက် အဖြေရှိပြီးသား ပုစ္ဆာတပုဒ် ဖြစ်လာတယ်။ သေချာတာက အုပ်ချုပ်ရေး ပျက်ပြားတယ်လို့ ထင်လာအောင် နောက်ကွယ်ကနေ လုပ်နေကြသူတွေဟာ အဲ့ဒီဒေသရဲ့ အုပ်ချုပ်ရေးကို လိုချင်သူတွေပဲဖြစ်မှာပါဆိုတဲ့ သမိုင်းကောက်ချက်တခုတော့ ကျန်ရှိနေတော့မှာပါ။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း ပြောတဲ့ “တရားဥပဒေစိုးမိုးရေး” ဆိုတာ  စစ်ဖြစ်နေတဲ့ရပ်ဝန်း မပြောနဲ့၊ စစ်နဲ့ဝေးတဲ့ဒေသတွေမှာတောင် မရရှိသေးပါဘူး။ ကိုပါကြီး သေဆုံးမှု၊ ကချင်ဒေသက ဆရာမလေးနှစ်ယောက်ရဲ့ မုဒိမ်းလူသတ်မှု၊ မကြာသေးမီကဖြစ်ခဲ့တဲ့ “ဗစ်တိုးရီးယား”လို့ခေါ်တဲ့ ကလေးငယ်လေးရဲ့ အဓမ္မပြုကျင့်ခံရမှုတွေမှာလည်း တရားခံမပေါ်ခဲ့ပါဘူး။ တကယ်တော့ စစ်အုပ်ချုပ်ရေးဆိုတာ ရခိုင်လူထုအတွက် ထွက်ပေါက်တခုတော့ မဟုတ်ပေဘူး။ စစ်အုပ်ချုပ်ရေးမှန်ရင် ဘယ်စစ်အုပ်ချုပ်ရေးမှ ကောင်းတာမရှိဘူး။ မြန်မာပြည်ဟာ စစ်အုပ်ချုပ်ရေးအောက် အကြိမ်ကြိမ်ရောက်ခဲ့ဖူးကြတော့ စစ်အုပ်ချုပ်ရေးရဲ့ အရသာကို ပြည်သူအားလုံးသိရှိ ခံစားဖူးပြီး ဖြစ်ပါတယ်။ ကိုလိုနီခေတ်ဦး စစ်အုပ်ချုပ်ရေး၊ ဂျပန်ခေတ် စစ်အုပ်ချုပ်ရေး၊ အင်္ဂလိပ် ပြန်ရောက်တော့ ကက်စဘီစစ်အုပ်ချုပ်ရေး၊ ၁၉၅၈ စစ်အုပ်ချုပ်ရေး၊ ၁၉၆၂စစ်အုပ်ချုပ်ရေး၊ ၁၉၈၈ စစ်အုပ်ချုပ်ရေး၊ စသဖြင့် စစ်အုပ်ချုပ်ရေးကာလပေါင်းများစွာ ဖြတ်သန်းခဲ့ရပြီးပြီ။ ရှင်ကြီးဝမ်း၊ ရှင်လတ်ဝမ်း၊ ရှင်ငယ်ဝမ်း၊ ရှင်ဆိုးဝမ်း၊ ရှင်ကောင်းဝမ်း၊ အစုံဝင်ခဲ့ဖူးပြီပဲ။  လက်ရှိရခိုင်ဒေသ အခြေအနေက ဂျပန်ဝင်စကာလလို ဖြစ်နေတာ။ ဘယ်သူ အဖေခေါ်ရမှန်းမသိတဲ့ အခြေအနေ။ ‘စစ်ဦးဘီလူး’ ကင်ပေတိုင်ကတမျိုး၊ ဘီအိုင်အေက တဖုံ၊ အင်္ဂလိပ်အလိုတော်ရိက တမှောင့်၊ ဒေသခံတော်လှန်ရေးသမား ဆိုသူကလည်း ရှိသေး။ လက်နက်ဆိုတာ လူ့စိတ်ကို ကြွစေတတ်တာကလား။ ရပ်/ကျေးအုပ်ချုပ်သူတွေအနေနဲ့ကြည့်တော့လည်း ဘယ်ဘက်လိုက်လိုက် အသက်အန္တရာယ်နဲ့ မကင်းကြပေဘူး။ နှစ်ဘက် အနိုင်ကျင့်ခံနေရတာကလား။ ဒီကြားထဲ ဇာတိမာန်လိုလို၊ အမျိုးသားရေးလိုလို တောကြောင်တွေက ရှိသေးရဲ့။ ရပ်ကျေးအုပ်ချုပ်ရေးမှူးလို့သာ ဆိုတယ်၊ လက်နက်မရှိလေတော့ ထင်သလောက် ခရီးမတွင်ပေဘူးပေါ့။ ဒါပေမဲ့ ဂျပန်က ရွှေရည်စိမ် လွတ်လပ်ရေးပေးတော့ အရပ်ဘက်အုပ်ချုပ်ရေးကို တည်ဆောက်လာတဲ့အချိန် ပြည်သူလူထု သက်သာခွင့်ရလာတယ်။ ဗဟိုအစိုးရဟာ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကို ဝင်ရောက်လုပ်လာနိုင်ခဲ့တယ်။ ဒါပေမဲ့ ဂျပန်ကင်ပေတိုင်နဲ့ ဂျပန်စစ်တပ်ရဲ့ မတရားဖိနှိပ်မှုကိုတော့ အခုလိုဘဲ အပြည့်အဝ မဟန့်တားနိုင်ခဲ့ပါဘူး။ ဂျပန်တို့ကလည်း အရပ်ဘက်အုပ်ချုပ်ရေး ပျက်ပြားအောင် အမျိုးစုံအနှောင့်အယှက်ပေးခဲ့တယ်။ သူကလည်း မြန်မာအရပ်ဘက်အစိုးရကို အုပ်ချုပ်ရေးအာဏာခွဲပေးဖို့ မလိုလားခဲ့ဘူးလေ။ အာဏာဆိုတာ တပ်မက်ကြစမြဲကိုး။ ဒီတော့ အုပ်ချုပ်ရေးပျက်ပြားလေ အရပ်ဘက်အစိုးရ နာမည်ပျက်လေ ဂျပန်စစ်တပ်ကို အားကိုးရလေလေ ဖြစ်လာအောင် ဖန်တီးလိုဟန်ပါပဲ။ ဒီလိုနဲ့ အင်္ဂလိပ်ပြန်ဝင်လာတော့လည်း ကက်စဘီ စစ်အုပ်ချုပ်ရေးနဲ့စခဲ့တယ်။ အင်္ဂလိပ်က သူ့လူ အိုင်စီအက်တွေကို ပြန်ခေါ်တော့ အိုင်စီအက်အချို့က “စစ်အုပ်ချုပ်ရေး အောက်မှာ အိုင်စီအက် မလုပ်လိုဘူး”လို့ ငြင်းခဲ့ကြတယ်။ စစ်အုပ်ချုပ်ရေးရှိနေသမျှ စစ်ပွဲရှိနေသမျှ အရပ်ဘက်အုပ်ချုပ်ရေးဆိုတာ အညွန့်မလူနိုင်ဘူးဆိုတာ အိုင်စီအက်တွေက သိခဲ့ကြတယ်။ အင်္ဂလိပ်လက်ထက်စစ်အုပ်ချုပ်ရေးဟာ ဂျပန်စစ်အုပ်ချုပ်ရေးလောက် မဆိုးသွမ်းပေမဲ့ အိုင်စီအက်တွေက ငြင်းခဲ့ကြတယ်။ အဲဒီလိုအခြေနေမျိုးမှာ ရခိုင်မြောက်ပိုင်းဒေသကို စစ်အုပ်ချုပ်ရေးပေးလိုက်ရင် ပြည်သူလူထုအတွက် ကောင်းလာနိုင်စရာ တကွက်မှ မရှိဘူး။ လက်ရှိအခြေအနေကလည်း ဘက်ပေါင်းစုံ လက်နက်ကိုင်တို့ရဲ့ အုပ်ချုပ်ရေးပျက် ပြားအောင် နှောင့်ယှက်တာလည်း ဂျပန်ခေတ်မှာလို ရှိကောင်းရှိနေနိုင်တာကိုး။ ဘာပဲဖြစ်ဖြစ် ရခိုင်ဒေသအတွက်ကတော့ စစ်အုပ်ချုပ်ရေးဟာ မှန်ကန်တဲ့ ထွက်ပေါက် မဟုတ်ဘူး။ ဆေးမြီးတိုကုထုံးတခုမျှသာ ဖြစ်တယ်။ မြန်မာနိုင်ငံရှိ လူမျိုးစုအားလုံးအတွက် တကယ့်မှန်ကန်တဲ့ ထွက်ပေါက်က ‘ဖက်ဒရယ်ပြည်ထောင်စုစနစ်’အပေါ်မှာ ဘယ်လို အကောင်အထည်ဖော်ကြမလဲဆိုတဲ့ ညှိနှိုင်းဆွေးနွေးမှုသာ ဖြစ်တယ်။ အဲဒီအချက်အပေါ် အလေးဂရုမပြုခဲ့ရင် “ရှေ့မှာ တိုက်ခွဲဖို့ စောင့်တဲ့ ကျောက်ဆောင်” က စောင့်ကြိုနေရဲ့…။ ထွန်းဇော်ဌေး
9 months Ago
Up