ရခိုင်ဝန်ကြီးချုပ်

February 2, 2021

ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ ပြန်မလွတ်သေး

စစ်တပ်က ထိန်းသိမ်းထားတဲ့ ရခိုင်ဝန်ကြီးချုပ်ဦးညီပု အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ဒီနေ့အထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုအပါအဝင် ဝန်ကြီးအချို့ဟာ ဂွမြို့ကိုရောက်ရှိနေစဉ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

လက်ရှိအချိန်ထိတော့ နေအိမ်ကို ပြန်မရောက်သေးသလို ဝန်ကြီးချုပ်ရဲ့ဖုန်းကိုလည်း ဆက်သွယ်လို့ မရသေးဘူးလို့ တောင်ကုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့က မနက်အစောကြီး လေးငါးနာရီလောက်မှာပဲ ဂွကနေပြီးတော့ အမှတ် ၅၆၂ တပ်ထဲကို ခေါ်သွားတယ်လို့ပြောတယ်။ ၅ နာရီခွဲ၊ ၆ နာရီလောက်မှာတော့ မိသားစုကိုလာခေါ်တယ်လို့ သိရတယ်။ အဲဒီတော့ ဇနီးကနေပြီးတော့ သူ့ယောကျ်ား နဲ့တွေ့ချင်တယ်ဆိုတော့ ၅၆၂ တပ်ထဲမှာရှိပါတယ်၊ တွေ့ခွင့်မရှိပါဘူးဆိုပြီးတော့ ပြောတယ်။ မနက် ၉ နာရီ၊ ၁၀ နာရီလောက်မှာတော့ မိသားစုကိုပါ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရတယ်။ ကုန်ခဲ့တဲ့ ၁၀ မိနစ်လောက်က ဆက်သွယ်တာ မိသားစုတွေကပြောတာက မလွတ်လာသေးဘူးလို့ ပြောတယ်။ သူ့ဖုန်းကိုခေါ်တော့လည်း ဖုန်းကိုင်တာမရှိပါဘူး။”

ဝန်ကြီးချုပ်နဲ့အတူ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင်ဝန်ကြီး ဦးဝင်းမြင့် ထိန်းသိမ်းခံထားရတယ်လို့ စိုက်ပျိုးရေး/မွေးမြူရေး၊ သစ်တောနဲ့ သတ္တုဝန်ကြီး ဦးကျော်လွင်က ပြောပါတယ်။

“အစိုးရအဖွဲ့ ဒီမှာကျန်ခဲ့တဲ့သူတွေက ကျနော်ကျန်ခဲ့တယ်၊ လုံနယ်ဝန်ကြီးကျန်ခဲ့တယ်၊ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်း ကျန်ခဲ့တယ်၊ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးပုန်းကွေ့၊ ရှိတာလည်း အစိုးရအဖွဲ့မှာ ဒီလောက်ပဲရှိတာ။ လုံနယ်ဝန်ကြီးကတော့ နေအိမ်မှာရှိတယ်၊ ဒီနေ့မနက်ကတော့ အပြင်ကိုကားနဲ့ ထွက်သွားတာကိုတွေ့လိုက်ရတယ်၊ ကျနော်တို့ကိုတော့ အပြင်ကို ထွက်ခွင့်မပေးသေးဘူးပေါ့။”

လက်ရှိမှာ ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွေနဲ့ ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးတွေမှာ တပ်မတော်က လုံခြုံရေးချထားပြီး ဝင်ထွက်ခွင့်မပြုဘူးလို့ သိရပါတယ်။

2 months Ago

August 22, 2020

ရခိုင်ဝန်ကြီးချုပ်နှင့်လယ်ဆည်ဝန်ကြီး အပါအဝင် ၁၇ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက ဝန်ထမ်းတဦးမှာ ကိုဗစ်ပိုးတွေ့ရှိပြီးနောက် လူနာနဲ့ ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ လယ်ဆည်ဝန်ကြီး အပါအဝင် အစိုးရအဖွဲရုံးက ဝန်ထမ်း ၁၇ ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို သြဂုတ်လ ၂၀ ရက်နေ့က စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရဘူးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးက ပြောပါတယ်။ စည်ပင်သာယာရေး ဝန်ကြီး ဦးဝင်းမြင့်က “စစ်ဆေးချက်အဖြေက ဝန်ကြီး ၂ ဦး အပါအဝင်အားလုံး Negative ဖြစ်ပါတယ်။ လယ်စိုက် အစည်းအဝေးမှာ ရခိုင်ပြည်နယ်က  ခရိုင်နဲ့ မြို့တွေက ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတွေပါ တက်ရောက်ကြတယ်။ အရေအတွက် ဘယ်လောက်လဲတော့ မပြောနိုင်ဘူးဗျ။ သူတို့ကိုလည်း သက်ဆိုင်ရာ ခရိုင်နဲ့ မြို့နယ်တွေကနေ စစ်ဆေးမှုတွေ ပြုလုပ်သွားပါလိမ့်မယ်” လို့ DVB ကို အတည်ပြု ပြောပါတယ်။ အသက် ၂၉ နှစ်အရွယ် ကိုဗစ်လူနာအမှတ် ၃၉၆ (အမျိုးသမီး) မှာ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတဦးဖြစ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ တာဝန်ထမ်းဆောင်သူတဦး ဖြစ်ပါတယ်။ အဆိုပါ ရခိုင်ပြည်နယ်အစိုးရ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေး တက်ရောက်ခဲ့တဲ့ ဘူးသီးတောင်နဲ့ မောင်တောမြို့က ဒုမြို့နယ်အုပ်ချုပ်ရေးမှူ ၆ ဦးကိုလည်း Quarantine ထားရှိထားပြီး ဓာတ်ခွဲနမူနာတွေ ရယူစစ်ဆေးမယ်လို့ မောင်တောခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်က DVB ကို အတည်ပြုပြောပါတယ်။ “မောင်တောမြို့က ၄ ဦး၊ မြို့နယ်က ၂ ဦး ခရိုင်က ၂ ဦး။ ဘူးသီးတောင်က ၂ ဦး၊ အားလုံး ၆ ဦး သူတို့ကို ထွေအုပ်ဝန်ထန်းရိပ်သာတွေမှာပဲ Quarantine ထားထားတယ်။ သူတို့ရဲ့ နှာခေါင်းနဲ့ အာခေါင်တို့ဖတ်တွေ စစ်ဆေးဖို့ပို့ထားတယ်။” အဆိုပါ ရခိုင်ပြည်နယ်အစိုးရ  လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီ အစည်းအဝေးကို ရခိုင်ပြည်နယ် ခရိုင် ၅ ခုမှ ခရိုင်နဲ့မြို့နယ် ဒုအုပ်ချုပ်ရေးမှူးတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ လင်းလက်
8 months Ago
Up