ရခိုင်ပြည်နယ်မှပြန်လာ

August 26, 2020

ရေနံချောင်းတွင် ရခိုင်ပြည်နယ်မှပြန်လာသည့် ကုန်တင်ယာဉ်မောင်းများကို Quarantine ထားရှိ

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်အတွင်းကို ရခိုင်ပြည်နယ်က ပြန်ဝင်လာတဲ့ ယာဉ်မောင်းတွေကို ရေနံချောင်းတက္ကသိုလ် Facility Quarantine စခန်းမှာ ၇ ရက် Quarantine ဝင်ရောက်ရမှာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးချက် Negative အဖြေထွက်မှသာ ရပ်ရွာအတွင်း နေထိုင်ခွင့် ပြုမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမန်းကိုဟောက ပြောပါတယ်။ "တိုင်းကလည်း ညွှန်ကြားထားပါတယ်။ ရခိုင်က ပြန်လာတဲ့ သူတွေကို သေချာ စစ်ဆေး ဆောင်ရွက်ပါ။ ဒါပေမဲ့ ကားတွေကို ဆေးဖြန်းတာတို့ ဒီက Facility Quarantine ထားတာတို့ ကတော့ ကျနော်တို့ မြို့နယ် ကိုးဗစ် ၁၉ ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးကော်မတီက ရခိုင်ဖြစ်ပြီ ဆိုတာနဲ့ ကိုယ့်မြို့နယ်ကိုလည်း ကာကွယ်ထားမှဖြစ်မယ် အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ စီစဉ်ထား လိုက်တာ" လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမန်းကိုဟောက ပြောပါတယ်။ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ရခိုင်ပြည်နယ်မှ ပြန်လည်ရောက်ရှိလာသူတွေကို Home Quarantine ၇ ရက် နေထိုင်ဖို့ ညွှန်ကြားထားပေမဲ့ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် တုံ့ပြန်ရေးကော်မတီနဲ့ အဖွဲ့စုံတို့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ရပ်ကွက်၊ ကျေးရွာတွေအတွင်း ဝင်ရောက်မခံဘဲ ရေနံချောင်းတက္ကသိုလ် Facility Quarantine စခန်းမှာ သီးခြားအ‌ဆောင်နဲ့ ထားလိုက်တာလို့ ဆိုပါတယ်။ ဩဂုတ် ၂၂ ရက်က ကုန်တင်ယာဉ်တစ်စီးနဲ့ ၂၄ ရက်နေ့က ကုန်တင်ယာဉ် သုံးစီး၊ စုစုပေါင်း ယာဉ်လေးစီးကို ရေနံချောင်း၊ မကွေးကားလမ်း မြို့အဝင် ဖန်းခါးစမ်းသစ်တောစခန်း နေရာမှာ သွား စောင့်စစ်ပြီးတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက် ၉ ဦးကို Quarantine စခန်းကို ပို့ဆောင်ထားပါတယ်။ ဩဂုတ် ၂၅ ရက်မှာ swab ယူပြီး ပေးပို့စစ်ဆေးသွားမှာ ဖြစ်သလို ရခိုင်ပြည်နယ်က လာတဲ့ယာဉ်တွေကို မြို့အတွင်း ဝင်ခွင့်ပေးမပေးဘဲထားရှိပါတယ်။ ယာဉ်နဲ့ ကုန်စည်ပစ္စည်းတွေကိုလည်း  ဆေးဖြန်းပြီးမှသာ ယာဉ်မောင်းတွေ ပြောင်းလဲ မောင်းနှင်မှုနဲ့ မြို့တွင်း ကုန်ချကာ လိုရာခရီးကို ဆက်လက်ထွက်ခွင့် ပြုမယ်လို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ သတင်း - ကိုလင်း(ချောက်)၊ ဓာတ်ပုံ - မိတ်ဆွေကောင်း လူမှုကူညီရေးအသင်း
1 year Ago
Up