ရခိုင်ပြည်နယ် အကြမ်းဖက်မှု မူဂျာဟီဒင်အဖွဲ့ လုပ်ဆောင်ဟု အစိုးရ သတင်းထုတ်

A d v e r t i s e m e n t With Us

September 7, 2017

ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်မှုများကို ရှုတ်ချကြောင်းမြန်မာ-အိန္ဒိယပူးတွဲကြေညာ

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ  ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်းနဲ့ အကြမ်းဖက်တိုက်ခိုက်မှုဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ပြီး အကြမ်းဖက်သမားတွေကို အာဇာနည်တွေအဖြစ် မသတ်မှတ်သင့်ကြောင်း မြန်မာနဲ့ အိန္ဒိယ နှစ်နိုင်ငံ ပူးတွဲကြေညာလိုက်ပါတယ်။ သမ္မတဦးထင်ကျော်ရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံမှာ စက်တင်ဘာ ၅ ရက်မှ ၇ ရက်အထိ  တရားဝင် ချစ်ကြည်ရေးခရီး လာရောက်တဲ့ အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီရဲ့ ခရီးစဉ်အတွင်း မနေ့က နှစ်နိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ အကြမ်းဖက်မှုတွေဟာ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးကို အဓိက ခြိမ်းခြောက်မှု ဖြစ်ကြောင်း၊ မည်သည့် အကြမ်းဖက်မှုပုံစံမျိုးကိုမဆို ရှုတ်ချကြောင်းနဲ့ အကြမ်းဖက်သမားတွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်တဲ့ ကွန်ရက်တွေသာမက အကြမ်းဖက်မှုကို လွဲမှားစွာ ဂုဏ်ပြုထောက်ခံငွေကြေး ထောက်ပံ့အားပေးတဲ့ နိုင်ငံတွေကို ဖော်ထုတ်ပြီး ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်သင့်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရာမှာ ဘက်လိုက် ဆောင်ရွက်နေမှုတွေကို အဆုံးသတ်ဖို့ နိုင်ငံတကာ အသိုက်အဝန်းကို နှစ်ဖက်လုံးက တိုက်တွန်းခဲ့ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ  နိုင်ငံတကာ အကြမ်းဖက်မှု အလုံးစုံတိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း သဘောတူညီချက်ကို အမြန်ဆုံး အပြီးသတ်အတည်ပြုနိုင်ဖို့လည်း ပူးတွဲ တောင်းဆိုခဲ့ကြပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ဆောလျင်စွာ ပြုပြင်ပြောင်းလဲ ဖွဲ့စည်းဖို့နဲ့ ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းမယ့်  ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ  အမြဲတမ်း အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေဖို့  အိန္ဒိယနိုင်ငံရဲ့ ကြိုးပမ်းမှုကို မြန်မာနိုင်ငံက ထောက်ခံတယ်လို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂနဲ့ လက်အောက်ခံ အထူးအေဂျင်စီတွေအနေနဲ့ လုပ်ငန်းတာဝန်တွေ အကောင်အထည်ဖော်ဆောင်ရာမှာ ဓမ္မဓိဋ္ဌာန်ကျပြီး ဘက်လိုက်မှုကင်းရှင်းဖို့ အရေးကြီးကြောင်းနဲ့ နိုင်ငံတကာ စီးပွားရေးရာ ဆုံးဖြတ်ချက်တွေချမှတ်ရာမှာ  ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့  ပြောဆိုနိုင်ခွင့်နဲ့ ပါဝင်ဆောင်ရွက်နိုင်ခွင့်ကို မြှင့်တင်ရန်လိုအပ်ကြောင်းလည်း နှစ်နိုင်ငံ ပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး
3 years Ago

October 15, 2016

ရခိုင်ပြည်နယ် အကြမ်းဖက်မှု မူဂျာဟီဒင်အဖွဲ့ လုပ်ဆောင်ဟု အစိုးရ သတင်းထုတ်

ရခိုင်ပြည်နယ်၊ မောင်တောအကြမ်းဖက်တိုက်ခိုက်မှုကို RSO အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ မောင်တောဒေသမှာ လှုပ်ရှားတဲ့ Aqa Mul Mujahidin (အကာလ်မူလ် မူဂျာဟီဒင်န်) အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ အစိုးရက သတင်းထုတ်ပါတယ်။ မောင်တောမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေဟာ တာလီဘန်၊ အယ်လ်ကိုင်းဒါး၊ အိုင်အက်စ် စတဲ့ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ နည်းနာအတိုင်း အင်တာနက်နဲ့ လူမှု ကွန်ရက်တွေ ဗွီဒီယိုဖိုင်တွေ လွှင့်တင်ကာ ဝါဒဖြန့်ချိနေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ အရှေ့အလယ်ပိုင်းနိုင်ငံအချို့ရှိ အစွန်းရောက်ပုဂ္ဂိုလ်တွေရဲ့ ငွေကြေးပံ့ပိုးမှု အလုံးအရင်း ရယူခဲ့ပြီး မောင်တောဒေသကို ခြေကုပ်ယူကာ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်း အားထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။ အောက်တိုဘာ ၉ ရက်က ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်အတွင်းရှိ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ် (ကျီးကန်းပြင်)၊ ကိုးတန်ကောက် ရဲကင်းစခန်းနဲ့ ငါးခူရနယ်မြေရုံးတွေကို အကြမ်းဖက်သမားတွေက အလစ်အငိုက် ရယူပြီး အကြမ်းဖက် စီးနင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၉ ဦး ကျဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၄၈ လက်၊ ကျည်မျိုးစုံ ၆၆၂၄ တောင့်၊ လှံစွပ် ၄၇ ချောင်း၊ ကျည်အိမ် ၁၆၄ ခု ဆုံးရှုံးခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြန်လည်ခုခံမှုကြောင့် အကြမ်းဖက်သမား ၈ ဦးရဲ့ အလောင်းတွေ ရရှိခဲ့ပြီး ၂ ဦးကို အရှင်ဖမ်းမိခဲ့ပါတယ်။ အကြမ်းဖက်သမား ၄၀၀ လောက်ဟာ  သူတို့ရသွားတဲ့ လက်နက်တွေနဲ့ မောင်တော်ခရိုင်အတွင်း ဆက်လက် အကြမ်းဖက်လုပ်ဆောင်နေတဲ့အတွက် တပ်မတော်က လိုက်လံရှင်းလင်းတိုက်ခိုက်ရာမှာ တပ်မတော်သား ၅ ဦး သေဆုံးခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့ကို ဦးဆောင်သူဟာ မောင်တောမြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာနေ ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တဦးဖြစ်တဲ့ ဟာဗစ်တူဟာရ် ဆိုသူဖြစ်ပြီး သူဟာ ပါကစ္စတန်၊ တာလီဘန်ထံမှာ စစ်သင်တန်းတက်ခဲ့သူလို့ ဆိုပါတယ်။ နိုင်ငံသားတွေအနေနဲ့ "ဘာသာရေး၊ လူမျိုးရေး သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်ခြင်းမပြုကြရန်၊ အခြား ဒေသများသို့ ပဋိပက္ခများ ကူးစက်ဖြစ်ပွားခြင်း မရှိစေရေး တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက် ပေးကြရန်၊ ဘာသာရေး၊ လူမှုရေးခေါင်းဆောင်များ အနေဖြင့်လည်း ပဋိပက္ခများ မဖြစ်ပေါ်စေရေး တတ်နိုင်သမျှ ဝိုင်းဝန်းထိန်းသိမ်းကူညီကြရန်၊ အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန်" လို့လည်း မေတ္တာရပ်ခံထားပါတယ်။  
4 years Ago
Up