ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အမည်စာရင်း တင်သွင်း

October 26, 2018

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ကို ဝေဖန်ခဲ့သူအား ထောင်ဒဏ် ၆ လ ချမှတ်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးတင်မောင်ဆွေကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ခဲ့မှုနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဦးအောင်သန်းဝေကို ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လ ဒီနေ့ ချမှတ်လိုက်ပါတယ်။ Aung Than wai ရဲ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ်မှာ လူသတ်လက်နဲ့ ရခိုင်ပြည်နယ် အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင်ဆွေ၊ မြောက်ဦးလူသတ်မှု တရားခံ ဘယ်သူလဲ ဆိုတဲ့ စာသားကို ဦးတင်မောင်ဆွေရဲ့ခါးကြားမှာ သေနတ်ထိုးထားတဲ့ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့တာပါ။ ဒါ့အပြင် အရပ်သားသေဆုံးတာတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်း ဦးတင်မောင်ဆွေမှာ တာဝန်ရှိကြောင်း ဦးအောင်သန်းဝေက လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်ထောက်ပြခဲ့ပါတယ်။ အကြောင်းအရာတခု လွဲမှားမှုတခုကို ဥပဒေနှစ်ရပ်နဲ့ အပြစ်ဒဏ်ပေးတာကြောင့် ဒါဟာဥပဒေအကြောင်းအရ လွဲမှားမှုဖြစ်နေတယ်လို့ ထောင်ဒဏ်ချမှတ်ရသူ ဦိးအောင်သန်းဝေက သတင်းထောက်တွေကို ပြောပါတယ်။ ပြစ်ဒဏ်ချမှတ်ခံလိုက်ရတာနဲ့ ပတ်သက်လို့ အယူခံဝင်ဖို့ အစီစဉ်မရှိတော့ဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၆ ရက်နေ့ ရခိုင်ပြည်နယ်မြောက်ဦးမြို့နယ်မှာ ကျင်းပဖို့လုပ်ထားတဲ့ ၂၃၃ နှစ်မြောက် ရက္ခိုင့်ဘုရင်နိုင်ငံ အချုပ်အချာအာဏာကျဆုံးခြင်း ဝမ်းနည်းမှုအခမ်းအနားကို အာဏာပိုင်တွေ တားမြစ်ရာမှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ရာမှာ ၇ ဦးသေဆုံးခဲ့ပြီး အမြောက်အမြားဒဏ်ရာရရှိခဲ့ပါတယ်။ မြောက်ဦးအဓိကရုဏ်းနဲ့ ရခိုင်လူငယ် ၈ ဦးထောင်ဒဏ် ၈ လ အသီးသီးကျခံခဲ့ပေမယ် အရပ်သား ၇ ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးမှုနဲ့ ပတ်သက်လို့တော့ တစုံတရာ အရေးမှု ပြုလုပ်တာ မတွေ့ရသေးဘူး။ ဦးတင်မောင်ဆွေဟာ မကြာသေးခင်က စစ်ကိုင်းတိုင်းဒေသကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဦးအောင်သန်းဝေကို နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး ဥပဒေပုဒ်မ-၁၀ နဲ့ ရာဇဝတ်မကင်းသော ခြောက်လှန့်မှု ပုဒ်မ-၅၀၆ တို့နဲ့ ထောင်ဒဏ် ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။
3 years Ago

April 5, 2016

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အမည်စာရင်း တင်သွင်း

ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်၊ ပထမပုံမှန်အစည်းအဝေး၊ န၀မနေ့ကို ဧပြီလ (၅)ရက်နေ့တွင် ကျင်းပစဉ် ၀န်ကြီးဌာန ၅ ခုနှင့် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့၏ အမည်စာရင်းများကို ၀န်ကြီးချုပ်က အဆိုပြုတင်သွင်းခဲ့ပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကို ဂွမြို့နယ်မဲဆန္ဒနယ်အမှတ် ၂ မှ ကိုယ်စားလှယ် ဦးညီပု ဦးဆောင်ပါဝင်ပြီး ၀န်ကြီးဌာန ၇ ခုဖြင့် ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္ထုတွင်းဝန်ကြီးဌာန၀န်ကြီးအဖြစ် ရခိုင်အမျိုးသားပါတီမှ ရမ်းဗြဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)ကိုယ်စားလှယ် ဦးကျော်လွင်၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၀န်ကြီးအဖြစ် စီမံကိန်းဦးစီးဌာနအငြိမ်းစား ညွှန်ကြားရေးမှူး ဦးကျော်အေးသိန်း၊ စည်ပင်သာယာရေးဝန်ကြီးအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ တောင်ကုတ် မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးမင်းအောင်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ၀န်ကြီးဌာန၀န်ကြီးအဖြစ် ဆည်မြောင်းဦးစီးဌာနမှ အငြိမ်းစားဦးစီးအရာရှိ ဦးအောင်ကျော်ဇံ၊ လူမှုရေးဝန်ကြီးဌာန၀န်ကြီးအဖြစ် ငှက်ဖျားတိုက်ဖျက်ရေး အငြိမ်းစား ဆရာဝန်ကြီး ဒေါက်တာ ချမ်းသာတို့ ပါဝင်ပါတယ်။ ဒါ့အပြင် ပြည်နယ်ဥပဒေချုပ်အဖြစ်၊ ရှေ့နေချုပ်ရုံး အငြိမ်းစားဒုတိယညွှန်ကြားရေးမှူး၊ ဦးကျော်လှထွန်းနှင့် စာရင်းစစ်ချုပ်အဖြစ် စာရင်းစစ်ချုပ်ရုံး၊ အငြိမ်းစားညွှန်ကြားရေးမှူး ဒေါ်ယဉ်လှတို့ကို အဆိုပြုခဲ့ပါတယ်။ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ကြီးအဖြစ် ဗိုလ်မှူးကြီးထိန်လင်းနှင့် ချင်းတိုင်းရင်းသား ရေးရာ ၀န်ကြီးအဖြစ် ဦးပုန်ဘွေတို့ကို ဧပြီလ ၄ ရက်နေ့က ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီးဖြစ်၍ ဒီနေ့တင်သွင်းတဲ့ ၀န်ကြီးများကို ကန့်ကွက်သူမရှိပါက ဧပြီလ ၇ ရက်နေ့တွင် ကျမ်းသစ္စာ ကျိန်ဆိုမည်ဟု သိရှိရပါတယ်။ (သတင်း၊ ဓာတ်ပုံ - ကိုအောင်)
6 years Ago
Up