ရခိုင်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးဖိုးမင်းဟာ အစာအိမ်ကင်ဆာရောဂါနဲ့ ဇွန် ၁၇ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်က စစ်တွေမြို့ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
“မနေ့ညက ၉ နာရီ ၁၅ မိနစ်မှာ သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားတာပါ။ အစာအိမ်ကင်ဆာရောဂါနဲ့ ဆုံးသွားတာ။ သူအခုလို့ အစာအိမ်ကင်ဆာဖြစ်နေတာ တနှစ်ကျော်လောက်တော့ရှိပြီ။ ဒီလိုဖြစ်နေရင်းကနေ လွှတ်တော် အစည်းအဝေးတွေ အမြဲတမ်းတက်ခဲ့သေးတယ်” လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောပါတယ်။
ဦးဖိုးမင်းဟာ ရသေ့တောင်မြို့နယ်၊ မဲဆန္ဒနယ်မြေအမှတ် ၁ ကနေ ၂၀၁၀ ရွေကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတို့မှာ အနိုင်ရရှိခဲ့သူတဦးဖြစ်ပြီး ပြည်နယ်လွှတ်တော်မှာ ဒုက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ဦးဖိုးမင်းဟာ ရခိုင်တိုင်းရင်းသားများတက်ရေးပါတီ (အာအန်ဒီပီ) ကို စတင်တည်ထောင်ရာမှာ ပါဝင်သူ တဦးဖြစ်ပြီး လက်ရှိ ရခိုင်အမျိုးသားပါတီ (အေအန်ပီ) ရဲ့ ဒုဥက္ကဋ္ဌတဦးလည်း ဖြစ်ပါတယ်။
အခုလို ဦးဖိုးမင်းကွယ်လွန်သွားတာဟာ ရခိုင်အမျိုးသားပါတီတခုတည်းအတွက်သာမကဘဲ ရခိုင်အမျိုးသား တရပ်လုံးအတွက် ဆုံးရှုံးမှု တရပ်ဖြစ်တယ်လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။
ဦးဖိုးမင်းကွယ်လွန်ချိန်မှာ အသက်၇၁ ရှိပြီဖြစ်ပြီး ဇွန် ၁၉ ရက်နေ့ စစ်တွေသုသာန်မှာ သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။
6 years Ago