ရခိုင်ပြည်နယ်

July 19, 2019

ရခိုင်ပြည်နယ် နယ်လုံဝန်ကြီးကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြောင်းလဲတာဝန်ပေး

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးဖြစ်တဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်ကို ရခိုင်ပြည်နယ်လွှတ်တော်ရဲ့ တပ်မတော်သား လွှတ်တော်ကို ယ်စားလှယ်အဖြစ်  ပြောင်းလဲ တာဝန်ပေးလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားတဲ့ တပ်မတော်သား ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တဦးကို အမည်စာရင်းပြောင်းလဲလိုတဲ့အကြောင်း  ဥပဒေနဲ့ အညီအကြောင်းကြားချက်အရ ဗိုလ်မှူးကြီး ဖုန်းတင့်ကို အစားထိုးပြောင်းလဲလိုက်တာလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဇူလိုင် ၁၈ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အတည်ပြုပေးဖို့ ကာယကံရှင် ဗိုလ်မှူးကြီး ဖုန်းတင့်ကို ဆက်သွယ်ရာ မှာတော့ သူအစည်းအဝေးအခန်းထဲကို ရောက်နေတာကြောင့် သူ့ရဲ့ကိုယ်ရေးအရာရှိက ဖြေကြားပါတယ်။ ဗိုလ်မှူးကြီး ဖုန်းတင့်ရဲ့ ကိုယ်ရေးအရာရှိက “အပြောင်းအလဲဖြစ်တယ်လို့တော့ ကြားပါတယ် ခင်ဗျ။ အဲလိုတော့ ကြားပါတယ်။ ကျနော်တို့ကလည်း အဘက ကျနော်တို့ကိုလည်း မပြောသေး တော့ မသိသေးဘူး။ အဘကိုပြောပေးပါ့မယ်။ သူက အစည်းဝေးခန်းထဲမှာ”လို့ ပြောပါတယ်။ သူ့နေရာမှာ ဘယ်သူက ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး တာဝန်ယူ ဆောင်ရွက်မယ်ဆိုတာကိုတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ်တွေကို ဆက်သွယ်နေပေမဲ့ လက်ရှိအချိန်ထိဆက်သွယ်လို့ မရသေးပါဘူး။ ဗိုလ်မှူးကြီးဖုန်းတင့်ဟာ ယခင် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်းလင်းရဲ့ နေရာမှာ ၂၀၁၇ ဇူလိုင် ၁၇ ရက်က စတင် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး လက်ရှိ အချိန်ထိဆိုရင်တော့ အချိန် ၂ နှစ်တိတိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
2 years Ago

July 18, 2019

ရခိုင်ပြည်နယ် အင်တာနက်ဖြတ်တောက်မှု ပြန်သုံးစွဲခွင့်ပြုရန် အရေးကြီးအဆို လွှတ်တော်ခွင့်မပြု

ရခိုင်ပြည်နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ကို  အင်တာနက် ဖြတ်တောက်ထားမှုကို ပြန်လည်သုံးစွဲခွင့်ပြုပေးဖို့ ရခိုင်အမျိုးသားပါတီ ကိုယ်စားလှယ် တင်သွင်းတဲ့ အရေးကြီးအဆိုကို ပြည်သူ့လွှတ်တော်က ခွင့်မပြုဘဲ ပယ်ချလိုက်ပါတယ်။ အဲဒီအရေးကြီးအဆိုကို ရသေ့တောင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဇူလိုင် ၁၇ ရက်နေ့မှာ တင်သွင်းခဲ့တာဖြစ်ပြီး ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်း မှာတော့ လွှတ်တော်ဥက္ကဋ္ဌထံက ခွင့်မပြုကြောင်း အကြောင်းပြန်ခဲ့တယ်လို့ အဆိုတင်သွင်းခဲ့သူက ဆိုပါတယ်။ "ဒီအဆိုက ပြည်နယ်လွှတ်တော်မှ တင်ပြီးသားပါ။ ပြည်နယ်လွှတ်တော်မှာ အတည် ဖြစ်တယ်။ ဒါပေမယ့် အခုချိန်ထိ ဘာမှဆောင်ရွက်ခြင်းမရှိဘူး။ အဲဒါကြောင့် ပြည်သူ့လွှတ်တော်မှာ တင်သွင်းရတာပါ။ ခွင့်မပြုခဲ့ဘူး။ အရေးကြီး အဆိုတခုဟာ လတ်တလော ဖြစ်ပျက်နေတာကိုပဲ တင်လို့တယ်ဆိုပြီး အကြောင်းပြန်တယ်။ ဒါကလည်း လတ်တလောဖြစ်တဲ့ အရာပါဘဲ။ မနေ့ကတင်တာ။ အခု မနက် အကြောင်းပြန်ပါတယ်"လို့ ဒေါ်ခင်စောဝေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၈မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝတို့ကို ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်က စတင်ပြီး အင်တာနက်ဝန်ဆောင်မှုတွေကို ယာယီဖြတ်တောက်ဖို့ အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ပို့ဆောင်ရေးနှင့် ဆင်သွယ်ရေးဝန်းကြီးဌာနက ကြေညာခဲ့တာဖြစ်ပါတယ်။
2 years Ago
More News
Up