ရခိုင့်နောင်ရေး

January 24, 2018

ရခိုင့်နောင်ရေး

ရခိုင်ပြည်နယ်ဆိုသည်မှာ အဘယ်နည်းဟု မေးလာခဲ့လျှင် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှ မထင်မရှား ကမ်းရိုးတန်း ပြည်နယ်တခုဟုပင် ဖြေဆိုရပေလိမ့်မည်။ သို့သော် ထိုမထင်မရှား ပြည်နယ်လေးသည် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့်အတူ နိုင်ငံတကာ မျက်နှာစာတွင် ထင်ရှားလာခဲ့သည်။ အတိအကျ ဖော်ပြရမည်ဆိုလျှင် ၂၀၁၁ ခုနှစ်တွင် စခဲ့သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုနှင့်အပြိုင် ပဋိပက္ခများဖြင့် အသက်ဝင် လှုပ်ရှားလာခဲ့သော၊ နိုင်ငံတကာစိတ်ဝင်စားမှုကို အထူးရရှိလာခဲ့သော တိုင်းရင်းသားပြည်နယ်တခုပင် ဖြစ်သည်။ ထိုပြည်နယ်ကလေးတွင် ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းများကြောင့် လူအသေအပျောက်များလည်း ရှိခဲ့သည်။ လူပေါင်း တသိန်းလေးသောင်း ရွှေ့ပြောင်းအခြေချခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် ရခိုင်ပြည်နယ်အပေါ် နိုင်ငံတကာက အာရုံပိုစိုက်လာသည်ဟု International Crisis Group က ဖော်ပြထားသည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အဆိုပါ ကမ်းရိုးတန်း ပြည်နယ်လေးတွင် လူဦးရေ ၃ ဒသမ ၁၈ သန်းခန့် ရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုတွင် အဆင်းရဲဆုံးဟု ဆိုနိုင်သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုနှင့်အတူ ခေတ်အဆက်ဆက် ပညာရေး၊ စီးပွားရေး၊ နိမ့်ကျရာမှ အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်လာခဲ့ခြင်းသည် မျှော်လင့်ပြီးသား အနေအထားတခုဟု ဆိုနိုင်သော်လည်း ဘာသာရေး၊ လူမှုရေး အဓိကရုဏ်းများ ထူပြောသည့် (Fault Line) တခု ဖြစ်လာခဲ့ခြင်းမှာတော့ ရခိုင့်နောင်ရေးအတွက် ရင်မအေးစရာလည်း ဖြစ်လာသည်။ သမိုင်းထဲက ရခိုင် ရခိုင်တွင် ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် ဆိုသည့် ခေတ်ကြီးလေးခေတ် ပေါ်ထွန်းခဲ့ပြီး သမိုင်းတလျှောက် ယဉ်ကျေးမှုလည်း အတော်ထွန်းကားခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော် ခရစ်နှစ် ၁၃၄၀ တွင် စတင်ခဲ့သော မြောက်ဦးမင်းဆက်သည် မဟာသမ္မတမင်းလက်ထက်တွင် အဆုံးသတ်သွားခဲ့သည်။ ၁၇၈၅ ခုနှစ်တွင် ကုန်းဘောင်မင်းဆက်ဖြစ်သော ဘိုးတော်ဘုရား၏ သိမ်းယူခြင်းခံရသည်။ ခရစ်နှစ် ၁၈၂၄ တွင် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ ဖြစ်ပွားပြီး အကျိုးဆက်အဖြစ် ရခိုင်ကို အင်္ဂလိပ်က သိမ်းပိုက်လိုက်သည်။ မြောက်ဦးခေတ်မှ အင်္ဂလိပ်ကိုလိုနီခေတ်အထိ ရခိုင်ပြည်သည် နိုင်ငံရေးအရ နိမ့်ပါးခဲ့သည် ဆိုသော်လည်း ရခိုင်လူမျိုး ပညာရှင်အများအပြား ပေါ်ထွန်းခဲ့သည်ကို တွေ့ရသည်။ ပညာရပ်ဆိုင်ရာနယ်ပယ်၊ စာပေအနုပညာနယ်ပယ်တို့တွင် ရခိုင်ပညာရှင်များ ပေါ်ထွန်းခဲ့ကြသည်။ ကိုလိုနီနယ်ချဲ့ကို ဆန့်ကျင်ခဲ့သော ဆရာတော် ဦးဥတ္တမမှအစ နန်းရင်းဝန်ဖြစ်ခဲ့သော ဆာပေါ်ထွန်း အလယ်၊ ကိုလိုနီပညာရေးကို ဆန့်ကျင်ခဲ့ကြသော ကျောင်းသားများအဆုံး ရခိုင်ပညာရှင်၊ ရခိုင်ခေါင်းဆောင်၊ ရခိုင်တော်လှန်ရေးသမား အများအပြား ရှိခဲ့သည်။ ဆိုလိုသည်မှာ ရခိုင့်ဂုဏ်ကို ဆောင်ခဲ့သော ရခိုင်များ ရှိခဲ့ခြင်းပင် ဖြစ်သည်။ ယနေ့ခေတ် ရခိုင် ယနေ့ခေတ်တွင် ရခိုင်ပြည်နယ်၏ အခြေအနေသည် တဖြည်းဖြည်း ဆုတ်ယုတ် ယိုယွင်းလာနေသည်။ ကုလသမဂ္ဂ၏ ဆင်းရဲမွဲတေမှု သတ်မှတ်ချက်နှင့်ကြည့်လျှင် တရက်ဝင်ငွေ ၁ ဒသမ ၂ ဒေါ်လာအောက်ကို ရောက်နေသော ရခိုင်လူဦးရေမှာ ၇၀ ရာခိုင်နှုန်းခန့် ရှိနေသည်။ ရခိုင်ပြည်နယ်ရှိ လူဦးရေ နှစ်သန်းကျော်မှာ အလွန်အမင်း ဆင်းရဲမှု (Extreme Poverty) ထဲ နစ်နေသည်ဟု ဆိုရပါမည်။ ယင်းအချက်သည်  ရခိုင်ပြည်နယ် အစိုးရနှင့်အတူ ပြည်ထောင်စုအစိုးရ တရပ်လုံးအတွက် ခေါင်းခဲစရာ ပြဿနာတခု ဖြစ်နေသည်။ ဆင်းရဲမွဲတေမှု စိုးရိမ်ရေမှတ် ရောက်ရှိနေခြင်း၊ ပြည်မနှင့် သီးခြားကဲ့သို့ ရှိနေပြီး လုံခြုံရေးတွင် ခြိမ်းခြောက်ခံနေရခြင်း စသည့် ပြဿနာများကြောင့် ရခိုင် ပြည်သူပြည်သားများ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီိးရှား စသည့် အိမ်နီးချင်းနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်ကြရသည်။ မြန်မာ-တရုတ် နယ်စပ်ရှိ ရွှေလီမှတဆင့် တရုတ်ပြည်ထဲသို့ သွားရောက် အလုပ်လုပ်ရင်း ဒုက္ခမျိုးစုံခံနေရသည့် ရခိုင်များလည်း ရှိသည်။ ယနေ့ခေတ် ရခိုင်သားများ ပြည်ပ၌ အလုပ်လုပ်ရန် နေရပ်ဇာတိကို စွန့်ခွာနေသည့် ဖြစ်ရပ်သည် အရှိန်အဟုန်ပြင်းပြင်းနှင့် စီးဆင်းနေသော ရေစီးကြောင်း (Trend) သဖွယ် ဖြစ်လာခဲ့သည်။ သို့တိုင်အောင် ရခိုင်ပြည်နယ်၏ လူဦးရေသည်လည်း မကျဆင်းသွား။ ယင်းအချက်ကို ၂၀၁၄ သန်းခေါင်စာရင်းက မီးမောင်းထိုးပြနေသည်။ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းတွင်  ၁ သန်း ၇ သိန်း ရှိခဲ့သော ရခိုင်ပြည်နယ်၏ လူဦးရေသည် ၁၉၈၃ ခုနစ်က ကောက်ခံခဲ့သော  သန်းခေါင်စာရင်းတွင် ၂ သန်း ၄ သောင်း ရှိနေသည်။ ၂၀၁၄ ခုနှစ်တွင် ၃ သန်း ၁ သိန်း ၈ သောင်း ရှိသည့်အတွက် ၁၉၇၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅၆ ရာခိုင်နှုန်း တိုးလာသည်ကို တွေ့ရမည် ဖြစ်ပါသည်။ အလုပ်အကိုင် ရှားပါးမှုနှင့် ဆင်းရဲမှုကြောင့် ရခိုင်သားများ ကိုယ့်ပြည်ကိုယ့်ရွာကို စွန့်ခွာကြချိန်တွင် နယ်မြေချင်း ထိစပ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ  ရခိုင်ပြည်နယ်ဆီသို့ ရွှေ့ပြောင်းလာသူတွေ များလာခြင်းမှာလည်း အကြောင်းတရားတခုပင် ဖြစ်သည်။ လက်ရှိအချိန်တွင် လူဦးရေ ၆၀ ရာနှုန်းသည် ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး ကျန် ၃၀ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များ ဖြစ်နေသည်။ ခရစ်ယာန်ဘာသာနှင့် မိရိုးဖလာ နတ်ကိုးကွယ်သူ ၁၀ ရာခိုင်နှုန်း ရှိနေသည်ဟု Inter- national Crisis Group ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံတကာအမြင်ထဲက ရခိုင်ရုပ်ပုံ ရခိုင်လူမျိုးတို့သည် ရခိုင်ပြည်ကိုလည်းကောင်း၊ သူတို့၏ အမျိုး ဘာသာ၊ သာသနာကိုလည်းကောင်း အလွန်တရာ ချစ်တတ်ကြသည်။ ရခိုင်ဆိုသည်ကား  ရက္ခိတ ဆိုသည့်စကားမှ လာခဲ့ခြင်းဖြစ်ပြီး အမျိုး ဘာသာ၊ သာသနာစောင့်ထိန်းသူဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။ ရခိုင်သားများသည် ငယ်စဉ်ကပင်  အဆိုပါ လက်ခံနားလည်မှုဖြင့် ကြီးပြင်းလာကြရသည်သာ များသည်။ ထို့ကြောင့် အမျိုး ဘာသာ သာသနာကိစ္စများနှင့်  ပတ်သက်လျှင် ရခိုင်လူမျိုးအများစုသည် အကဲဆတ်ကြသည်။ သို့သော် လက်ရှိအချိန်တွင် ရခိုင်ဆိုသည်ကို ပဋိပက္ခတွေ ဖြစ်ပွားသည့် နေရာတခုအဖြစ်သာ ကမ္ဘာက သိနေသည်။ ထို့ပြင် ရခိုင်လူမျိုးများအပေါ် မြင်သည့် အမြင်မှာလည်း သိပ်မကောင်းလှ။ ဆင်းရဲမွဲတေမှုကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်ရသည့် ရခိုင်လူမျိုးများကို ဆင်းရဲသားလူတန်းစား၊ အလုပ်ကြမ်းသမားများအဖြစ် သတ်မှတ်ထားကြသည်။ ရခိုင်ဆိုလျှင် လူမျိုးစွဲစိတ်ဓာတ်ရှိသူ၊ ရန်လိုသူဟူသော အမြင်များသာ လွှမ်းမိုးသည်။ ဥပမာ ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုကြောင့် ရခိုင်သားတို့၏ ပုံရိပ်မှာ အရုပ်ဆိုးသလို ဖြစ်ရသည်။ ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား အလုပ်သမား လေးသန်း ဝန်းကျင် ရှိသည်။ ယင်းအနက်မှ ရခိုင်လူမျိုး နှစ်ယောက်က တရားခံ ဖြစ်ခဲ့ရသည်။ ၂၀၁၂ ခုနှစ် ပဋိပက္ခကြောင့် အဆိုးမြင်ခံခဲ့ရသော ရခိုင်၏ပုံရိပ်သည် ထိုလူသတ်မှုကြောင့် ပိုပျက်ယွင်းသွားမည်လားဟု စိုးရိမ်ရသည်။ ရုပ်ပိုင်းဆိုင်ရာ ဆင်းရဲသည်သာမက စိတ်ဓာတ်ပိုင်းဆိုင်ရာပါ ဆင်းရဲသည်ဟု အထင်ခံရလျှင် ရခိုင်လူမျိုးတို့အတွက် နစ်နာလှသည်။ မည်သို့ဖြစ်စေ ယနေ့ခေတ် ရခိုင်လူမျိုးတို့၏ ပကတိ အမှန်တရားမှာ ပညာတတ် နည်းပါးပြီး အလုပ်သမား လူတန်းစားသာ များပြားနေခြင်းပင် ဖြစ်သည်။ ရှေးယခင်ခေတ်များမှာလို ပညာရှိ မပေါများ။ ကမ္ဘာ့အဆင့်မီ ပညာရှင်တွေ မရှိသလောက် ရှားလာသည်။ ဒီအတိုင်း ဆက်သွားလျှင် ပညာတတ် ရခိုင်ဟူ၍ ညွှန်ပြစရာ မရှိသည့်အဖြစ်သို့ ရောက်သွားနိုင်သည်။ ထို့ကြောင့် ရခိုင်လူမျိုးတို့၏ အနာဂတ်ကား ရင်လေးစရာ ဖြစ်နေသည်။ ထို့ပြင် စားဝတ်နေရေး ပြဿနာအတွက် နိုင်ငံတကာမှာ သွားရောက်လုပ်ကိုင်ရင်း ဇာတိ ရခိုင်ပြည်ကို မြတ်နိုးသည့် စိတ်ဓာတ်များ လျော့ပါးသွားနိုင်သေးသည်။ သို့ဆိုလျှင် ရခိုင်ပြည်နယ်ကို သာယာလှပအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းမည့် စဉ်းစား တွေးခေါ်မှုများလည်း တဖြည်းဖြည်း ဆိတ်သုဉ်းသွားပေလိမ့်မည်။ အခွင့်အလမ်းနှင့် စိန်ခေါ်မှု ရခိုင်ပြည်နယ်တွင် ပထဝီ အနေအထားအရ အားသာချက်ရော၊ အားနည်းချက်ပါ ရှိနေသည်။ အားသာချက်မှာ ရခိုင်ကမ်းလွန်မှ သဘာဝဓာတ်ငွေ့ ထွက်နေခြင်းနှင့် ကျောက်ဖြူကဲ့သို့ ရေနက်ဆိပ်ကမ်း တည်ဆောက်နိုင်သည့် ပထဝီ အနေအထားရှိနေခြင်း ဖြစ်သည်။ သဘာဝတရားမှ ပေးသော လက်ဆောင်များဖြင့် ရခိုင်ပြည်ကို စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်သည်။ တပြိုင်နက်တည်းတွင် စိန်ခေါ်မှုများလည်း ရှိနေသည်။ လူဦးရေ သန်း ၁၆၀ ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်မြေထိစပ်နေခြင်းမှာ ရခိုင်ပြည်နယ်အတွက် ကြီးမားသော စိန်ခေါ်မှုတရပ် ဖြစ်ပါသည်။ အနောက်ဘက်ခြမ်းဒေသများ၏ ရာသီဥတု ဆိုးရွားမှု၊ ဆင်းရဲမွဲတေမှုနှင့် ထိုလူဦးရေ ပေါက်ကွဲမှုများကို မျှဝေယူရမည့် အနေအထား ဖြစ်လာခြင်းမှာ ဆင်းရဲမွန်းကျပ်သော ရခိုင်ပြည်နယ်အတွက် ဘူးလေးရာ ဖရုံဆင့်သကဲ့သို့ ဖြစ်နေသည်။ အဆိုးဆုံးမှာ ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာစကား မတူခြင်းပင် ဖြစ်သည်။ ထိုကွဲပြားမှုတို့က ပဋိပက္ခအတွက် စနက်တံများ ဖြစ်နေပြန်သည်။ ရခိုင်ကမ်းလွန်မှ ထွက်နေသည့် သယံဇာတများသည် လက်ရှိအချိန်တွင်  မြောက်ဘက်အရပ်ရှိ အိမ်နီးချင်းနိုင်ငံတခု၏ အသက်သွေးကြော ဖြစ်လာသည်။ ထို့အတူ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည်လည်း ထိုနိုင်ငံကြီးအတွက် မဟာဗျူဟာမြောက်သော ထွက်ပေါက်တခု ဖြစ်လာသည်။ ရခိုင်ပြည်နယ်အတွက် အခွင့်အရေးဟုလည်း ခေါ်နိုင်သလို စိန်ခေါ်ချက်များဟုလည်း ဆိုနိုင်သည်။ မည်သို့ဖြစ်စေ စီမံခန့်ခွဲမှု လွဲမှားယွင်းသွားခဲ့ပါလျှင် ခြိမ်းခြောက်မှုများသာ ဖြစ်သွားပေလိမ့်မည်။ ရခိုင်လူမျိုးများအနေနှင့် ရခိုင်ပြည်နယ်၏ အနာဂတ်ကို လှပအောင် ဖန်တီးနိုင်ရန်အတွက်  စီမံခန့်ခွဲမှု အတတ်ပညာများ လိုအပ်နေပါသည်။ ဥပဒေ၊ နည်းဥပဒေများကို ကျွမ်းကျင်ရန် လိုအပ်နေပါသည်။ လူမျိုးချစ်စိတ်နှင့်အတူ ပညာချစ်စိတ် ပြင်းထန်ရန် လိုအပ်နေပါသည်။ စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကို အခွင့်အလမ်းများ အဖြစ်ကို ပြောင်းပစ်နိုင်ရန်အတွက် တဦးချင်းက ပညာတတ်များ ဖြစ်ရန် ဆောလျင်စွာ လိုအပ်နေပါသည်။ ပညာအနိမ့်အမြင့်နှင့် လူမျိုးအဆင့်အတန်း ၂၀၁၄ သန်းခေါင်စာရင်း ရခိုင်ပြည်နယ်တွင် ကျောင်းသားဦးရေမှာ ၄ သိန်းကျော်သာ ရှိပြီး ကျောင်း လုံးဝမနေဘူးသူ ဦးရေမှာ ၂ သန်း ၉ သိန်းခန့် ရှိနေသည်။ ကျောင်းတက်ဖူးသော်လည်း လက်ရှိအချိန်တွင် စာသင်ကြားနိုင်ခြင်း မရှိသူ ဦးရေ ၁ သန်း ၂ သိန်းခန့် ရှိနေသည့်အတွက် တကယ်တမ်း ကျောင်းတက်နိုင်သူ ရာခိုင်နှုန်းမှာ လူဦးရေ၏ ၂၂ ရာခိုင်နှုန်းသာ ရှိကြောင်း ဖော်ပြထားသည်။ အနာဂတ်ရခိုင်တွင် ပညာတတ်ရှားပါးမည့် အခြေအနေကို ယင်းကိန်းဂဏန်းက ပြနေသည်။ ထို့ကြောင့် လက်ရှိအနေအထားသည် ဆုတ်ယုတ်မှုဘက်ကို သွားနေသည်ဟုပင် ဆိုနိုင်သည်။ ယင်းသို့ ဆုတ်ယုတ်မှုဘက်သို့ ဦးတည်နေခြင်းကို မပြောင်းလဲနိုင်ပါက ရခိုင့်နောင်ရေးသည် ဝေဝါးမှေးမှိန်နေပေလိမ့်မည်။ သယံဇာတပေါသည့်တိုင်  ပညာမရှိပါက ကုန်ကြမ်းရောင်းစားသည့်အဆင့်က တက်မည်မဟုတ်။ နိုင်ငံတကာနှင့် ရင်ပေါင်တန်းရန် မဆိုထားနှင့်၊ ကိုယ့်ပြည်နယ်ကိုယ် အုပ်ချုပ်ရမည်ဆိုလျှင်ပင် လူသားအရင်းအမြစ် နည်းပါးခြင်း ပြဿနာနှင့် ရင်ဆိုင်ရလိမ့်မည်။ ယင်းမှာ ကြီးမားသော ပြဿနာတခု ဖြစ်သည်။ ယင်းပြဿနာကို မည်သို့ဖြေရှင်းရမည် ဆိုသည်ကိုလည်း အရေးတကြီး စဉ်းစားရန် လိုအပ်ပါသည်။  ရခိုင်ပြည်နယ်၏ အနာဂတ်ကို လှပစွာ ပုံဖော်နိုင်ရန် ဆိုပါက  ရခိုင်လူမျိုးများ ပညာတတ်ရန် လိုအပ်ပါသည်။ ကိန်းဂဏန်းဖြင့် ဖော်ပြရန် ခက်ခဲသော်လည်း ယနေ့ခေတ် ရခိုင်ပြည်နယ်တွင် ပညာမဲ့ အလုပ်သမားတွေသာ အများအပြား ဖြစ်နေသည်။ အသိပညာ၊ အတတ်ပညာ တိုးပွားရေး လုံလောက်သည့် အားပေးမှုမျိုးကို မရရှိခဲ့ခြင်းမှာ အကြောင်းရင်းတခု ဖြစ်သော်လည်း မှားယွင်းခဲ့သောသမိုင်းကို သင်ခန်းစာယူရုံမှတပါး အခြားမရှိပါ။ စင်စစ် ရခိုင်လူမျိုးများသည် အခြားသူများထက် ညံ့ဖျင်းနေခြင်းကြောင့် ယခုကဲ့သို့ ဆင်းရဲနေခြင်းမဟုတ်။ ပညာမဲ့နေရခြင်းမဟုတ်။ အခွင့်အရေး ရမည်ဆိုလျှင် ကမ္ဘာ့ပညာရှင်အဆင့်အထိ တက်ရောက်လာနိုင်ခဲ့သည့် ရခိုင်များ ရှိခဲ့ပါသည်။ မကြာသေးခင်က ကမ္ဘာ့ထိပ်တန်း နာနိုသိပ္ပံပညာရှင် ၁၀၀ ဦးတွင် စာရင်းသွင်းခြင်း ခံခဲ့ရသော ဒေါက်တာစောဝေလှမှာ ရခိုင်လူမျိုး ဖြစ်သည်။ သို့ဖြစ်စေ လက်ရှိတွင် ရခိုင်အများစုမှာ ဆင်းရဲသော ပညာမဲ့များသာ ဖြစ်နေသည်။ ဆင်းရဲခြင်းကို ကြောက်စရာကောင်းသည်ဟု မြင်တတ်ကြသော်လည်း ပညာမဲ့ခြင်းက ပို၍ ကြောက်စရာကောင်းသည်ကို သတိမပြုမိသကဲ့သို့ ဖြစ်နေသည်။ ပညာမဲ့ခြင်းက အဆင်ခြင်မဲ့စေလိမ့်မည်။ အမှား၊ အမှန် မခွဲခြားတတ်အောင် လုပ်ပေးပါလိမ့်မည်။ သူတပါး သွေးထိုးရာနောက်ကို ပါသွားစေလိမ့်မည်။ ကိုယ့်ကြမ္မာ ကိုယ် မဖန်တီးနိုင်သော ဘဝကို ရောက်သွားစေလိမ့်မည်။ အမုန်းတရားတို့၏ လွှမ်းမိုးမှုကို ခံရမည်။ အကြမ်းဖက် ဖြေရှင်းနည်းထဲသို့ ကျသွားစေသည်။ ပဋိပက္ခသံသရာထဲမှာ တဝဲလည်လည် ဖြစ်ရလိမ့်မည်။ ရခိုင်လူမျိုးများသည် မိမိတို့ ဆင်းရဲနိမ့်ပါးရခြင်းအပေါ် မှန်မှန်ကန်ကန် သုံးသပ်ရန် လိုပါသည်။ ဆင်းရဲရခြင်း၏ တကယ့်အကြောင်းရင်းမှန်ကို သိမှ ဆင်းရဲခြင်းက လွတ်ကင်းမည်။ နာကြည်းချက်များဖြင့် အမုန်းပွားနေပြီး အကြမ်းဖက် တုံ့ပြန်မှုဖြင့်သာ အချိန်ကုန်နေမည် ဆိုပါက ပြဿနာ ပိုကြီးထွားလာဖို့သာ ရှိသည်။ ဆင်းရဲတွင်းမှသည် ငရဲတွင်းသို့ ထပ်ဆင်းရခြင်းမျိုး ဖြစ်သွားပါလိမ့်မည်။ အကြမ်းဖက်မှုများ၊ စစ်ပွဲများဖြင့် ကမ္ဘာကျော်နေသော ပါလက်စတိုင်းဒေသမျိုး မဖြစ်သွားရန် သတိထားရပေမည်။ ဘုံဘေဘားမားကုမ္ပဏီ သစ်ခိုးသည်ကို မဖြေရှင်းတတ်သောကြောင့် မြန်မာပြည် သူ့ကျွန်ဘဝ ရောက်ခဲ့ရသည့်အဖြစ်ကို မမေ့ဖို့ လိုပါသည်။ လူမျိုးတိုးတက်ရေးအတွက် လူမည်း သင်ခန်းစာ အမေရိကန် ဥပမာကို ပြဆိုချင်ပါသည်။ အမေရိကန်နိုင်ငံတွင် ကျေးကျွန်အဆင့်ဖြင့်  ရောင်းချခံရသည့် လူများမှတဆင့် ဆင်းသက်လာခဲ့သည့် လူမည်းများသည် လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ၏ ဟိုဘက်ကာလတွင် အနှိမ်ခံများသာ ဖြစ်ကြသည်။ ကား၊ ရထားပေါ်မှာပင် လူဖြူကို လူမည်း နေရာဖယ်ပေးရသည်။ လူမည်းများကို လူဖြူများရှိသည့် နေရာသို့ပင် သွားခွင့်မပြုကြ။ လူမည်းများနှင့် ထိုက်တန်သည်ဟု သတ်မှတ်သည့်နေရာမှာ လယ်ယာလုပ်ငန်းခွင်နှင့် စက်ရုံများသာ ဖြစ်သည်။ ထိုနေရာများတွင် ကျေးကျွန်သဖွယ် အလုပ်လုပ်ရသည်။ အနှိပ်စက်ခံရသည်။ နီဂရိုးများ၊ အောက်တန်းစားများ၊ ကျေးကျွန်များဟု နှိမ်ချပြောဆိုခြင်း ခံကြရသည်။ သို့နှင့် လူမည်းများသည် လူဖြူများအပေါ် နာကြည်းခဲ့ကြသည်။ တချို့က အကြမ်းဖက်ရန် ဆုံးဖြတ်ခဲ့ကြသည်။ အကြမ်းဖက်မှုများလည်း ရှိခဲ့သည်။ သို့သော် လူမည်း ခေါင်းဆောင်တချို့က အကြမ်းဖက်ခြင်းကြောင့် လူမည်းများ၏ ဘဝသည် ပြောင်းလဲ တိုးတက်မည်မဟုတ်ဟု မြင်ခဲ့ကြသည်။ ထိုခေါင်းဆောင်များထဲတွင် ဘွတ်ကာ တီ ဝါရှင်တန် (Booker T. Washinton) ပါဝင်သည်။ “ငါတို့ လူမည်းတွေ အနှိမ်ခံရတာ အသားမည်းတာကြောင့် မဟုတ်ဘူး၊ ပညာမတတ်လို့ အနှိမ်ခံရတာ။ ပညာတတ်လာတဲ့ တနေ့မှာ တန်းတူရည်တူ ဆက်ဆံလာလိမ့်မယ်၊ နေရာတွေ ပေးလာလိမ့်မယ်” ဆိုသည့် သြဝါဒဖြင့် ဦးဆောင်မှုပေးခဲ့သော ဘွတ်ကာ တီ ဝါရှင်တန်၏ အမြော်အမြင်ကြီးမှုသည် လူမည်းများအတွက် အကျပ်အတည်းများမှ လွတ်မြောက်ရေးလမ်းညွှန် ဖြစ်ခဲ့သည်။ ဘွတ်ကာ တီ ဝါရှင်တန်သည် သူကိုယ်တိုင် ကျောင်းများထောင်ခဲ့သူ ဖြစ်သည်။ အလားတူပင် နီဂရိုး နောင်ရေး (The Future of American Negro) ဆိုသည့် စာအုပ်ကို ရေးသားခဲ့သည်။ လူမည်းများသည် သူ၏ လမ်းညွှန်ချက်အတိုင်း ကြိုးစားခဲ့ကြသည်။ နှစ်ပေါင်း တရာလောက် ပညာကို ဇောင်းပေး ကြိုးစားခဲ့ကြသည်။ အစပိုင်းမှာ ကိုယ်ကာယပိုင်း ကြံ့ခိုင်မှုကြောင့် အားကစားတွေ ထူးချွန်လာသည်။ နောက်ပိုင်း အားကစားသာမက အနုပညာတွင်ပါ ထူးချွန်လာသည်။ ဥပမာ- မိုက်ကယ်ဂျက်ဆင် ရေးသားသော We are the world တေးသီချင်းကို တမ္ဘာလုံးက လိုက်ဆိုခဲ့ရသည်။ နောက်ပိုင်းတွင် နိုင်ငံရေးပညာရပ်များတွင် ထူးချွန်လာသည်။ ဥပဒေရေးရာ ကျွမ်းကျင်ပညာရှင်များ ပေါ်ထွန်းလာသည်။ အလားတူ သိပ္ပံပညာရပ်တွင်ပါ ထူးချွန်လာကြသည်။ အချိန်ကာလတခုကို ကျော်ဖြတ်ပြီးချိန်တွင် ထိုကြိုးစားမှု၊ သည်းခံတတ်မှု၏ အသီးအပွင့်ကို လူမည်းများ ခံစားခဲ့ရပြီ ဖြစ်သည်။ ထိုမှန်ကန်သည့်အမြင်နှင့် ကြိုးစားအားထုတ်မှုကြောင့်ပင် တချိန်က လူမည်းအမျိုးအနွယ်မှ ဆင်းသက်လာခဲ့သည့်  ဘာရက် အိုဘားမား သမ္မတဖြစ်လာတဲ့အထိ အောင်မြင်လာခဲ့သည်။ နာကြည်းခံစားပြီး တုံ့ပြန်နေရုံနှင့် မပြီး။ အမုန်းတရားဖြင့်လည်း လူမျိုး၏ အဆင့်အတန်းကို မတိုးမြှင့်နိုင်၊ ပညာမြင့်မှသာ လူမျိုးတင့်နိုင်ကြောင်း လူမည်းတို့က သင်ခန်းစာပေးခဲ့ပါသည်။ ပညာခေတ်အတွက် ရခိုင်မျိုးဆက်သစ်တို့ တာဝန် ရခိုင်လူမျိုးများ၏ ဆုတ်ယုတ်ကျဆင်းနေရသည့် အဓိကအကြောင်းရင်းသည်  အများက နှိမ်နေသောကြောင့် မဟုတ်ပေ။ ကိုယ်ပိုင်အရည်အချင်းကို တည်ဆောက်နိုင်ခြင်း မရှိသောကြောင့်သာ ဆုတ်ယုတ်ကျဆင်းနေရသည်ဟု အမှန်မြင်ရန် လိုပါသည်။ ပညာမတတ်သောကြောင့်သာ နိမ့်ကျနေခြင်း ဖြစ်သည်ဟု ကောက်ချက်ချရန် လိုသည်။ ရခိုင်ပြည်နယ်တွင် ပညာမထွန်းကားသရွေ့ ရခိုင်တွေ ဆင်းရဲတွင်းနက်နေဦးမည် ဖြစ်သကဲ့သို့  ရခိုင်ဒေသသည်လည်း ပဋိပက္ခများအတွက် ဘူမိနက်သန် ဖြစ်နေပါလိမ့်မည်။ ထို့ကြောင့် ရခိုင်လူမျိုးများ၏ ဘဝတိုးတက်ရေးအတွက် အသိပညာ မြင့်မားမှုသည် အဓိကဖြစ်ပါသည်။ အသိပညာ မြင့်မားလာလျှင် ပြဿနာ တော်တော်များများ ဖယ်ရှားပြီးသား ဖြစ်သွားပေလိမ့်မည်။ မိမိတို့ပိုင်နက်ကို တိုင်းတပါးက ဝင်ရောက်စော်ကားခဲ့လျှင် ရခိုင်လူမျိုးတို့က တွန်းလှန်ရပေမည်။ ယင်းအချက်မှာ သံသယဖြစ်စရာ မလိုပါ။ သို့သော် ရခိုင်လူမျိုးများ အဆင့်အတန်း မြင့်မားဖို့ဆိုလျှင် ပညာတတ်ဖြစ်အောင် ကြိုးစားရန်မှတပါး အခြားမရှိပါ။ ယနေ့ခေတ်သည် ပညာကို တောင်းဆိုသောခေတ် ဖြစ်သည်။ စီးပွားရေးလုပ်မည် ဆိုလျှင်လည်း စီးပွားရေးပညာတတ်ရန် လိုပါသည်။ သိပ္ပံပညာရှင် ဖြစ်ချင်လျှင်လည်း  သိပံ္ပပညာတတ်ဖို့ လိုပါသည်။ ထို့အတူ တိုင်းပြည်အုပ်ချုပ်မည် ဆိုလျှင်လည်း အုပ်ချုပ်သည့် ပညာတတ်ရန် လိုပါသည်။ အုပ်ချုပ်မှုပညာကို မတတ်ကျွမ်းသောသူများ အုပ်ချုပ်ခဲ့သည့်အတွက် ရခိုင်ပြည်နယ် တခုတည်းသာ မဟုတ်။ တတိုင်းပြည်လုံး ဆင်းရဲမွဲတေခဲ့ရပြီးပေပြီ။ အာဏာရှိရုံနှင့် တိုင်းပြည်တိုးတက်အောင် လုပ်နိုင်ခဲ့မည်ဆိုလျှင် ဘုရင်စနစ် ကျဆုံးစရာ မရှိပါ။ သို့ဖြစ်ရာ ရခိုင်လူမျိုးများ မည်မျှပင် ဆင်းရဲသည် မှန်စေကာမူ အသိပညာတွင်သာ ရင်းနှီးမြှုပ်နှံရမည်ဆိုသော အသိကို စွဲမြဲနေဖို့ လိုပါသည်။ လက်ရှိအချိန်သည် ပညာခေတ်အတွင်းသို့ ဝင်ရန် အခွင့်အလမ်းကောင်းများ ရှိနေပါသည်။  ကြိုးစားဖို့သာ လိုပါသည်။ ယခင်ခေတ်လို တံခါးပိတ်ထားသောခေတ်မျိုး မဟုတ်တော့။ ယနေ့မျိုးဆက်သစ်တို့၏ တာဝန်သည် ရခိုင်ကိုချစ်ဖို့၊ ရခိုင်ရဲ့အနာဂတ်ကို ဖန်တီးဖို့ တာဝန်ရှိဟု ယူဆပါက ပညာကို မည်သည့်အတိုင်းအတာအထိ တတ်အောင် လုပ်မည်နည်း ဆိုသည့် မေးခွန်းကိုလည်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးရန် လိုအပ်လိမ့်မည်။ ရခိုင်ဒေသကို အသိပညာဖြင့် ပြန်လည်တည်ဆောက်မည်ဆိုသည့် စဉ်းစားတွေးခေါ်မှု ရှိသည်ဆိုပါက ရခိုင်တွင် အနာဂတ် ရှိနေပေဦးမည်။ ရခိုင်လူမျိုးများ အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်လာပါက ရခိုင်ပြည်နယ်က   သဘာဝသယံဇာတများကို “မင်းတို့နဲ့ မထိုက်တန်ပါဘူး” ဆိုပြီး ဗိုလ်ကျရယူမှုများလည်း နည်းသွားပါလိမ့်မည်။ တန်းတူရည်တူ ဆက်ဆံရေးများ ရှိလာပေလိမ့်မည်။ လေးလေးစားစား နေရာပေးလာလိမ့်မည်။ သယံဇာတပေါများကြွယ်ဝသော ရခိုင်ပြည်နယ်၊ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျသော ရခိုင်ပြည်နယ်၊ ကမ္ဘာပေါ်တွင် သဘာဝပတ်ဝန်းကျင် အလှပဆုံး ဒေသတခုအဖြစ် စာရင်းဝင်သော ရခိုင်ပြည်နယ်ကို ပညာတတ် လူငယ်များကသာ ထိန်းသိမ်းစောင့်ရှောက်ခွင့်ရပါမည်။ တိုးတက်အောင် ဦးဆောင်နိုင်ပေလိမ့်မည်။ ထို့ကြောင့် ရခိုင်မျိုးချစ်များအနေနှင့် ပညာကို မြတ်နိုးရန် လိုပေသည်။ ထို့ကြောင့် ရခိုင့်နောင်ရေးအတွက် မည်သို့လုပ်ကြမည်နည်းဟု မေးလျှင်… ရခိုင်လူမျိုးများ ပညာတတ်ဖြစ်အောင် လုပ်ကြရမည်ဟူသော  စကားတခွန်းတည်းသာ ပြောရန်ရှိပါသည်။       ။ ယမင်းမြတ်အေး
3 years Ago
Up