ရခိုင့်သယံဇာတ

April 2, 2017

ရခိုင့်သယံဇာတ ခွဲဝေသုံးစွဲခွင့်ရရှိရေး ကြိုးပမ်းမည်ဟု ဒေါက်တာအေးမောင် ပြော

ရခိုင်ပြည်မှ ထွက်တဲ့ သယံဇာတတွေ ခွဲဝေသုံးစွဲခွင့်ရရှိရေး ကြိုးပမ်းသွားမယ်လို့ အနိုင်ရလွှတ်တော်အမတ် ဒေါက်တာအေးမောင်က ကတိပြုပြောဆိုလိုက်ပါတယ်။ ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် အမ်းမြို့နယ်ကော်မရုံးမှာ သတင်းထောက်တွေအမေးကို ဒေါက်တာ အေးမောင်က အခုလိုပြန်လည်ဖြေဆိုခဲ့တာပါ။ “ရခိုင်ပြည်နယ်ထွက် သယံဇာတတွေ အကျိုးခံစားခွင့်ပြန်လည်ရရှိဖို့ ပါလီမာန်အတွင်းမှာ တိုက်ပွဲဝင်သွားမယ်။ ဘယ်လောက်များ တိုင်းရင်းဒေသတွေမှာ သယံဇာတတွေကို ယူသွားပြီလဲ။ တိုင်းရင်းဒေသတွေကို ပြန်လည်တည်ဆောက်ဖို့ ဘယ်လောက်များပေးလို့လဲ။ မျှတရဲ့လား။ ဒါတွေလုပ်ဖို့ ပါလီမာန်ပြည်ထောင်စုက အရေးကြီးလာပြီ။” ဒါ့အပြင် aဒါက်တာတာအေးမောင်က တမိုင်လောက်ရှိတဲ့ လမ်းတလမ်းကို လက်ဖြန့်တောင်းနေရုံနဲ့ လွှတ်တော်အမတ် တာဝန်မကျေဘူးလို့ဆိုပါတယ်။ “လွှတ်တော်အမတ်တဦးရဲ့ တာဝန်လုပ်ပိုင်ခွင့် အားလုံးသဘောပေါက်ပါတယ်။ လက်ရှိပါလီမာန်မှာ လွတ်တော်အမတ်တွေဘာတွေလုပ်နေလဲ။ တမိုင်လောက်ရှိတဲ့လမ်းတလမ်းကို လက်ဖြန့်တောင်းနေရုံနဲ့ လွတ်တော် အမတ်တာဝန်မကျေဘူး။ ကျောင်းတကျောင်းဖြစ်ဖို့ လွှတ်တော် အမတ်လုပ်တာ မဟုတ်ဘူး။လမ်းတမ်းဖြစ်လာဖို့ လွှတ်တော်အမတ်လုပ်တာမဟုတ်ဘူး။ ကျနော်တို့ ပြည်နယ်တခုလုံး ဒုက္ခဘယ်လောက်ခံနေရသလဲ။ ကျနော်တို့ ပြည်နယ်ကနေ ယူသွားတဲ့ သယံဇာတတွေ ဘယ်လောက်လဲ၊ ဘယ်နှပုံများ ကျနော်တို့တို့ကို ပေးလဲ။ ၁၀၀ ရာခိုင်းနှုန်းဆို ကျန်ာတို့ကို ၁ ရာခိုင်နှုန်းပေးလား။” အခုအရွေးချယ်ခံခဲ့ရတဲ့အတွက် အမ်းတမြို့နယ်သာမက ရခိုင်ပြည်နယ်အတွက် အစွမ်းကြိုပမ်းသွားမယ်လို့ ဒေါက်တာ အေးမောင်က ပြောဆိုပါတယ်။ အမ်းမြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီအေအန်ပီက မဲရလဒ် ၂၁၇၉၄ ရရှိခဲ့ပြီး ကြံ့ခိုင်ပါတီက ၁၁၅၄၅ မဲ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၉၀၈၈ မဲ၊ တသီးပုဂ္ဂိုလ်လ ၁၈၇၇ မဲရရှိခဲ့တာပါ။ ရခိုင်ပြည်နယ် အမ်မြို့နယ်မှာ မဲရုံပေါင်း ရပ်ကွက် ၁၃၇ ခု၊ ကျေးရွာ အုပ်စု ၂၉ အုပ်စု မဲရုံတွေထဲမှာ တပ်တွင်း မဲရုံ ၁၄ ရုံ ပါဝင်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၇၅၈၀၀ ကျော်ရှိပါတယ်။ ဒေါက်တာအေးမောင်ဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြည်နယ်မဲဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့ပါတယ်။
5 years Ago

November 21, 2016

ရခိုင့်သယံဇာတကို ရခိုင်စီမံပိုင်ခွင့်ရရှိရေး ခရီးရှည်လမ်းလျှောက်ဆန္ဒပြ

ရခိုင်ပြည်နယ်ကထွက်တဲ့ သယံဇာတတွေကို ရခိုင်တို့ စီမံပိုင်ခွင့်ရရှိရေးအတွက် စစ်တွေမြို့ကနေ ကျောက်ဖြူမြို့အထိ မိုင်ပေါင်း ၃၉၀ ကျော် ခရီးကို လမ်းလျှောက် ချီတက် ဆန္ဒ ဖော်ထုတ်ပွဲကို ဒီကနေ့ စတင်ပြုလုပ်ပါတယ်။ အဲဒီလမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်က ဦးဆောင်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်တွေ လူမှုအဖွဲ့အစည်း ၁၁ ဖွဲ့က ပူးပေါင်းပါဝင်ကြတာပါ။ ရခိုင်ပြည်နယ်မှ ထွက်ရှိလာတဲ့ သယံဇာတတွေကို ဒေသခံပြည်သူလူတွေက တစုံတရာ ခံစားခွင့်မရှိဘဲ သစ်တောနဲ့ သယံဇာတတွေလည်း ကုန်သလောက်ဖြစ်နေပြီလို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် ဦးဆောင်ကော်မတီ ကိုထွန်းကြည်က ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ ရခိုင်ပြည်နယ်က ထွက်တဲ့ သံယံဇာတအားလုံးကို ရခိုင်လူမျိုး ပိုင်ဆိုင်ဖို့၊ ရခိုင်လူမျိုး စီမံပိုင်ခွင့်ရရှိဖို့ အဓိက တောင်းဆိုတာပါ။ အခုဆိုရင် ရခိုင်ပြည်နယ် သစ်တောနဲ့ သယံဇာတလည်း ကုန်သလောက်ဖြစ်နေပြီး တခြားရေသယံဇာတဆိုရင်လည်း အများကြီး ရှိနေတယ်။ ဒါပေမယ့် ရခိုင်ပြည်သူတွေ တစုံတရာ ခံစားခွင့်မရှိဘူး။ လက်ရှိ ထုတ်ယူသုံးစွဲနေတဲ့ ရွှေဂတ်စ်စီမံကိန်းလည်း ရှိတယ်။ တောင်ကုတ်မှာဆိုရင် မာဘယ်ကျောက် စီမံကိန်း ရှိတယ်။ အဲဒီလို စီမံကိန်းအများကြီး ထုတ်ယူနိုင်ပါလျက်နဲ့ ရခိုင်ပြည်သူတွေ အကျိုးစီးပွားအတွက် ဘာမှမရှိဘူး။ အဲဒါကြောင့်မို့လို့ ရခိုင်ပြည်မှာရှိတဲ့ ရခိုင့်သယံဇာအားလုံးကို ပိုင်ဆိုင်ခွင့်ရရှိဖို့ ကျနော်တို့ကိုယ်တိုင် စီမံပိုင်ခွင့်ရရှိဖို့အတွက် ကျနော်တို့ တောင်းဆိုကြတာပါ။” ရခိုင်လူထု ဆန္ဒတစုံတရာမပါဘဲ လုပ်နေတဲ့ စီမံကိန်းတွေကို အလိုမရှိဘူးလို့ ရခိုင့်သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် ပြောရေးဆိုခွင့်ရှိသူ ဒေါ်ညိုအေးက ဒီဗွီဘီကို ပြောပါတယ်။ “ရခိုင်ပြည်နယ်က ထွက်လာတဲ့ သယံဇာတတွေကို ရခိုင်ပြည်သူလူထု ခံစားခွင့်မရှိတဲ့အပြင် လယ်ယာမြေတွေနဲ့ ပတ်သက်လို့ အချေအတင် ဖြစ်လာကြတယ်။ ရခိုင်ပြည်နယ်က ထွက်လာတဲ့ သယံဇာတကို ရခိုင်တွေ စီမံပိုင်ခွင့်ရစေချင်တယ်။ အခုဟာက ဒေသခံ လူထုတွေ လေးစားမှုမရှိတော့ဘူး။ အဲဒီတော့ ရခိုင်လူထုဆန္ဒတစုံတရာမပါဘဲ လုပ်နေတဲ့စီမံကိန်းတွေကို အလိုမရှိဘူး။ ဒါကြောင့် အခုရက်ရှည်ခရီးကို အဖွဲ့အစည်း ၁၁ ဖွဲ့က လူထုတွေနဲ့ လုပ်တာဖြစ်ပါတယ်။” ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ရေထု လေထုကို အစိုးရက ပိုင်တယ်ဆိုတဲ့ ဥပဒေပုဒ်မ ၃၇ နဲ့ပတ်သက်လို့ ပြောင်းလဲပေးဖို့ ပြည်ထောင်စုအစိုးရနဲ့ လွှတ်တော်ကို တောင်းဆိုသွား မယ်လို့လည်း ဒေါ်ညိုအေးက ပြောပါတယ်။ ဒီကနေ့ ခရီးရှည်လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲကို စစ်တွေမြို့၊ ဝင်္ကာဘာကွင်း ကနေ စတင်လိုက်ဖြစ်ပြီး အဲဒီကနေတဆင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊မအီ၊ ရမ်းဗြဲ၊ စနဲ့၊ ကျောက်ဖြူ စတဲ့မြို့တွေကို ချီတက်လမ်းလျှောက်မှာ ဖြစ်ပါတယ်။ လမ်းလျှောက်ဆန္ဒထုတ်ပွဲနဲ့အတူ မြို့နယ်တိုင်းမှာ ဟောပြောပွဲတွေ ပြုလုပ်မှာဖြစ်ပြီး၊ နိုဝင်ဘာ ၂၇ ရက်နေ့ ကျောက်ဖြူမှာ ခရီးရှည်အဆုံးသတ်မှာ ဖြစ်ပါတယ်။ သတင်း - ဝဏ္ဏခွာညို
5 years Ago
Up