ရခိုင်မြောက်ပိုင်းကိစ္စ ဖြေရှင်းရာတွင် အကြမ်းမဖက်ရန် ကေအန်ယူတိုက်တွန်း

October 17, 2017

ရခိုင်မြောက်ပိုင်းကိစ္စ ဖြေရှင်းရာတွင် အကြမ်းမဖက်ရန် ကေအန်ယူတိုက်တွန်း

ရခိုင်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပြဿနာတွေ ဖြေရှင်းရာမှာ နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိပြီး အကြမ်းမဖက်တဲ့ နည်းလမ်းကိုသုံးဖို့ အစိုးရနဲ့ တပ်မတော်ကို ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) က တိုက်တွန်းလိုက်ပါတယ်။ ပဋိပက္ခကို ကိုင်တွယ်တဲ့ အစိုးရနဲ့ တပ်မတော်တို့ရဲ့ နည်းနာတွေဟာ ပဏာမ အပစ်ရပ် လက်မှတ် မထိုးခင်အထိ ကေအန်ယူကြုံတွေ့ခဲ့ရတဲ့ ဖြတ်လေးဖြတ်စီမံချက် စစ်ဆင်ရေးတွေ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသူတွေကို ပြန်အမှတ်ရစေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီလိုဆောင်ရွက်ခဲ့တာတွေကြောင့် ထိုင်းနယ်စပ်နဲ့ ပြည်တွင်းမှာ နေရပ်စွန့်ခွာသူ ၃ သိန်းခွဲကျော် ရှိတယ်လို့လည်း ဆိုပါတယ်။ တနိုင်ငံလုံးအပစ်ရပ် သဘောတူစာချုပ် လက်မှတ်ရေးထိုးတဲ့ ၂ နှစ်ပြည့်အဖြစ် ထုတ်ပြန်တာဖြစ်ပြီး အခုလို ကြုံတွေ့ရတဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် စိုးရိမ်တယ် လို့လည်း ဖော်ပြထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေနဲ့သာဆိုရင် ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ရခိုင်မြောက်ပိုင်းပြဿနာကို အဖြေရှာနိုင်မှာ မဟုတ်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင်လုပ်ပြီး အခြေခံဥပဒေ ပြင်ဆင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဒါ့အပြင် အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေအတွက် အစိုးရနဲ့ တပ်မတော်တို့က ဖြေလျှော့ပေးဖို့လိုတယ်လို့လည်း ဆိုပါတယ်။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကလည်း အန်စီအေကို ဖြေလျှော့ မပေးဘူးဆိုရင် လက်မှတ်ထိုးဖို့ ကြန့်ကြာနိုင်တဲ့အပြင် သဘောတူပြီးသားတွေ နောက်ကြောင်း ပြန်လှည့်သွားနိုင်တယ်လို့ ပြောဆိုထားပါတယ်။
3 years Ago
Up