ရခိုင်အရေး မြန်မာအစိုးရ ဆောင်ရွက်မှုများကို

June 24, 2019

ရခိုင်အရေး မြန်မာအစိုးရ၏ ကြိုးပမ်းမှုများကို ထောက်ခံအားပေးဟု အာဆီယံ ကြေညာ

ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ဆက်လက် ထောက်ခံအားပေးသွားမယ်လို့  အာဆီယံက ကြေညာလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇွန်လ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ကျင်းပတဲ့  (၃၄) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး မနေ့က ထုတ်ပြန်တဲ့ အာဆီယံဥက္ကဋ္ဌရဲ့ ကြေညာချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ အဆိုပါ ကြေညာချက်ထဲမှာ အာဆီယံ ဆန်းစစ်လေ့လာရေး အဖွဲ့ရဲ့ အစီရင်ခံစာပါ အဓိက အကြံပြုချက် (၃)ရပ်ဖြစ်တဲ့ ပြန်လည်လက်ခံရေးစခန်းနဲ့ ကြားစခန်းတို့ရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ နေရပ်ပြန်လာသူတွေအတွက် မြန်မာအစိုးရရဲ့ ပြင်ဆင်ဆောင်ရွက် ထားရှိမှုဆိုင်ရာ သတင်းအချက်အလက်တွေ ဖြန့်ဝေမှု ပိုမိုအားကောင်းစေရေးနဲ့ အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးရာမှာ ကူညီပံ့ပိုးရေး စသည်တို့ကို အာဆီယံအတွင်းရေးမှူးချုပ် အနေနဲ့ အကောင်အထည်ဖော် သွားစေဖို့ သဘောတူညီတယ်လို့ ဖော်ပြထားပါတယ်။ ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ကိစ္စတွေကို မြန်မာအစိုးရကဖွဲ့စည်းဆောင်ရွက်နေတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ ဘက်မလိုက်ဘဲ လွတ်လပ်စွာ ဆောင်ရွက်ပြီး တာဝန်ယူတာဝန်ခံမှုရှိအောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒ့ါအပြင် ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်း အားလုံးရဲ့ ဘေးကင်းလုံခြုံရေးအတွက် လုံခြုံရေးအစီအမံတွေကို အတတ်နိုင်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်ဖို့ မြန်မာအစိုးရဲ့ ကတိကဝတ်ပြုတာကို ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ လူ့အဖွဲ့အစည်းတွေအကြား သဟဇာတဖြစ်ရေးနဲ့  ပြန်လည် သင့်မြတ်ရေးတို့အတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေကို ဆက်လက် ထောက်ခံ အားပေးကြောင်းလည်း ဖော်ပြထားပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရခိုင်အရေးကိစ္စ အာဆီယံရဲ့ အပြုသဘော ဆောင်ရွက်တဲ့အပေါ် ကျေးဇူးတင်တဲ့အကြောင်းနဲ့ ကူညီပံ့ပိုးမှုတွေကို ကြိုဆိုတယ်လို့ ပြောသွားပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အာဆီယံဆန်းစစ်လေ့လာရေးအဖွဲ့ အနေနဲ့ ရခိုင် ပြည်နယ် အရေးကိစ္စဖြေရှင်းရေးအပေါ် လက်တွေ့ကျပြီး အပြုသဘောဖြင့် ချဉ်းကပ်ဆောင်ရွက်တဲ့ အတွက် အာဆီယံအတွင်းရေးမှူးချုပ်နဲ့ AHA Centre တို့အား ကျေးဇူးတင်ရှိကြောင်း၊ လိုအပ်ချက်တွေ  ပဏာမဆန်းစစ်လေ့လာရေး အဖွဲ့ရဲ့ အစီရင်ခံစာဟာ အပြုသဘောဆောင် ကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုတွေကို ကြိုဆိုကြောင်းနဲ့ ဒီပြဿနာ ချောမွေ့ လျင်မြန်စွာ ဖြေရှင်းရေးကို မိမိတို့လောက် လိုလားတဲ့နိုင်ငံ ရှိမှာမဟုတ်ကြောင်းလည်း ပြောသွားပါတယ်။ အာဆီယံနိုင်ငံ ခေါင်းဆောင်ကလည်း ရခိုင်ပြည်နယ်အရေးကိစ္စဟာ သိမ်မွေ့ရှုပ်ထွေး ကြောင်း၊ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်အတွက် ပြင်ဆင်ဆောင်ရွက် ရမယ့်  လုပ်ငန်းပမာဏ များစွာကြီးမားလို့ အာဆီယံက တိုးမြှင့်ကူညီပံ့ပိုးရန် လိုအပ်ကြောင်း၊ ပြန်လည် ဝင်ရောက်လာသူတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရန် လိုအပ်ကြောင်းနဲ့ ပဏာမဆန်းစစ်လေ့လာရေးအဖွဲ့ရဲ့ အကြံပြုချက်တွေ အကောင်အထည်ဖော်ရာ မှာ အချိန်ဇယားသတ်မှတ်ရေးကို ထည့်သွင်းစဉ်းစားရန် အရေးကြီးကြောင်း တိုက်တွန်းပြောသွား ပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ဟာ အာဆီယံ ထိပ်သီးအစည်းအဝေးအပြီး ဇွန်လ ၂၃ ရက်ညက ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ နေပြည်တော်ကို ပြန်လည်ရောက်ရှိလာပါတယ်။ ဓာတ်ပုံ-State Counsellor
2 years Ago

December 15, 2017

ရခိုင်အရေး မြန်မာအစိုးရ ဆောင်ရွက်မှုများကို ထောက်ခံကူညီမည်ဟု ဂျပန်ဝန်ကြီးချုပ်ပြော

ရခိုင်ပြည်နယ်အရေးကိစ္စ  မြန်မာအစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်နေမှုတွေကို ဂျပန်နိုင်ငံက ထောက်ခံအသိအမှတ်ပြုပြီး အကူအညီတွေ ပေးသွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောပါတယ်။ ဂျပန်နိုင်ငံမှာ ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်ကို မနေ့ ညပိုင်းက တိုကျိုမြို့ရှိ ဝန်ကြီးချုပ်ရုံးမှာ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အခမ်းအနားနဲ့ ဂုဏ်ပြုကြိုဆိုပြီးနောက် နှစ်နိုင်ငံခေါင်းဆောင်တွေ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။ ဂျပန်ဝန်ကြီးချုပ်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ ပြုပြင်ပြောင်းလဲရေး၊ စီးပွားရေး တိုးတက်အောင်မြင်စေရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်စေဖို့အတွက် ဆက်လက် ပူးပေါင်းကူညီ ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံက ကူညီမယ့် ဂျပန်ယန်းငွေ ၈ဝဝ ဘီလီယံနဲ့ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း၊ အခြေခံအဆောက်အအုံ၊ ပို့ဆောင်ရေးနဲ့ လျှပ်စစ်ဓာတ်အား ကဏ္ဍတို့မှာ အဓိကထား ပူးပေါင်းဆောင်ရွက်သွားမယ်၊ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း လမ်းတံတားတွေ ဆောက်လုပ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ စာသင်ကျောင်းတွေ ဆောက်လုပ်ရေးတို့ကို အကူအညီပေးသွားမယ်လို့လည်း ပြောပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ မြန်မာသမ္မတ ဦးထင်ကျော်ကတော့ ဂျပန်အစိုးရနဲ့ ဂျပန်ပြည်သူတွေရဲ့ မြန်မာနိုင်ငံအပေါ် စိတ်စေတနာကောင်းတွေ ထားရှိမှု၊ လူမှုရေး၊ စီးပွားရေး ကဏ္ဍပေါင်းစုံမှာ မြန်မာနိုင်ငံ တိုးတက်ရေးအတွက် ပေးအပ်နေတဲ့ အကူအညီတွေအတွက် မြန်မာအစိုးရနဲ့ ပြည်သူတွေ ကိုယ်စားအထူးကျေးဇူးတင်ကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံဒီမိုကရေစီကြိုးပမ်းမှုသမိုင်းနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကဏ္ဍမှာ အရေးပါတဲ့ မိတ်ဆွေနိုင်ငံဖြစ်တယ်လို ပြောကြားခဲ့ပါတယ်။ မြန်မာသမ္မတနဲ့ ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့ ဦးဆောင်ကျင်းပတဲ့  ဂျပန်-မြန်မာ ထိပ်သီး အစည်းအဝေးမှာတော့ နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရေး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနဲ့  မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဂျပန်နိုင်ငံအနေနဲ့ ဆက်လက်အကူအညီပေးရေး ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။   ဒါ့အပြင်  မြန်မာ့ဒီမိုကရေစီရေးနဲ့ မြန်မာနိုင်ငံရဲ့ Universal Health Coverage အားလုံးလွှမ်းခြုံ ကျန်းမာရေးအစီအစဉ် ရည်မှန်းချက် အကောင်အထည်ဖော်ရေးအတွက် ဂျပန်နိုင်ငံမှ ကူညီသွားရေး၊ ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ရန်ကုန်မြို့တွင် ဂျပန်ယဉ်ကျေးမှုစင်တာ တည်ထောင်ရေးကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။   မြန်မာနိုင်ငံမှာ ဂျပန်လုပ်ငန်းရှင်များ ပိုမိုလာရောက်လုပ်ကိုင်ဖို့နဲ့ ဝန်ကြီးချုပ် မစ္စတာအာဘေးအနေနဲ့  မြန်မာနိုင်ငံကို နှစ်ဖက် အဆင်ပြေတဲ့အချိန်မှာ လာရောက်ဖို့လည်း မြန်မာသမ္မတက ဖိတ်ကြားခဲ့ပါတယ်။ မြန်မာသမ္မတ ဦးထင်ကျော်နဲ့ ဒေါ်စုစုလွင်တို့ ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဂျပန်နိုင်ငံမှာ ဒီဇင်ဘာ ၁၃ ရက်နေ့ကတည်းက ရောက်ရှိနေတာဖြစ်ပြီး ၅ ရက်ကြာ ချစ်ကြည်ရေး ခရီးစဉ်အတွင်း တိုကျိုမှာ ကျင်းပတဲ့  နိုင်ငံတကာကျန်းမာရေးဖိုရမ် UHC အဆင့်မြင့် ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဓာတ်ပုံ - ဂျပန်ဝန်ကြီးချုပ်ရုံး သတင်းထုတ်ပြန်ရေးဌာန
4 years Ago
Up