ရခိုင်လွတ်မြောက်ရေးပါတီကို နယ်လုံဝန်ကြီးခေါ်ယူသတိပေး

May 10, 2016

ရခိုင်လွတ်မြောက်ရေးပါတီ တာဝန်ရှိသူတဦးကို နိုင်ငံတော်အသရေဖျက်မှုဖြင့် တရားစွဲ

အစိုးရနဲ့ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ချုပ်ထားတဲ့ ရခိုင်လွတ်မြောက်ပါတီ(ALP) လက်နက်ကိုင် အဖွဲ့က  ပြန်ကြားရေးတာဝန်ခံတဦးကို နိုင်ငံတော်အသရေဖျက်မှုနဲ့  မြန်မာတပ်မတော်က တရားစွဲဆိုလိုက်ပါတယ်။ စစ်တွေအခြေစိုက် ဒကစ ဌာနချုပ်မှ စစ်ဦးစီးပထမတန်း ဒုဗိုလ်မှူးကြီး တင်နိုင်ထွန်းက မေ ၅ ရက်က စစ်တွေမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး  တရားစွဲဆိုခဲ့တာလို့  တရားစွဲခံရတဲ့ ကာယကံရှင်  ALP ပြန်ကြားရေး ဒုတာဝန်ခံ ခိုင်မျိုးထွန်းက ဒီဗွီဘီကိုပြောပါတယ်။ “ကျနော်ကို ၅ ရက်နေ့က ဒကစ လက်အောက်ခံ ဗိုလ်မှူးနှင့် ဒုဗိုလ်မှူးအဆင့်ရှိတဲ့ သူနှစ်ယောက်က ဖုန်းဆက်လာပါတယ်။ သူတို့က ပြောတယ်။ ကျနော်တို့က ပြုပြင်ပြောင်းလဲမှုကို လိုချင်တဲ့ စစ်တပ်ကအရာရှိတွေ ဖြစ်ကြတယ်။ ခင်ဗျားကိုစစ်တပ်က လျှို့ဝှက်ပြီးဖမ်းဖို့ လုပ်နေတယ်။ ကျနော်က ဘာလို့ဖမ်းမှာလဲလို့ သူတို့ကိုမေးတော့။ နိုင်ငံတော် အသရေဖျက်မှု၊ မမှန်မကန် စွပ်စွဲမှု ပုဒ်မ ၅၀၅ (ခ)နဲ့တရားစွဲပြီး ဖမ်းမယ်လို့ပြောပါတယ်။ အခုထိ ကျနော်ကိုဖမ်းဖို့ လိုက်ရှာနေတယ်။ သူတို့က ပြောတယ်။ ခင်ဗျားဖက်က ဘယ်လောက်ပဲ သက်သေ အထောက်အထား ဗွီဒီယိုဖိုင်တွေ၊ ဓာတ်ပုံတွေပြပြခင်ဗျားကို ချက်ချင်းဖမ်းမယ်လို့ ပြောလာ တယ်။” ရခိုင်ပြည်နယ်အတွင်း မြန်မာတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်အကြားပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် မြန်မာတပ်မတော်က ဒေသခံပြည်သူတွေအပေါ် ပေါ်တာဆွဲတာ အပါအ၀င် စောင့်ထိမ်းရမယ့် နိုင်ငံတကာ ဥကပဒေတွေကို ချိုးဖောက်ခဲ့ တယ်ဆိုပြီး ရခိုင်ပြည်လွှတ်မြောက်ရေးပါတီက ဧပြီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး၊ ရခိုင်ပြည်နယ်  နယ်စပ်ရေးရာ ၀န်ကြီး ဦးထိန်လင်းနဲ့ ရဲမှူးကြီး စိန်လွင်တို့အဖွဲ့တွေက  ALP တာဝန်ရှိသူ တွေကို  ဧပြီ ၂၇ ရက်နေ့က ခေါ်ယူသတိပေးခဲ့ပြီး အထောက်အထားတွေတင်ပြဖို့နဲ့ မခိုင်လုံရင် တရားစွဲမယ်လို့ ပြောထားတာဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ဘက်က ပြည်သူတွေအပေါ် ပေါ်တာဆွဲမှုနဲ့ပတ်သက်ပြီး စုစည်းထားတဲ့ သက်သေ အထောက်အထားတွေကို တပ်ဘက်ကတာဝန်ရှိသူတွေထံ ဧပြီ ၃၀ ရက်နေ့က ပေးအပ်ခဲ့ပေမယ့် အဲ့ဒီအထောက်ထားတွေဟာ ခိုင်လုံမှုမရှိဘူးလို့ တပ်ဖက်ကတုံ့ပြန်ထားပြီး၊ နိုင်ငံတော် အသရေဖျက်မှု၊ မမှန်မကန်စွပ်စွဲမှုနဲ့ ပြီးခဲ့တဲ့ မေ ၅ ရက်နေ့ တပ်မတော်ဖက်က ဒုဗိုလ်မှူး အဆင့်ရှိသူတဦးက တရားလိုပြုပြီး တရားစွဲဆိုခဲ့တာပါ။ ALP အနေနဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ ပေးထားပြီးဖြစ်တယ်လို့ ပြန်ကြားရေး ဒုတာဝန်ခံ ခိုင်မျိုးထွန်းက ပြောပါတယ်။ "ကျနော်ဖက်က ဗွီဒီယိုဖိုင် သက်သေ အထောက်အထားတွေ အကုန်ရှိထားတယ်။ နောက်ပြီး သူတို့ကိုလည်း ပေးထားပြီးပြီ။ ဒီထက်အထောက်အထားခိုင်လုံတာ ဘာမှ မရှိတော့ဘူး။ ကျနော်တို့ဘက်က သူတို့ဖက်ကို ပြောထားတာရှိတယ်။ သက်မှတ်ထားတဲ့နေ့ရက်အချိန်မှာ မြန်မာတပ်မတော်ဖက်က မတရား လုပ်ရပ်တွေကို အရေးမယူဘူး မဖမ်းဆီးဘူးဆိုရင် ကျနော်တို့ အများပြည်သူသိအောင် သတင်းစာရှင်းလင်းပွဲ လုပ်ပြီးချပြသွားမယ်လို့ ပြောထားတာရှိတယ်။ ဒါကိုသူတို့ဖက်က အားလုံး ပေါ်သွားမှာကြောက်လို့ ကျနော်ကို လိုက်ဖမ်းနေတာဖြစ်တယ်။” ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ကို ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းကာ သီးခြားလွတ်လပ်ရေး အတွက် လက်နက်ကိုင်တိုက်နေတာဖြစ်ပြီး ၂၀၁၂  ဧပြီ ၆ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၅ အောက်တိုဘာ ၁၅ ရက်မှာတော့ ALP အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၈ ဖွဲ့နဲ့ အစိုးရအကြား တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (အန်စီအေ)ကို  နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ သတင်း - ၀ဏ္ဏခွာညို
6 years Ago

April 28, 2016

ရခိုင်လွတ်မြောက်ရေးပါတီကို နယ်လုံဝန်ကြီးခေါ်ယူသတိပေး

တပ်မတော်အပေါ် စွပ်စွဲထုတ်ပြန်ခဲ့တာတွေနဲ့ပတ်သက်ပြီး မှန်ကန်တိကျခိုင်လုံမှုမရှိပါက ဖမ်းဆီးအမှုဖွင့် အရေးယူမယ်လို့ ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီးက ရခိုင်လွတ်မြောက်ရေးပါတီ(ALP) တာဝန်ရှိ သူတွေကို ခေါ်ယူသတိပေးလိုက်ပါတယ်။ ရခိုင်ပြည်နယ်ထဲ လက်တလောဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ပြည်သူတွေ ပေါ်တာဆွဲခံ ရတာ၊ နေအိမ် တွေအဓမ္မပြောင်းရွေ့ခံရတာ၊ စစ်သုံ့ပန်းတွေကို ရိုင်းရိုင်းစိုင်းစိုင်း သတ်ဖြတ်၊ ဓားစာခံအဖြစ်စစ်မြေမှာ အသုံးချခံရတာတွေကို ရခိုင်လွတ်မြောက်ပါတီက မျက်ဝါးထင်ထင် သိမြင်ကြားနေရတယ်လို့ ဧပြီ ၂၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားတာပါ။ ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ ရခိုင်လွတ်မြောက်ရေးပါတီက ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူး ခိုင်ရဲလင်း၊ စည်းရုံးရေးနှင့် ပြန်ကြားရေးဒုဥက္ကဋ္ဌ ခိုင်မျိုးထွန်းနဲ့ ရဲဘော်ခိုင်အောင်လင်းတို့ကို ရခိုင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဦးထိန်လင်းနဲ့ ရဲမှူးကြီးစိန်လွင်တို့က ဧပြီ ၂၇ ရက် နေ့လယ် ၂ နာရီက ရခိုင်ပြည်နယ် စစ်တွေမြို့ဝန်ကြီးဌာနရုံးကို ခေါ်ယူပြီး သတိပေးမှု ပြုလုပ်ခဲ့တယ်လို့ ALP ပြန်ကြားရေးဌာန ဒု ဥက္ကဋ္ဌ ခိုင်မျိုးထွန်းက ဒီဗွီဘီကိုပြောပါတယ်။ “နယ်စပ်ရေးရာ ၀န်ကြီး ဦးထိန်လင်းနဲ့ ရဲမှူးကြီး စိန်လွင်တို့အဖွဲ့တွေက အရေးပေါ် ဆွေးနွေးစရာ ရှိလို့ဆိုပြီး ရုံးကိုလာခဲ့ပါလို့ သူတို့ကိုယ်တိုင် ခေါ်တယ်။ ခင်ဗျားဖက်က စစ်ပွဲနဲ့ပတ်သက်လို့ ၂၄ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သလားလို့ အရင်စမေးတယ်။ ကျနော်က ဟုတ်တယ်လို့ ဖြေတယ်။ သူက ပြောတယ် ဒီကြေညာချက်တွေက ပြင်းပြင်းထန်ထန် ဖြစ်နေ တယ်။ မင်းတို့မှာ အပြစ်ရှိတယ်။ ဒီသတင်းက ဘယ်လောက်ထိခိုင်လုံမှုရှိလဲ။ ခင်ဗျားတို့ဘက်က သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ရှိရမယ်။ ခင်ဗျားတို့ထုတ်ပြန်ထားတဲ့ ကြေညာချက် အတိုင်း စစ်တပ်ကို စွပ်စွဲထားတဲ့ဟာတွေကို ချက်ချင်းတင်ပြရမယ်လို့ပြောတယ်။ တကယ်လို့ ခိုင်လုံမှု မရှိဘူး၊ မပြနိုင်ဘူးဆိုရင် ခင်ဗျားတို့ကို အရင်ဆုံး ဖမ်းဆီးပြီး အရေးယူရမယ်လို့ နယ်စပ်ရေးရာဝန်ကြီး ဦးထိန်လင်းပြောတယ်။” ဒ့ါအပြင် ဒီကြေညာချက်မှာပါတဲ့ စွပ်စွဲချက်တွေကို အထောက်အထားခိုင်ခိုင်လုံလုံနဲ့ ဒီလ ၂၉ ရက်နေ့ နောက်ဆုံးထားတင်ပြပေးဖို့နဲ့ သတ်ဖြတ်ခံထားရတဲ့ သက်သေအထောက်အထားကို ပေးဖို့ ၂ ပတ်တိတိ အချိန်ပေးထားတယ်လို့လည်း ခိုင်မျိုးထွန်းက ဆက်လက်ပြောပါတယ်။ “ကျနော်တို့ဖက်က ခိုင်လုံတိကျမှုရှိလို့ ဒီလိုကြေညာချက်ကို ထုတ်ပြန်တာပါ။ ဘယ်ရွာကဘယ် နှယောက် လမ်းပြအဖြစ်စစ်တပ်က ပေါ်တာဆွဲသွားတယ်။ ဘယ်နှယောက်ကတော့ ပြန်ရောက် တယ်။ စာရင်းဇယားတွေ ရှိပါတယ်။ ကျနော်တယောက်တည်း သဘောထားနဲ့ ထုတ်ပြန်တာ မဟုတ်ဘူး။ ရခိုင်လွတ်မြောက်ပါတီရဲ့ ဗဟိုကော်မတီဝင်များရဲ့ဆုံးဖြတ်ချက်နဲ့ ထုတ်ပြန်တာပါလို့ ပြန်ပြောပါတယ်။ ကျနော်တို့ဖက်က အချက်အလက်တွေနဲ့ ဖြစ်စဉ်တွေအကုန်ချပြမယ်။ ဗိုလ်မှူးတို့ ရဲဘော်တွေရဲ့ လုပ်ရပ်တွေကို ချက်ချင်းအရေးယူမလားလို့ မေးတဲ့အခါ။ အချိန်ပေးရမယ်။ အရေးယူပေးမယ်လို့ သူတို့ဖက်က ပြောပါတယ်။” မနေ့က တွေ့ဆုံသတိပေး ပြောဆိုရာမှာ နယ်လုံဝန်ကြီး ဦးထိန်လင်း၊ ရဲမှူးကြီးစိန်လွင် အပါအ၀င် စစ်တပ်က အရာရှိတချို့လည်းပါဝင်တယ်လို့ သိရပါတယ်။ ရခိုင်လွတ်မြောက်ရေးပါတီရဲ့ကြေညာချက်မှာ မြန်မာစစ်တပ်ဟာ ဂျနီဗာသဘောတူညီချက်တွေ အပါအ၀င် နိုင်ငံတကာဥပဒေတွေ၊ နိုင်ငံတကာစစ်ရေးဥပဒေတွေနဲ့ စစ်ရာဇ၀တ်မှုတွေကို အတိအလင်း ချိုးဖောက်လိုက်တယ်လို့ လည်း စွပ်စွဲဖော်ပြထားပါတယ်။ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဟာ ၁၉၆၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး သီးခြား လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်နေတာဖြစ်ပြီး ၂၀၁၂ ခုဧပြီ ၆ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့မှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးထားပါတယ်။ (သတင်း - ၀ဏ္ဏခွာညို)
6 years Ago
Up