ရခိုင့်တပ်တော်အေအေ

June 9, 2021

လွတ်မြောက်လာသည့် အေအေစစ်ဦးစီးချုပ်၏ ညီနှင့် ညီမ အပါအဝင် ၁ဝ ဦးကို စစ်တွေလေဆိပ်တွင် ကြိုဆို

ပြန်လည်လွတ်မြောက်လာတဲ့ ရက္ခိုင့်တပ်တော် (အေအေ)၊ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ထွန်းမြတ်နိုင်ရဲ့ ညီဖြစ်သူ ကိုအောင်မြတ်ကျော်နဲ့  ညီမ မယမင်းမြတ်(ခ)မမိုးနှင်းဖြူ အပါအဝင် ၁၀ ယောက်ဟာ ဇွန်လ ၉ ရက်၊ ဒီနေ့ညနေ  ၅ နာရီကျော်က  ရန်ကုန်မှ စစ်တွေသို့ လေကြောင်းခရီးနဲ့ ပြန်ရောက်လာရာ စစ်တွေလေဆိပ်မှာ ဒေသခံတွေ အများအပြား လာရောက်ကြိုဆိုခဲ့ကြပါတယ်။

အေအေစစ်ဦးစီးချုပ်ရဲ့ညီ ကိုအောင်မြတ်ကျော်၊ ညီမ မယမင်းမြတ်(ခ)မမိုးနှင်းဖြူ၊ ရခိုင်အသင်း (စင်ကာပူ)ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုကျော်နိုင်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊ ကိုဟိန်းဇော်၊ ကိုမောင်ပန် (ခ) ကိုထွန်းအေးနဲ့ ကိုရွှေလှိုင်သန်းတို့ ၁၀ ဦးဟာ အေအေနဲ့ ပတ်သက်တယ်ဆိုပြီး ၂ဝ၁၉ ခုနှစ်က စင်ကာပူက အပြန် ရန်ကုန်မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

ဖမ်းဆီးခံထားရပြီး  ၂ နှစ်လောက်အကြာ  ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံးက  ဒီနေ့ ဇွန်လ ၉ ရက်မှာ အမှုကနေ တရားသေလွှတ်ပေးလို့ ပြန်လွတ်မြောက်လာတာဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ကို  နေ့ချင်းပြန်လာခဲ့ကြတာ ဖြစ်ပါတယ်။

Photo - Kaung Mrat Naing / MPA

5 months Ago

May 16, 2020

အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးခံထားရသူ ၆ ဦးကို စွဲချက်မတင်မီ ပြန်လွှတ်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် ကျောက်တန်းဖြစ်စဉ်နဲ့ပတ်သက်လို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးအမှုဖွင့်ခံထားရတဲ့ ရခိုင်လူငယ် ၆ ဦးကို မေ ၁၅ ရက်နေ့က စစ်တွေခရိုင် တရားရုံးကနေ စွဲချက်မတင်မီ ပြန်လွှတ်ပေးလိုက်ပါတယ်။ စစ်တွေခရိုင်တရားရုံးက လွှတ်ပေးလိုက်တဲ့သူတွေကတော့ ကိုမောင်မောင်လှိုင်၊ ကိုညီညီထွေး၊ ကိုထွန်းမြတ်နိုင်၊ ကိုဦးမြင့်ထွန်း၊ ကိုစိုးဝင်းကျော်နဲ့ ကိုမောင်ငြိမ်းရွှေတို့ ဖြစ်ကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လအတွင်းက ဖမ်းဆီးခံခဲ့ရတဲ့ ကျောက်တန်းကျေးရွာသား ၈ ဦးကို ရက္ခိုင့်တပ်တော်အေအေနဲ့ ဆက်စပ်တယ်ဆိုပြီး တပ်မတော်က တရားလိုပြုလုပ်ကာ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (က)၊ ၅၂ (က) တို့နဲ့ တရားစွဲဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အမှုကို လိုက်ပါဆောင်ရွက်နေပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးစောလှိုင်က “သူတို့ စွပ်စွဲထားတဲ့ ပြစ်မှုနဲ့ စွဲချက်တင်နိုင်လောက်တဲ့ ငြိစွန်းချက်တွေ မရှိဘူး။ အဲ့ဒါကြောင့် စွဲချက်မတင်မိ တရားရှင်လွှတ်လိုက်တာ ဖြစ်တယ်” လို့ ပြောပါတယ်။ ကျောက်တန်းအမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဖမ်းဆီးတရားစွဲဆိုထားသူ ၈ ယောက်ရှိပြီး အဲ့ဒီ ၈ ယောက်ထဲမှာ ၆ ယောက်ကို စွဲချက်မတင်မီပြန်လွှတ်ပေးလိုက်ကာ ကျန် ၂ ဦးကတော့ မောင်နေလင်းထွန်း (အသက် ၁၅) နဲ့ မောင်းသိန်းအေးမောင် အသက် ၁၇ နှစ်တို့ဖြစ်ပြီး အသက်မပြည့်သေးလို့ ကလေးသူငယ်ဥပဒေအရ စစ်တွေမြို့နယ်တရားရုံးမှာ အပြင်ကနေ တရားရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ ကိုမောင်ငြိမ်းရွှေရဲ့ မိခင်ဖြစ်သူ ဒေါ်ရီရီမိုးက “ဒီလိုဖြစ်နေတာထဲမှာ ပြည်သူတွေကြား မနစ်နာစေချင်ဘူ။ ပြည်သူတွေကို အေအေလို့ စွပ်စွဲပြီးတော့ ဖမ်းဆီးတာတွေမလုပ်ဖို့ ရက်စက်တာတွေ မလုပ်ဖို့ လိုတယ်” လို့ ပြောပါတယ်။ ကျောက်တန်းဖြစ်စဉ်မှာ ဖမ်းဆီးခံရသူတွေကို နောက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်တာတွေ ရှိခဲ့တယ်လို့ ပြန်လွတ်လာသူတွေက တရားရုံးအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။  ပြီးခဲ့တဲ့နှစ် ဧပြီလက ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာမှာ ရွာသား ၂၇၅ ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ခဲ့တာကြောင့် လူ ၆ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
1 year Ago
Up