ရက်ကန်းနှင့်သက်မွေးပညာသိပ္ပံ

January 11, 2020

မြန်မာမှု ရိုးရာချိတ်ကို မူပိုင်ခွင့်ရရှိန် ကြိုးစားနေ

ရိုးရာရက်ကန်းထည် တမျိုးဖြစ်တဲ့ မြန်မာမှု ရိုးရာပိုးချည်ထည် ချိတ်အဆင်ဒီဇိုင်းတွေကို မြန်မာ့ရိုးရာ အဝတ်အထည်တခုအဖြစ် မူပိုင်ခွင့်ရရှိဖို့ ကြိုးစားနေတယ်လို့ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ပြောပါတယ်။ ကနဦး ချိတ်လုံချည်ဒီဇိုင်းတွေဟာ ၁၆ ရာစု ညောင်ရမ်းခေတ် ကာလလောက်ကတည်းက မြန်မာနိုင်ငံမှာ ပေါ်ထွန်းခဲ့တာဖြစ်ပြီး ဒီနေ့အချိန်မှာတော့ တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံကနေလည်း ချိတ်အဆင်တွေ ဝင်ရောက်နေတာ ဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က “မူပိုင်ခွင့်ကတော့ အဓိက ကြိုးပမ်းဆောင်ရွက်နေတာကတော့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ယခင်ကတော့ပေါ့နော်။ အခုကတော့ ပညာရေးဝန်ကြီးဌာနပေါ့နော်။ အဲဒီမှာရှိတဲ့ သိပ္ပံနှင့်နည်းပညာကနေ အဓိကဦးဆောင်ပြီးတော့ ကြိုးပမ်းဆောင်ရွက်နေတာပေါ့နော်။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ကဏ္ဍတွေမှာ ပူးပေါင်းပြီးတော့ ပါဝင်တာ ရှိတာပေါ့နော်၊ အချိတ်ဆိုလည်း ကျနော်တို့က တိတိကျကျဆိုတာ မဟုတ်ဘဲနဲ့ သတင်းတွေပေါ်မှာပဲ အခြေခံပြီးတော့ ပြောတာပေါ့နော်။ ဒီအချိတ်ကို ယိုးဒယားက သူတို့ရဲ့ မူပိုင်ခွင့်ဆိုတာ လုပ်ဖို့ ကြိုးပမ်းနေတယ်ဆိုတာ၊ အဲဒါကြောင့်မို့လို့ ကျနော်တို့ကလည်း ဒီအချိတ်က ကျနော်တို့ရဲ့ မြန်မာရဲ့ဟာဖြစ်တယ်ဆိုတာကို ဖော်ထုတ်ဖို့ ကြိုးပမ်းနေတာပေါ့နော်၊ အဲဒီအခါမှာ ပြတဲ့ခါမှာ ကျနော်တို့ ဆောင်းဒါးရဲ့ ဒီဘက်ဘေးမှာရှိတဲ့ ပြတိုက်ကြီးကို ဖြစ်လာဖို့ ကြိုးပမ်းတယ်ပေါ့၊ အဲဒီမှာ ခေတ်အဆက်ဆက် ကျနော်တို့ မြန်မာတွေ ဝတ်ဆင်ခဲ့တဲ့ဟာတွေကို ပြရင်းနဲ့ပဲ ဒီအချိတ်တွေက ကျနော်တို့ရဲ့ မြန်မာမှု ဆိုတာကို ဖော်‌ထုတ်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်”လို့ ပြောပါတယ်။ ရိုးရာချိတ်ကို မြန်မာ့ရိုးရာ မူပိုင်ပစ္စည်းတခုအနေနဲ့ ထင်ရှားလာအောင် ပြုလုပ်ဖို့ဆိုပါက ဘဏ္ဍာငွေအခက်အခဲတင်မက အခြားသော အခက်အခဲပေါင်းစုံလည်း ရှိနေတယ်လို့ ဆိုပါတယ်။ “အခက်အခဲက ကျနော်တို့ ပြောရမယ်ဆိုရင်တော့ ဘဏ္ဍာငွေရရှိမှု၊ နောက်တခုက နည်းပညာ ဆိုလည်း သူတို့ရဲ့ ပြတိုက်ဆိုတဲ့ဟာမျိုး၊ ဒါကတော့ ကျနော်တို့ ပြတိုက်ဆိုတဲ့ပေါ်မှာ မူတည် ပြီးတော့ အခက်အခဲကို ပြောတာပါ။ ကျန်တဲ့အခက်အခဲကတော့ အများကြီး ရှိပါတယ်။ ကျနော်တို့ နိုင်ငံမှာ မူပိုင်ခွင့်ဆိုတာဖြစ်တည်လာဖို့ ဆိုတာ အရမ်းကို ခက်ခဲတဲ့ အနေအထားမှာ ရှိပါတယ်။ အဲ့ဒါကြောင့်မို့လို့ အခက်အခဲဆိုတာ ဒါ တနိုင်ငံလုံးနဲ့ ယှဉ်တဲ့ အခက်အခဲပဲ ဖြစ်လာမယ် ထင်ပါတယ်”လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က ပြောပါတယ်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်မှာ ဆောင်းဒါး ရက်ကန်းနှင့် သက်မွေးပညာသိပ္ပံအပြင် ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းတွေ ဖွင့်လှစ်ပေးထားပြီး ရက်ကန်းကျောင်းဆင်းတွေအတွက် ၅၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းအထိ အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိအောင် ဖန်တီးပေးနေတယ်လို့ သိရပါတယ်။  ကချင်ပြည်နယ် မြစ်ကြီးနား၊ ကယားပြည်နယ် လွိုင်ကော်၊ ကရင်ပြည်နယ် ဘားအံ၊ မွန်ပြည်နယ် မုဒုံ၊ ရခိုင်ပြည်နယ် စစ်တွေ၊ ချင်းပြည်နယ်မှာ မင်းတပ်နဲ့ ဖလမ်း၊ရှမ်းပြည်နယ်မှာ တောင်ကြီးနဲ့ ကျောက်မဲ၊ မန္တလေးတိုင်းမှာ မိတ္ထီလာ စတဲ့ မြို့တွေအပါအဝင် တနိုင်ငံလုံးမှာ ရက်ကန်းကျောင်း ၁၃ ကျောင်း ဖွင့်လှစ်ထားတယ်တယ်လို့ သိရပါတယ်။ ထိန်ထိန်လင်း
2 years Ago
Up